မောင်တောတွင် ရာအိမ်မှူးတဦး အသတ်ခံရ
DVB
·
November 19, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ အသက် ၄၀ ကျော်အရွယ် ရာအိမ်မှူး အမျိုးသားတဦး အသတ်ခံခဲ့ရတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေ ရာအိမ်မှုး ဂျာမာလ် (၄၂) နှစ်ဟာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက တောင်ရွာနေ ဟာဘီအုလ္လာရဲ့ နေအိမ်ကို ညနေစာစားဖို့ ဖိတ်ကြားထားလို့ သွားရောက်ပြီးနောက် နေအိမ်ကိုပြန်ရောက်မလာတော့ဘဲ အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ည ၇ နာရီခွဲလောက်မှာ မိသားစုဝင်တွေက လိုက်လံရှာဖွေရာမှာ တောင်ရွာနဲ့ အနောက်ရွာကြား လယ်ကွင်းနဲ့ ပုစွန်ကန် အစပ်နေရာမှာ ဂျာမာလ်ဟာ လည်ပင်း ဓားလှီးဒဏ်ရာ၊ ဦးခေါင်းဓားခုတ်ဒဏ်ရာ၊ ရင်အုံ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။
လူသတ်မှုကျူးလွန်သူဟု ယူဆရတဲ့ ဟာဘီအုလ္လာကို ဖမ်းဆီးထားပြီး မကျီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့သိရပါတယ်။