Home
မြန်မာသတင်း
ရေကြီးမှုတွေကြောင့် ငါးမွေးကန်နှင့် ငါးသားဖောက်စခန်းများ ပျက်စီး
DVB
·
August 13, 2016
Fish
ရေကြီးရေလျှံမှု ဖြစ်စဉ်တွေဟာ ငါးမွေးကန်တွေနဲ့ သားဖောက်စခန်းတွေလည်း ပျက်စီးမှုတွေ ရှိနေတာကြောင့် ပြည်တွင်းငါးဈေးတွေ မြင့်တက်လာနိုင်တယ်လို့ မွေးမြူရေး ပညာရှင်တွေက ပြောပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်တွေကြောင့် ပြည်တွင်းက ငါးမွေးမြူရေး ကန်အချို့နဲ့ ငါးသားဖောက်စခန်းအချို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ငါးရှားပါးလာနိုင်ပြီး လက်ရှိဈေးနှုန်းတွေထက်ကို မြင့်တက်လာနိုင်ကြောင်း မွေးမြူရေး ပညာရှင်တွေက ပြောဆိုလိုက်တာပါ။ “စံလင်းကျွန်းရဲ့ အနေအထားအရတော့ လောလောဆယ်မှာတော့ ရေက အောက်ရေကော၊ အပေါ်ကကျတဲ့ရေကော အယ်နေသေးတဲ့အတွက် ရေက နည်းနည်းလေးပေါ့ တနာရီကို တလက်မလောက်၊ တလက်မလောက် ဖြည်းဖြည်းချင်း တငြိမ့်ငြိမ့်နဲ့ တက်နေသေးတယ်။ အဲဒါကတော့ လက်ရှိအချိန်အထိတော့ စိုးရိမ်နေရတယ်။ နောက် ငါးကန်အနေအထားနဲ့လည်း တချို့ ရိုးပေါက်ကန်လေးတွေကတော့ အိကျပြီးတော့ ရေတော့ဝင်နေပြီ။ ကန်မကြီးတွေ အနေအထားအရတော့ ကာနိုင်တယ်၊ ဆီးနိုင်တယ် ဆိုပေမယ့် ပြင်ပရေက တအားအရှိန်များတဲ့အခါကျတော့ ကန်ပြိုမှုတွေတော့ နည်းနည်းဖြစ်လာတယ်” လို့ ထူးသစ်ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်လင်းက ပြောပါတယ်။ ရေကြီးရေလျှံတာတွေကြောင့် ငါးမွေးကန်တွေ ပျက်စီးနေပေမယ့် လက်ရှိအချိန်မှာတော့ ငါးဈေးက အများကြီး မမြင့်တက်နိုင်ဘဲ နောင်လာမယ့် နှစ်လလောက်မှာသာ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ “ကျနော်တို့ဆီက လျော့သွားမလားဆိုရင်လည်း ဒီငါးတွေက၊ ဥပမာ ပြီးခဲ့တဲ့ ၂ လလောက်က ရခိုင်မှာ မိုးတော်တော်ရွာတယ်။ ရေတော်တော်ကြီးသွားတယ်။ ဒီအချိန်မှာ ရခိုင်ကထွက်တဲ့ ပုစွန်က နည်းသွားတယ်။ ဧရာဝတီမှာ အခုဖြစ်တာလည်း ချက်ချင်း လက်ငင်းတော့ Effect မဖြစ်သေးဘူး။ တလနှစ်လမှ သူက Effect ဖြစ်လိမ့်မယ်။ ကြိုပြီးမှ ကျနော်တို့က သိသင့်တာပေါ့နော်။ ဥပမာ ဧရာဝတီဖြစ်နေတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၁၀ ရက် ၁၅ ရက်လောက်မှာ ကျနော်တို့ ဗန်းမော်၊ ကသာဘက်မှာ ရေအရမ်းကြီးတယ်။ အဲဒီအချိန်ကတည်းက ကျနော်တို့ ဒီမှာ နည်းနည်းသတိထားသင့်ဖို့လိုတယ်” လို့ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်ဖေက ပြောပါတယ်။ ငါးမွေးမြူရေး လုပ်ကိုင်သူတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံတဲ့ အခြေအနေကို ပြင်ဆင်မှုတွေလုပ်ပြီး ထိန်းထားနိုင်ပေမယ့် လာမယ့်ရက်ပိုင်း အနည်းငယ်အတွင်းမှာ ဖြစ်လာမယ့် ရေကြီးမှုအနေအထားကို စိုးရိမ်မှုတွေ ရှိနေတာပါ။ “သက်ဆိုင်ရာ မိုးလေ၀သဌာနကလည်း ကြေညာထားတာပေါ့နော်။ နောက်တရေ ကျန်သေးတဲ့ဆိုတဲ့ အခြေအနေပေါ့။ အဲတော့ ကျနော်တို့ လုပ်ငန်းရှင်တွေ အနေအထားနဲ့က ကိုယ့်လုပ်ငန်းအနေအထားအရ လောလောဆယ်တော့ ကန်ပြိုတဲ့ဟာတွေ တုပ်ရိုက်တယ်၊ နောက် ကွန်၊ ပိုက်ကာတယ်ပေါ့။ အဲဒါတွေ ဆောင်ကြဉ်းထားပြီးတော့ ရှိတဲ့ငါးကတော့ တော်တော်များများ ဆွဲတင်နေကြပြီ။ ဆွဲတင်နေတဲ့အဆင့်ကို ရောက်နေပြီပေါ့။ ဆိုတော့ လက်ရှိလာမယ့် ရေကိုတော့ အရမ်းစိုးရိမ်နေကြတယ်” လို့ ဦးဇော်လင်းက ဆက်ပြောပါတယ်။ လက်ရှိအချိန်မှာ ငါးမွေးမြူရေးကန်တွေကို တူးဖော်ရမယ့်အချိန် မရောက်သေးဘဲ တူးဖော်တာတွေ ရှိနေလို့ ဈေးကွက်ထဲမှာ ငါးတွေ ပေါနေတာပါ။ ဒါပေမယ့် နောင်တလကျော်လောက်ဆိုရင်တော့ ဈေးကွက်ထဲမှာ ငါးသိသိသာသာ ရှားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - ကျော်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024