အဲကွန်းဘတ်စ်အမည်ခံ ခရီးသည်တင်ယာဉ်များ ၃၀၀ ကျပ်ကောက်ရင် အရေးယူမည်
DVB
·
September 9, 2016
ရန်ကုန်မြို့တွင်းမှာ အဲကွန်းဘတ်စ် အမည်ခံ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ ယာဉ်စီးခကို ၃၀၀ ကျပ် ကောက်ခံရင် အရေးယူမှုတွေ လုပ်သွားမယ်လို့ မထသ(ဗဟို)က ပြောပါတယ်။
ရန်ကုန်မြို့တွင်းမှာ အဲကွန်းခရီးသည်တင်ယာဉ်တွေနဲ့ စတင်ပြေးဆွဲနေပြီး ပြေးဆွဲနေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုထားတာ မရှိသေးပါဘူး။ ဒါပေမယ့် အဲကွန်းယာဉ်တွေရဲ့ ယာဉ်စီးခကတော့ ၃၀၀ ကျပ် ကောက်ခံနေတာပါ။
ယာဉ်စီးခ ၃၀၀ ကျပ် ကောက်ခံနေတဲ့ အဲကွန်းခရီးသည်တင်ယာဉ်တွေကို ခရီးသွားပြည်သူတွေအနေနဲ့ တိုင်ကြားမယ်ဆိုရင်တော့ ခွင့်ပြုချက်မရှိဘဲ ပြေးဆွဲနေတဲ့အတွက် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မထသ(ဗဟို)က ပြောပါတယ်။
“လုပ်ငန်းတခုလုပ်ရင် ဥပဒေကို လိုက်နာရတာဖြစ်တော့ ကျနော့်အပိုင်းကတော့ ခွင့်ပြုချက်ရမှ ပြေးဆွဲကြဖို့ ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်စီးခကိစ္စ။ ခရီးသည်တွေကနေ ယာဉ်စီးခ ပိုမိုတောင်းခံလို့ တိုင်လာရင် အရေးယူမယ်လို့ ကျနော် ပြောထားပါတယ်” လို့ မထသ(ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။
ယာဉ်ပိုင်ရှင်တွေ အနေနဲ့ကတော့ ဒီလို အဲကွန်းယာဉ်တွေ ပြေးဆွဲတာဟာ အများပိုင်စနစ် ပြောင်းလဲဖို့အတွက် ကြိုတင်ပြင်ဆင်တာလို့ ပြောပါတယ်။
“၀န်ကြီးချုပ် ပြောသွားတယ်။ အနာဂတ် သယ်ယူပို့ဆောင်ရေးမှာ ပြည်သူတွေကို ၀န်ဆောင်မှု ပေးမယ်။ အထူးအဲကွန်းဖွင့်မယ်။ ရှေ့ပေါက်က တက်မယ်၊ နောက်ပေါက်က ဆင်းမယ် ဆိုတဲ့စနစ်ကို သူက ချပြတယ်။ ချပြတဲ့အခါကျတော့ ဦးတို့က အဲဒီစနစ်ကို ကြိုတင်ပြီးဆောင်ရွက်နိုင်အောင်လို့ ကြိုတင်စီစဉ်ပြီးတော့ ဦးတို့က သူ့ရဲ့ အနာဂတ်ပုံဖော်မှုကိုလည်း ထောက်ခံတဲ့အနေနဲ့ ဒီအဲကွန်းလိုင်းကို စတင်ပြီးတော့ ပြေးဆွဲပေးတာပါ” လို့ ၃၁ ယာဉ်လိုင်း အဲကွန်းယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က ပြောပါတယ်။
ယာဉ်ပိုင်ရှင်တွေကတော့ အဲကွန်းယာဉ်တွေနဲ့ ပြေးဆွဲဖို့အတွက် မထသ(ဗဟို)ကို တင်ပြထားပြီး မထသ(ဗဟို)ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်လက်တင်ပြထားပါ တယ်။ ဒါပေမယ့် ခွင့်ပြုချက်တော့ ယနေ့အထိ မချပေးသေးပါဘူး။
“ဒီယာဉ်လိုင်းကော်မတီ၊ ခု ယာဉ်လိုင်းကြီးကြပ်တဲ့ ကော်မတီတွေကို ကျနော် အားလုံး အသိပေးပြီးပါပြီ။ ဒါဟာ ပြည်သူလူထုတွေအနေနဲ့က ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးတယ် ဆိုတာတော့ ၀မ်းသာစရာကောင်းတယ်။ ဒါပေမယ့် ခွင့်ပြုချက် မရတဲ့အပြင် ခုလိုပေါ့။ ကားတွေက မညီမညွတ်နဲ့ ဖြစ်နေရင် ပြေးဆွဲခွင့် မပြုရအောင် ဆင်းစစ်ပါလို့ ကျနော် ပြောပြီးပါပြီ” လို့ မထသ(ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။
ပြေးဆွဲနေတဲ့ အဲကွန်းယာဉ်တွေမှာ အချို့ယာဉ်တွေက ပြင်ဆင်မှုတွေ ပြုလုပ်ထားတာ ကောင်းလို့ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေပေမယ့် အချို့ယာဉ်တွေကတော့ အဟောင်းတွေ ဖြစ်တဲ့အပြင် ကြံ့ခိုင်မှုလည်း မကောင်းပါဘူးလို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
သတင်း-ကျော်ဇေယျ