မူးယစ်ဆေးဝါးစွဲနေသူများဆေးဖြတ်နိုင်ရေး ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ ဆောင်ရွက်ပေးနေ
DVB
·
September 10, 2016
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးစွဲနေသူတွေ ဆေးဖြတ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်။
ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မြတ်အောင် ရဲ့ ဦးဆောင်မှုနဲ့ ကော့သောင်းမြို့နယ် အတွင်းရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေ ဆေးဖြတ်နိုင်ရေးစာရင်းပေးထားရှိသူ ၁၀ ဦး အနက် ၆ ဦးကို စက်တင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီခွဲအချိန်အထိ ကော့သောင်းပြည်သူဆေးရုံကြီးမှာ ဆေးဖြတ်နိုင်ရေးအတွက် စမ်းသပ်စစ်ဆေးပေးတာတွေ၊ လိုအပ်တဲ့ ဆေးဝါးထောက်ပံပေးတာတွေ၊ အသိပညာပေးတာတွေနဲ့ အားပေးစကားပြောတာ တွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဖြတ်သူတွေရဲ့ အခြေအနေပေါ်မူတည်ကာ ဆေးရုံတက် ရောက်ကုသ ဆေးဖြတ် စေတာနဲ့ မိဘအုပ်ထိန်းမှုအောက်မှာနေထိုင်ပြီး ပုံမှန်ဆေးရုံပြသဆေး သောက်ဆေးဖြတ်စေတာ စတဲ့ ဆေးဖြတ်နည်း ၂ မျိုးနဲ့ ဆေးပြတ်စေရေးဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဖြတ်လိုသူများအနေနဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ အုပ်ထိန်းသူနဲ့ အတူ လာရောက်စာရင်းပေးသွင်းနိုင်ပြီး ဆေးဖြတ်ခြင်းအတွက် ငွေကြေးကုန်ကျခံ စရာမလိုဘဲ ဆေးဖြတ်နိုင်ရေးအတွက်လည်း ဆေးပြတ်တဲ့အထိ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
သတင်း - ဦးလတ်ကိုကိုဦး