မောင်တောတွင် မဟုတ်မမှန်သတင်းလွှင့်သူအပါဝင် မသင်္ကာသူ ၇ ဦး ထပ်ဖမ်း
DVB
·
November 12, 2016
မောင်တောမြို့နယ်အတွင်း လူမှုကွန်ရက်အပေါ် မဟုတ်မမှန် သတင်းလွှင့်သူ ၁ ဦး အပါအ၀င် မသင်္ကာသူ လူ ၇ ဦးကို ဖမ်းမိတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘဂုံးနားကျေးရွာက ရော်ဟီးမူလာ (ဘ)နော်ဇီရာမောက်နဲ့ ညီဖြစ်သူ အာမာန်အူလာ တို့ဟာ ဖေ့ဘုတ်အကောင့် Ma Swe Zin အမည်သုံးပြီး နိုင်ငံတော်နှင့်တပ်မတော်အပေါ် အကြည်အညိုပျက်စေမယ့် မဟုတ်မမှန် သတင်းလွှင့်ခဲ့တဲ့အတွက် မနေ့ညနေပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် နတ်မြစ်အတွင်း လောင်းလှေတစီးပေါ်က မာမွတ်ရှော်ရှိ ဆိုသူ ၁ ဦး၊ လှဖိုးခေါင်ကျေးရွာက မော်စတာရ် (ဘ)အဒူရော်ရိတ် ဆိုသူ ၁ ဦး၊ ခမောင်းဆိပ်ကျေးရွာက ဒီမိုဟာမက်၊ မော်လဝီဆော်ပီဟာလောင်၊ မာမတ်အာလောင် ဆိုသူတို့ကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေပါတယ်။
ဖမ်းမိထားတဲ့ မသင်္ကာသူတွေကို တရားဥပဒေအရ စစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရေး မောင်တောမြို့မရဲစခန်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်) နဲ့ ခမောင်းဆိပ်ရဲစခန်းတွေကို စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။