လမ်းလယ်ကျွန်းအကာအားတိုက်ပြီး ရပ်ထားသည့်ကားကို ခရီးသည်တင်ယာဉ် ထပ်တိုက်
DVB
·
July 28, 2018
အမြန်လမ်းမှာ လမ်းလယ်ကျွန်းအကာကို တိုက်ပြီး ရပ်တန့်နေတဲ့ SURF ကားအား ခရီးသည်တင်ယာဉ်က ထပ်မံတိုက်မိလို့ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တံတားဦးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၃၄/၄ အနီးမှာ ဇူလိုင်လ ၂၇ ရက်မနက်က ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်တဲ့ SURF ကားက လမ်းလယ်ကျွန်းအကာ ဘာရီယာတုံးအား တိုက်ပြီး ရပ်တန့်ထားစဉ် ခရီးသည်တင်ယာဉ်က ထပ်တိုက်မိခဲ့တာပါ။ ကား ၂ စီးပေါင်း လူ ၅၂ ဦး အနက် ၁ ဦးပဲ ဒဏ်ရာရသွားတယ်လို့ စကားအင်းအမြန်လမ်းရဲစခန်းက သိရပါတယ်။
SURF ကား ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာထားတဲ့ ဘာရီယာတုံးအား တိုက်မိပြီး ရပ်တန့်သွားလို့ ကားပေါ်ပါလာသူ ၄ ဦးလုံး ကားအောက် ဆင်းပြီးချိန် ခရီးသည်တင်က ထပ်တိုက်မိတာပါ။
ခရီးသည်တင်ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါသင် ၄၈ ဦးလိုက်ပါလာပြီး ဒေါ်မြင့်မြင့်လှိုင် တဦးတည်း ဒဏ်ရာရသွားတယ်လို့ စကားအင်းအမြန်လမ်းရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောပါတယ်
"ဒေါ်မြင့်မြင့်လှိုင် မေးစေ့ပေါက်သွားတယ်၊ မစိုးရိမ်ရပါဘူး။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ တံတားဦးမြို့နယ်ဆေးရုံ ပို့ပေးရတယ်။ SURFကားကတော့ ၇၅ သိန်းဖိုးလောက် ပျက်စီးသွားပြီး EXPRESS (ခရီးသည်တင်ယာဉ်) ကတော့ ၁၅ သိန်ဖိုးပျက်တယ် ခန့်မှန်းတယ်။"
SURF ကားယာဉ်မောင်း ဦးသန်ထွန်းအောင်အား ယာဉ်မဆင်မခြင် မောင်း၍ အန္တရာယ်ဖြစ်စေမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ခရီးသည်တင်ယာဉ်မောင်း ဦးတင့်ကျော်ကိုတော့ ယာဉ်မဆင်မခြင်မောင်း၍ မိမိနှင့် အခြားသူအား သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ စကားအင်းအမြန်လမ်းရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)