အီဂျစ် အနုပညာရှင်တို့ရဲ့ ဒုတိယ အာရပ်နွေဦးအစ ဖြစ်လာလေမလား...
DVB
·
February 29, 2016
ပြီးခဲ့တဲ့ စနေနေ့က အီဂျစ်စာရေးဆရာ အာမက် နာဂျီကို သူရေးခဲ့တဲ့ “ဘ၀ကို အသုံးချခြင်း” ဆိုတဲ့ စာအုပ်မှာ ပြည်သူလူထုအတွက် မဖွယ်မရာ အရေးအသားတွေ ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။
တကယ်တော့ ဒီအဖြစ်မျိုးဟာ ၂၀၁၃ ခုနှစ်က အီဂျစ်သမ္မတ မော်စီကို စစ်တပ်ဗိုလ်ချုပ် စီစီက အာဏာသိမ်း ဖြုတ်ချပြီးတဲ့ နောက်ပိုင်းကတည်းက အီဂျစ်နိုင်ငံမှာ သိပ်တော့ အဆန်းမဟုတ်တော့ပါဘူး။ သိပ်မကြာခင်ကာလတွေမှာ စာရေးဆရာတွေကို ဖမ်းဆီးတာမျိုးဟာ မဆန်းတော့ပေမယ့် စိတ်ကူးယဉ် ၀တ္ထုရေး စာရေးဆရာတွေကိုတော့ နှိပ်ကွပ် အပြစ်ပေးတာ နည်းပါတယ်။ ခုလို နာဂျီကို သူ့ဝတ္ထု အတွက် အပြစ်ပေးလိုက်တဲ့အတွက် အီဂျစ်နိုင်ငံက စာပေ အနုပညာ အသိုင်းအ၀ိုင်းမှာ နောက် ဒီလိုနှိပ်ကွပ်မှုမျိုးကို ဘယ်သူများ ခံရလေဦးမလဲဆိုတဲ့ စိုးရိမ် ထိတ်လန့်စိတ်တွေ ၀င်ရောက်လာစေခဲ့ပါတယ်။ တရားစွဲဆိုသူတွေက နာဂျီကို တရားစွဲရတာဟာ စာဖတ်ပရိသတ် တယောက်က နာဂျီရဲ့ဝတ္ထု “ဘ၀ကို အသုံးချခြင်း” ထဲက ကောက်နုတ်ချက် စာပိုဒ် တချို့ကို ဖတ်ပြီး သူ့ကို နှလုံးခုန်မြန်လာစေပြီး သွေးပေါင်ကျသွားစေတယ်ဆိုပြီး တိုင်ကြား ပြောဆိုလာတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားရင်ဆိုင်တဲ့အချိန် ဇန်န၀ါရီလ အစောပိုင်းကတော့ သူ့ကို တရားရုံးက အပြစ်မရှိဘူးဆိုပြီး လွှတ်ပေးလိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ တရားစွဲဆိုသူတွေက အယူခံတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
နာဂျီရဲ့ မိတ်ဆွေလည်းဖြစ် ၀တ္ထုစာအုပ်မှာ သရုပ်ဖော်ပုံ ရေးဆွဲပေးခဲ့တဲ့ သရုပ်ဖော် ပန်းချီဆရာလည်းဖြစ်တဲ့ အေမန် ဇော်ခါနီကတော့ “တရားရုံးကို လာနားထောင်ကြတဲ့သူတွေ အားလုံး မယုံကြည်နိုင်ဖြစ်ပြီး တယောက်မျက်နှာ တယောက် ကြည့်နေခဲ့ကြတာပေါ့ဗျာ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကိုဝိုင်းလိုက်ပြီး ခေါ်ထုတ်သွားတာကို ကျနော်တို့ ကြောင်ပြီး ကြည့်နေမိကြတယ်လေ” လို့ သ၀ါးလ်ဒ်ပို့စ် သတင်းစာကို ပြောပြခဲ့ပါတယ်။ စိတ်ကူးယဉ် စာပေရေးနေတဲ့ စာရေးဆရာတယောက်အပေါ် ခုလိုချမှတ်တဲ့ စီရင်ချက်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရပါဘူးလို့ အီဂျစ် သတင်းဝက်ဘ်ဆိုက်ဒ်တွေဖြစ်တဲ့ မာဒါမာဆာ၊ ခေါလ်ဇာတူ အက်ဒ် ၁၈ နဲ့ ဇာမာတို့က ပူးတွဲကြေညာချက် ထုတ်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် နာဂျီဟာ ခေတ်ပြိုင်အနုပညာနဲ့ တေးဂီတနဲ့ပတ်သက်တဲ့ သူ့ရဲ့စာတွေကြောင့် လူသိများပါတယ်။ မကြာခင်ကပဲ သူက ပန်းချီအနုပညာ မဂ္ဂဇင်းတခုကို ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ ပထမဆုံးဝတ္ထုဖြစ်တဲ့ “ရောဂျားစ်” ကို ၂၀၀၇ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး “ဘ၀ကို အသုံးချခြင်း” က သူ့ရဲ့ ဒုတိယမြောက်ဝတ္ထု ဖြစ်ပါတယ်။
ဒီလို အပြစ်မရှိဘူးလို့ ဆုံးဖြတ်လွှတ်ပေးလိုက်ပြီးဖြစ်တဲ့ အမှုက ၂၀၁၄ ခုနှစ် သြဂုတ်လမှာ တရားရုံးကို ပြန်ရောက်လာတာကတော့ အစိုးရပိုင် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ အက်ခ်ဘာာအယ်လ် အာဒပ် မဂ္ဂဇင်းက ‘ဘ၀ကို အသုံးချခြင်း’ ၀တ္ထုထဲက ကောက်နုတ်ချက်ခုကို ထည့်သွင်း ဖော်ပြလိုက်တဲ့အချိန်မှာ ဖြစ်လာခဲ့တာပါ။ စာအုပ်ကိုဖတ်ပြီး ထိခိုက်ဒေါသ ဖြစ်ခဲ့တဲ့ စာဖတ်သူတယောက်ရဲ့ တိုင်တန်းမှုကို အခြေခံပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အမှုကို တရားရုံးကို ပြန်ပြီးတင်ခဲ့တာ ဖြစ်ပါတယ်။ အက်ခ်ဘာာအယ်လ် အာဒပ် မဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း တရားစွဲခံရပြီး မကြာခင်ကလေးကပဲ ဒေါ်လာ ၁၃၀၀ ဒဏ်ငွေရိုက်ခံခဲ့ရပါတယ်။
‘ဘ၀ကို အသုံးချခြင်း’ ထဲက ကောက်နုတ်ချက်က စိတ်ကူးဇာတ်ကောင် ဘတ်ဆမ် ဘာဂတ် ဆိုတဲ့ အသက် ၂၀ အရွယ် ဆေးခြောက်ရှူ၊ အရက်သောက်တတ်တဲ့ လူငယ်တယောက်ဟာ သူ့ရည်းစားနဲ့ နောက်တနေ့မနက်မှာ မတွေ့ခင် တညမှာ သူငယ်ချင်းတွေနဲ့ လိင်ကိစ္စကို ဆွေးနွေးခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နာဂျီရဲ့ မိတ်ဆွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ရာမီ ရာကကွတ်ကတော့ သူ့ရဲ့ တွစ်တာဖော်ပြချက်မှာ ဇန်န၀ါရီလမှာ တရားရုံးက အနိုင်ပေးခဲ့တယ်။ တရားစွဲသူတွေက အယူခံတက်ပြီးတဲ့အချိန်မှာတော့ အမှုကို တရားရုံးကို ပြန်တင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ကတော့ နာဂျီဟာ သူ့ရဲ့ဝတ္ထုကြောင့် ပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သူက “ ဒီကနေ့ ပြစ်ဒဏ်စီရင်ချက်ကတော့ လွတ်လပ်စွာ ဖော်ပြခွင့်နဲ့ တရားမျှတမှုကို ပိုပြီး ဆိုးဆိုးဝါးဝါး ပျက်စီးအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ လေဆိပ်တွေမှာ ကျနော်တို့ကို ဖမ်းဆီးထိန်းသိမ်းတာ၊ ကာတွန်းဆရာတွေကို သူတို့ရဲ့လက်ရာတွေကြောင့် ပြဿနာရှာတာမျိုးတွေနဲ့ ပုံနှိပ်တိုက်တွေကို ၀င်စီးတာတွေလုပ်ပြီး ဖြိုခွဲ နှိမ်နင်းလာတာမျိုးတွေပေါ့လေ” လို့ တာရီးယားတက္ကသိုလ် အရှေ့အလယ်ပိုင်းဆိုင်ရာ မူဝါဒရေးရာဌာနက တရားဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ ဆန်းစစ်ဝေဖန်သူ မိုင်အယ်လ် ဆာဒါနီက ဝေဖန်ပြောကြားခဲ့ပါတယ်။ သူက “နာဂျီ ပြစ်ဒဏ်စီရင်ခံရတာဟာ ပြည်တွင်း အီဂျစ်အခြေခံဥပဒေအပိုဒ် ၆၇ နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ အပိုဒ် ၁၉ ကို ချိုးဖောက်တာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
သူက “ပုလိပ်အရာရှိတွေက ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နှိပ်စက်ညှဉ်းပန်းပြီး ပြစ်ဒဏ်မခံရဘဲ ရှိနေချိန်မှာ လူတယောက်ဟာ သူ့ရဲ့ အနုပညာဆိုင်ရာ လွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အတွက် ပြစ်ဒဏ် စီရင်ခံရနိုင်တယ် ဆိုတာကိုတော့ ကျမ နားမလည်နိုင်ပါဘူး” လို့ ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
တကယ်တော့ တော်လှန်းရေးလွန်ကာလရဲ့ အဓိက ပြဿနာတွေက အီဂျစ်နိုင်ငံရဲ့ အထင်ရှားဆုံး ရုပ်ရှင်ဒါရိုက်တာ တယောက်ဖြစ်တဲ့ အဒဲလ် အီမန်ကို သူ့ရဲ့ ဆယ်စုနှစ်အတွင်း လက်ရာတွေမှာ ဘာသာတရားကို စော်ကားမော်ကား ပြုခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရပြီး ပြစ်ဒဏ်စီရင်ခံရအပြီးမှာ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ အထူးသဖြင့် ဖန်တီးမှု အနုပညာတွေအတွက် ပိုပြီး အရေးကြီးလာခဲ့တယ်လို့ ဆိုရပါမယ်။ အီဂျစ်နိုင်ငံရဲ့ ထင်ရှားတဲ့ လွတ်လပ်မှုဝါဒီ စာပေနဲ့ အနုပညာရှင်တွေကတော့ ခုချိန်ဟာ ရိုးရာအစဉ်အလာ တားဆီးပိတ်ပင်မှု အတော်များများကို ချိုးဖျက်ပစ်ရမယ့် အချိန်၊ နိုင်ငံမှာ ကာလရှည်ကြာ ရှိနေတဲ့ စိစစ်ရေးအဖွဲ့ကို အဆုံးသတ်ပစ်ရမယ့်အချိန်နဲ့ လွတ်လပ်စွာ ဖော်ပြခွင့်တွေအတွက် အဟန့်အတား လုပ်နေတာတွေ အားလုံးကို ဖြိုချပစ်ရမယ့် အချိန်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီလိုပြောရအောင်လည်း မကြာခင်ကလေးကပဲ စိစစ်ရေးအဖွဲ့က အရှေ့အလယ်ပိုင်း သမိုင်း ပြဋ္ဌာန်းစာအုပ်ကို နိုင်ငံထဲ အ၀င်မခံခဲ့ပါဘူး။ ဒီစာအုပ်က ကိုင်ရို အမေရိကန်တက္ကသိုလ်မှာ ဆယ်နှစ်နီးပါး ပြဋ္ဌာန်း သုံးစွဲခဲ့တဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို ဘယ်လိုမှ အဓိပ္ပာယ်မရှိဘဲ ပိတ်ပင်လိုက်တဲ့အတွက် အငြင်းပွားစရာတွေ ပါဝင်နေတဲ့ အင်တာနက်ကို အလွယ်တကူ သုံးစွဲနိုင်နေတဲ့ခေတ်မှာ ခေတ်မမီတော့တဲ့ ပုံနှိပ်မီဒီယာ စိစစ်မှုတွေ ရှိနေတဲ့အတွက် မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်ပေါ်လာနေပါတယ်။
အီဂျစ် လမ်းဘေး ပန်းချီအနုပညာရှင် ခေဇာက “လွတ်လပ်တဲ့ အနုပညာ အသက်ရှည်ပါစေ” ဆိုတဲ့ ပြပွဲကို စိစစ်ရေးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ဒီ ပြန်လည် အင်အားစုစည်းမှု လှုပ်နှိုးမှုပြပွဲက ကမ္ဘာတ၀ှမ်းက ဆန့်ကျင်ကန့်ကွက်လာနေတဲ့ ဒီဇင်ဘာလ အကုန်ပိုင်းမှာ သဘောတူ အတည်ပြုခဲ့တဲ့ အီဂျစ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို စုစုစည်းစည်း ဆန့်ကျင်ကန့်ကွက်ကြဖို့ ပြတ်ပြတ်သားသား တပ်လှန့်လိုက်တာဖြစ်တယ်လို့ ဆိုရပါမယ်။ အခု အနုပညာရှင် စာရေးဆရာ နာဂျီကို သူ့ဝတ္ထုကြောင့် ထောင်ဒဏ် အပြစ်မပေးခင်မှာ ထင်ရှားတဲ့ တီဗွီ အစီအစဉ် တင်ဆက်သူနဲ့ သုတေသီ အိစလမ် ဘီဟာရီကို ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်တွေကို အသရေဖျက်မှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၁ နှစ် ချခဲ့သလို စာရေးဆရာ ဖတ်တမာနာဝုထ်ကိုလည်း အစ္စလာမ်ဘာသာကို အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
ခု စာရေးဆရာနဲ့ ပန်းချီ အနုပညာရှင် နာဂျီကို ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချပြီးတဲ့ အချိန်မှတော့ အနုပညာရှင်တွေနဲ့ စာရေးဆရာတွေက အစိုးရရဲ့နှိပ်ကွပ်မှု အောက်မှာပဲ အနုပညာဖန်တီးမှုနဲ့ တင်ပြမှု လွတ်လပ်ခွင့်အတွက် အီဂျစ် အာဏာသိမ်း စစ်အစိုးရကို စီမံချက်ချ ကန့်ကွက်ဆန့်ကျင်မှု လုပ်လာခဲ့ကြပါပြီ။ ပထမဆုံး ဗွီဒီယို ကန့်ကွက်ဆန္ဒပြမှုမှာ ထင်ရှားတဲ့ အီဂျစ် ဇာတ်ညွှန်းရေးဆရာ မက်ဒ်ဟတ် အယ်လ် အဒါးလ်က နာဂျီကို အရေးယူ အပြစ်ပေးမှုဟာ အနုပညာရှင်တွေနဲ့ စာရေးဆရာတွေကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြီး အီဂျစ်နိုင်ငံရဲ့ အနာဂတ် အနုပညာအတွက် စိုးရိမ်ပူပန်မိတယ်လို့ ပြောခဲ့ပါတယ်။
နာမည်ကျော် အရောင်းသွက် စာရေးဆရာ အလာ အယ်လ် အက်စ်စ၀ါနီကတော့ “အဲဒီလို ဖြစ်တယ်ဆိုရင်တော့ ကျနော့် ပုံနှိပ်ထုတ်ဝေပြီးသား ၀တ္ထုတွေမှာလည်း ကျနော့်ကို ထောင်ထဲထည့်နိုင်တာတွေ ပါတာပဲဗျ။” လို့ ပြောပြခဲ့ပါတယ်။ သူကလည်း စာပေနယ်က တခြားသူတွေနဲ့အတူ နာဂျီကို လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ စီမံချက်မှာ ပါဝင်ခဲ့ပါတယ်။
အီဂျစ် ပညာတတ်တွေရဲ့ ကြီးထွားလာနေတဲ့ ဆန့်ကျင်ကန့်ကွက်ရေး လှုပ်ရှားမှုတွေမှာ ယဉ်ကျေးမှုဝန်ကြီး ဟဲလ်မီ အယ်လ် နမ်မနမ် ပါဝင်လာသလို ယဉ်ကျေးမှုဝန်ကြီးဟောင်း ၂ ယောက်နဲ့ အီဂျစ် ထုတ်ဝေသူများအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ၂၀၁၁ ခုနှစ် အုံကြွမှုဖြစ်မြောက်ရေး ပါဝင်ကူညီခဲ့တဲ့ ဂူဂဲလ်ရဲ့ အမှုဆောင်အရာရှိဟောင်း ဝေးလ် ဟိုနင်းမ် (Wael Ghonim) ကလည်း နာဂျီကို ပြစ်ဒဏ်စီရင်မှုအပေါ် ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
အီဂျစ် စိတ်ကူးယဉ် ၀တ္ထုစာရေးဆရာ နာဂျီကို အီဂျစ် စစ်အာဏာရှင် တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်စီရင်ခဲ့တာအပေါ် အီဂျစ် စာပေအနုပညာရှင် အသိုင်းအ၀ိုင်း တခုလုံးနဲ့ ဒီမိုကရေစီ ချစ်မြတ်နိုးသူတွေ အားလုံးက စီမံချက်ချ ၀ိုင်းဝန်းကန့်ကွက်လာကြသလို ကမ္ဘာပေါ်က ဘယ်နိုင်ငံက အစိုးရတွေပဲဖြစ်ဖြစ် အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ အနုပညာ လွတ်လပ်စွာ ဖန်တီးခွင့်၊ တင်ပြခွင့်တွေကို ထိပါးပိတ်ပင်လာရင် တညီတညွတ်တည်း ၀ိုင်းဝန်းကန့်ကွက် အုံကြွ ဆန္ဒပြကြဖို့ သတ္တိရှိကြရပါမယ်။ အဲဒီလိုမဟုတ်ရင်တော့ ခု ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေသလို သတင်းသမားတွေကို မှန်ကန်တဲ့ သတင်းဖော်ပြမှုအတွက် ဖမ်းဆီးထောင်ချတာ၊ ယုံကြည်မှုကို လွတ်လပ်စွာ ဟောပြောတဲ့အတွက် ဖမ်းဆီးထောင်ချ အပြစ်ပေးတာ၊ မတရားမှုတွေကို အမှန်အတိုင်း ထုတ်ဖော်ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံရတဲ့ အဖြစ်မျိုးတွေကို စဉ်ဆက်မပြတ် ကြုံတွေ့နေကြဦးမှာပဲ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြောရဲ၊ အမှန်တရားဘက်က ရဲရဲရင့်ရင့် ရပ်တည်ရဲတဲ့သူတွေ ရှိမလာဘဲနဲ့ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အာဏာရှင်တွေ မင်းမူနေဦးမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ။
စိုးနေလင်း