မိုင်းဖြတ် ခရီးသည်တင်ယာဉ်တစီး ချောက်ထဲကျ၊ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
September 16, 2016
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ထဲမှာ ဒီကနေ့မနက်က ခရီးသည်တင်ကား တစီး ချောက်ထဲထိုးကျသွားပြီး ပျောက်ဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ယာဉ်အမှတ် 3G- ၆၄၆၄ ရွှေရေကန်ခရီးသည်တင်ကားဟာ ကျိုင်းတုံမှ တာချီလိတ်သို့ ဒီကနေ့ မနက် ၈ နာရီက ထွက်ခွာသွားပြီး မနက် ၁၀ နာရီခွဲလောက်မှာတော့ ကားမတော်တဆဖြစ်တဲ့ အကြောင်း အကြောင်းကြားလာတယ်လို့ ကျိုင်းတုံလက်မှတ်အရောင်းဌာ ၀န်ထမ်းတဦးမှ ဒီဗွီဘီကို ပြောပါတယ်။
“ကားက ကျိုင်းတုံနဲ့ မိုင်းဖြတ်ကား ဆိုင်းလိုင်နဲ့ ဆွတ်လောင်း ရွာကြားမှာ တောင်ပေါ်ကနေ အောက်ကိုလိမ့်ကျတယ်လို့ အကြောင်းကြားလာပါတယ်ရှင့်။ အခုအလုပ်ရှင်က အဲဒီနေရာ လိုက်သွားကြည့်နေပါတယ်။ သေဆုံးဒဏ်ရာရအခြေအနေ မသိရသေးပါဘူး။ ကားပေါ်မှာ ဒရိုင်ဘာရောပါ အားလုံး ၁၂ ယောက် ပါသွားတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ကားမတော်တ ဆဖြစ်တဲ့ သတင်း ကြားကြားချင်း ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံ့ပို့ပေး ကာ ကားကိုလည်း ကုန်းပေါ်ဆွဲတင်နိုင်ခဲ့ပြီလို့ ဒီဗွီဘီကို ပြောပါတယ်။
“သတင်းကြားကြားချင်း ကျနော်တို့ မီးသတ်ရယ်၊ ကြက်ခြေနီရယ်၊ နောက် ၅၇၀ တပ်ရင်းက တပ်မတော်သားတွေရယ် သွားပြီးတော့ ကယ်ဆယ်ရေးလုပ်ပါတယ်။ အဲဒီကားက ပေ တစ်ရာလောက် အောက်ကို တည့်တည့်ဆင်းသွားတယ်။ ချောင်းထဲရောက်ခါမှ ရပ်သွားတယ်၊ ခရီးသည် အမျိုးသားတစ်ဦး သေဆုံးတယ်။ ဘုရားဖူးခရီးထွက်လာတာတဲ့၊ နောက်တယောက် ပျောက်နေတယ်။ ရှာနေတုန်းဘဲ ၊ အမျိုးသမီး လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၀ ဦး ၊ သိပ်တော့မပြင်းထန်ဘူး။ ”
ထိခိုက်ဒဏ်ရာရသူတွေကို မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆက်ပြော ပါ တယ်။
ယာဉ်မတော်တဆထိခိုက်မှုဖြစ်ရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေမှ ဒရိုင်ဘာနဲ့ စပယ်ယာ ကို ခေါ်ယူစစ်ဆေးနေဆဲဘဲလို့ မိုင်းဖြတ်မြို့နယ်မှူးက ပြောသွားပါတယ်။