မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကာချုပ်နှင့် တရုတ်လုံခြုံရေးဝန်ကြီး ဆွေးနွေး
DVB
·
September 27, 2016
မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်၊ ဖြန့်ဖြူးလုပ်ငန်းတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးနဲ့ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် မြန်မာတပ်မတော်အကြီးအကဲနဲ့ တရုတ်လုံခြုံရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာဂိုရှန်ကွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တဲ့ အခြေအနေတွေကို ရှင်းလင်းပြောခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဘက်ကလည်း တရုတ်နိုင်ငံ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေး၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ လူကုန်ကူးမှု တားဆီးကာကွယ် လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနယ်စပ်ဒေသရှိ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ တရားမ၀င် စီးပွားရေးလုပ်ငန်းတွေကို တားဆီးကာကွယ်ရေး၊ နှစ်နိုင်ငံ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် သတင်းဖလှယ်ရယူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။