မန္တလေးမြို့က ရိုးရာအိုးပုတ်ခိုးပွဲတော်
DVB
·
August 11, 2016
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲ၊ အိုးဘိုရပ်ကွက်မှာ နှစ်စဉ် ၀ါခေါင်လဆန်း ၈ ရက်နေ့မှာ တရက်ပဲကျင်းပလေ့ရှိတဲ့ အိုးပုတ်ခိုးပွဲတော် ကျင်းပနေပါတယ်။
ရွှံ့စေးနဲ့ ပြုလုပ်ထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးကစားစရာ အရုပ်တွေကို အနယ်နယ် အရပ်ရပ်က လာရောက်ပြီး ရောင်းချကြပါတယ်။
မင်းတုန်းမင်း လက်ထက်လောက်ကတည်းကနေ ကျင်းပလေ့ ရှိတယ်လို့ အဆိုရှိတဲ့ ရိုးရာ ပွဲတော်မှာ အိမ်သုံးအတွက် ရွှံ့စေးနဲ့ ပြုလုပ်ထားတဲ့ မြေအိုးများဝယ်ယူရင်း ကလေးကစားစရာ အိုးပုတ် အရုပ်လေးတွေကို အပျော်သဘော ၀ှက်ယူတတ်ကြရာကနေ အိုးပုတ်ခိုးပွဲတော်လို့ လည်း အမည်တွင်လာတဲ့ ရှေးစကား ရှိခဲ့ပေမယ့် ခုနှောက်ပိုင်းမှာတော့ မရှိသလောက် ရှားသွားပြီလို့ ဈေးသည်တွေက ပြောပါတယ်။
အိုးသည်တွေ အိုးဖုတ်ရာကနေ အိုးဘိုရယ်လို့ အမည်တွင်လာတဲ့ အရပ်မှာ အနယ်နယ်က ဈေးသည်လှေတွေ တောင်ပြုံးပွဲအသွား ခရီးတထောက်နားရင်း ဈေးခင်းရောင်းရာကနေ အိုးပုတ်ပွဲတော် ဖြစ်လာတယ်လို့လည်း တချို့က ဆိုကြပါတယ်။
ဓာတ်ပုံ - အိမ်ခိုင်မြဲ