အိပ်ပျော်နေတဲ့ဘီလူးကြီးများ မနိုးထစေဖို့ (၂) - မီးဘေးအန္တရာယ်
DVB
·
February 16, 2016
အခုတလော သတင်းတွေမှာ မြန်မာနိုင်ငံရဲ့ မီးလောင်မှုသတင်းတွေ ကြိုးကြားကြိုးကြား ဖတ်လာရတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာမှာ မနက် ၈ နာရီခွဲလောက်ကစလို့ ၅ နာရီခန့်ကြာ မီးလောင်ကျွမ်းခဲ့မှုကြောင့် ရွာရှိ အိမ်ခြေ ထက်ဝက်ကျော် မီးလောင်သွားတဲ့သတင်း ဖတ်ရတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က မောင်းမကန်ကမ်းခြေမှာရှိတဲ့ ဈေးဆိုင်ခန်းတွေမှာ မီးလောင်ကျွမ်းခဲ့တယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့မှာ ဖေဖော်ဝါရီ ၄ ရက်က လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိမ်ခြေ ၂၈၀ မီးထဲပါသွားပြီး အိမ်ထောင်စု ၃၀၀ က လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၈ နာရီလောက်က မီးလောင်ကျွမ်းခဲ့ကြောင့် အိမ်ခြေနဲ့ ဆိုင်ခန်း ၂၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ပြောတဲ့ သတင်းကိုလည်း ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ သီရိရတနာဈေး (ဈေးဟောင်း) မှာ ဇန်နဝါရီ ၁၁ ရက်က ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဒီဇင်ဘာ ၂၉ ရက်ကလည်း အဲဒီဈေးနေရာမှာ ပထမအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၅၆ ခန်း ပျက်စီးဆုံးရှုံးခဲ့ရသတဲ့။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးမှာ အကြီးအကျယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့သတင်းကို သတင်းမီဒီယာတွေမှာ ဖတ်ခဲ့ရတယ်။ မင်္ဂလာဈေးမှာ မီးလောင်တာဟာ ဒီအကြိမ်နဲ့ဆို နှစ်ခါရှိပါပြီ။ ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်တုန်းကလည်း မင်္ဂလာဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
တရက်တည်းမှာပဲ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ၈၇ လမ်း သံလျက်မော်အရှေ့ သဇင်တိုက်ခန်းသုံးထပ်မှာ တိုက်ခန်းဝါယာရှော့ဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့သတင်းကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရပြန်ပါတယ်။
နွေရာသီတောင် မရောက်သေးဘဲ ဆောင်းနှောင်းရာသီမှာတောင် မီးလောင်မှုတွေ ဖြစ်ပွားနေတာ၊ လောင်တော့လည်း ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်သလို အများပြည်သူတွေရဲ့ ဘ၀လုံခြုံမှု အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု မရှိဘူးဆိုတာ ပြသနေတဲ့ ရေချိန်တခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနိမ့်ကျပြီး အုပ်ချုပ်ပုံစနစ်မမှန်တဲ့ တိုင်းပြည်တွေမှာ လုပ်ငန်းခွင် အန္တရာယ်မျိုးစုံ၊ မတော်တဆ ထိခိုက်ပျက်စီးမှု၊ ရန်သူမျိုးငါးပါး စတဲ့ အိပ်ပျော်နေတဲ့ ဘီလူးကြီးများစွာ မကြာခဏ နိုးထ အန္တရာယ်ပြုခံရမှုတွေ ပိုမိုများပြားလေ့ ရှိပါတယ်။
အခြေခံအကြောင်းအရင်းကတော့ အထက်မှာပြောခဲ့တဲ့ ဘီလူးကြီးတွေ မနိုးထအောင် စီမံနိုင်တဲ့ အုပ်ချုပ်ပုံဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မပြည့်စုံမှု၊ အားနည်ချက်များစွာ ရှိနေတဲ့အပြင် ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်လေ့ကျင့်မှု၊ ဖြစ်လာခဲ့ရင် ကောင်းစွာ ထိန်းချုပ်နိုင်အောင် အထိအခိုက် နည်းနိုင်သမျှနည်းအောင် ပြင်ဆင်စီမံ မထားတာတွေကြောင့် ဖြစ်ပါတယ်။
အဲ့ဒါအပြင် လုပ်သားပြည်သူတွေကို အဆိုပါဘီလူးကြီးတွေရဲ့ အန္တရာယ်နဲ့ သူတို့ကို မနိုးထအောင် ဘယ်လိုသတိပြုရမယ်ဆိုတဲ့ အသိပညာပေးမှု စဉ်ဆက်မပြတ် လုပ်ဆောင်နေဖို့ အရေးကြီးသလို အန္တရာယ်သတိပေးချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တဦးချင်းသာမက အဖွဲ့အစည်း၊ ဌာန၊ ကုမ္ပဏီတွေအားလုံး လိုက်နာမှုရှိမရှိဆိုတာ အမြဲတစေ ကြပ်မတ်ထိန်းကြောင်းဖို့လည်း လိုပါတယ်။
မီးလောင်မှုမဖြစ်ပွားအောင် ကာကွယ်ရမယ့် အစီအမံတွေနဲ့ အတူတွဲပါလာတဲ့ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ စီမံအုပ်ချုပ်သူတွေသာမက လုပ်သားပြည်သူတွေ အပါအ၀င် လူတိုင်းလူတိုင်းအပေါ်မှာ ဆိုင်ရာဆိုင်ရာ ကိုယ်စီကိုယ်ငှ ရှိပါတယ်။
မီးလောင်မှုဖြစ်ပွားတယ်ဆိုတာ အခြေအနေ အကြောင်းသုံးပါးပြည့်စုံမှ ဖြစ်တာပါ။ မီးလောင်တတ်တဲ့ပစ္စည်း လောင်စာ (Fuel)၊ အောက်ဆီဂျင် (Oxygen) နဲ့ အပူ (Heat) စတဲ့ အခြေအနေထဲက တခုခုမရှိရင် မီးမလောင်ပါဘူး။ အဲ့ဒီအထဲမှာ အောက်ဆီဂျင်ကို ဖယ်ရှားထိန်းချုပ်ဖို့ဆိုတာ ခဲယဉ်းတာမို့ လောင်စာတွေဖြစ်တဲ့ ဓာတ်ဆီ၊ ဓာတ်ငွေ့၊ သစ်သား၊ စက္ကူ၊ ပလတ်စတစ် စတာတွေကို စနစ်တကျ သိုလှောင်ထားမယ်၊ အပူဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေ ဥပမာ- လျှပ်စစ်ကြိုးတွေ မနိုင်ဝန်သုံးလို့ အပူလွန် လျှော့ဖြစ်စေမှု မဖြစ်အောင် ပညာပေး အရေးယူ တားဆီးလို့ ရပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အဆောက်အဦတွေ ဆောက်လုပ်ရာမှာ လိုက်နာရမယ့် အဆောက်အဦ ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ မီးအန္တရာယ်နှင့်ဆိုင်တဲ့ နည်းဥပဒေ (Fire Code)၊ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ (Building Code) စတာတွေ တိတိကျကျရှိဖို့လိုပြီး မှန်မှန်ကန်ကန် လိုက်နာအောင် ဆောင်ရွက်ဖို့လည်း လိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီနေ့အထိတိုင်အောင် အဲ့ဒီ Fire Code နဲ့ Building Code တွေကို စနစ်တကျ အတည်ပြုနိုင်သေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
စင်ကာပူမှာတော့ အဆောက်အဦတခုကို မဆောက်လုပ်ခင်မှာကို အောက်ပါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ (Act/Regulations/Codes) ကို လိုက်နာလို့ ဆောက်လုပ်ခွင့်လိုင်စင် လျှောက်ထားပြီး အတည်ပြုချက် ရယူကြရတယ်။
- Code of Practice on Buildability.
- Code on accessibility in the build environment.
- Code of Practice for Fire Precautions in Buildings (also known as Fire Code).
- Code for Environmental Sustainability of Buildings.
- Fire Safety Act.
- Fire Safety (Building Fire Safety) Regulation.
- CP 29 Code of practice for fire hydrant systems and hose reels.
- CP 10 Code of practice for the installation and servicing of electrical fire alarm systems.
- CP 52 Code of practice for automatic fire sprinkler system.
Code of Practice on Buildability ဆိုတာက ဆောက်မယ့်အဆောက်အဦရဲ့ အမျိုးအစားအလိုက် သူ့မှာရှိရမယ့် ဒီဇိုင်းအင်္ဂါရပ်တွေ ပြည့်စုံမှုရှိမရှိကို တိုင်းတာ အမှတ်ပေး လိုက်နာရအောင် ထုတ်ထားတဲ့ နည်းဥပဒေပဲ။ အောက်ပါ နမူနာဇယားကိုကြည့်ပါ။
Minimum Buildable Design Score
Code on accessibility in the build environment ဆိုတာကို အကြမ်းဖျင်းပြောရရင် ဆောက်လုပ်မယ့် အဆောက်အဦရဲ့ ၀န်းကျင်အနေအထား သင့်တော်မှုရှိမရှိ (ဥပမာ မီးသတ်ကား၊ သူနာပြုယာဉ် စတာတွေ ၀င်ထွက်သွားလာလို့ရမရ) ဆိုတာတွေ မဆောက်လုပ်ခင် သေသေချာချာ စစ်ဆေးအောင်ပြုထားတဲ့ နည်းဥပဒေတခုပါပဲ။
အဲ့ဒီဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ မညီညွတ်ပဲ ဆောက်ရင်၊ မလိုက်နာဘူးဆိုရင် ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်။
အဲ့ဒါတွေကို လိုက်နာလို့ ဆောက်လုပ်ပြီးတာနဲ့ မလုံလောက်သေးဘူး။ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အဆောက်အဦပိုင်ရှင်တွေ၊ နေထိုင်လုပ်ကိုင်သူတွေ နှစ်စဉ်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ (ဥပမာ- မီးလောင်မှု ကြုံလာရင် ဘယ်လိုရင်ဆိုင် ဆောင်ရွက်ရမယ်ဆိုတာ သိဖို့ လေ့ကျင့်ခန်းတွေ (Fire Drill)၊ အရေးပေါ်အခြေအနေမှာ လူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းတတ်ဖို့ လေ့ကျင့်ခန်းတွေ (Emergency Response Drill/ Evacuation Exercise) လုပ်ဆောင်ကြရတယ်။ အဲ့ဒါအပြင် နှစ်စဉ် မီးဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှု (Fire Safety Audit) ကို လုပ်ကြရတယ်။ အဲ့ဒီလို စစ်ဆေးဝင်တဲ့ အခါမှာလည်း အဖြစ်သဘော၊ အပြသဘောလောက် လုပ်လို့မရဘူး။ စုံစမ်းစစ်ဆေးသူကို လာဘ်ထိုးလို့လည်း မရဘူး။ အောက်မှာဖော်ပြထားတဲ့ စမ်းသပ်မှုတွေလုပ်ပြီး မှတ်တမ်းတွေယူတာ။
- Fire protection valves inspection. မီးလောင်မှုတားဆီးရေး ဘားခလုတ်များ စစ်ဆေးခြင်း၊
- Fire pumps flow tests. မီးသတ်ပန့်အားကောင်းမှု စစ်ဆေးခြင်း၊
- Test sprinkler water flow alarm systems. မီးငြိမ်းရေဖြန်းစနစ်စစ်ဆေးခြင်း၊
- Fire hydrants flow tests. မီးသတ်ငုတ်စစ်ဆေးခြင်း၊
ဥပမာဆိုရင် မီးသတ်ငုတ်များ အလုပ်လုပ်မလုပ် စစ်ဆေးခြင်းရလဒ် (hydrant flow test results) ဟာ ဖိအား ၂၀ ပီအက်စ်အိုင်နဲ့ တမိနစ်မှာ ၅၀၀ ဂါလံနှုန်း (500 gpm @ 20psi) ထက် ကျော်လွန်နေဖို့လိုတယ်။ မိန်းခလုတ်နဲ့ လျှပ်စစ်ဘုတ်ခုံတွေထားတဲ့ အခန်းတွေ ကွန်ပျူတာ ဆာဗာတွေထားတဲ့ အခန်းတွေမှာ မီးခိုးအနံ့ရရင် အချက်ပေးတဲ့ Smoke Detector တွေ တပ်ထားမထား ဆိုတာကအစ အသေးစိတ် စစ်ဆေးရတာ။
ဆိုခြင်တဲ့သဘောက အုပ်ချုပ်ပုံစနစ် မှန်ကန်ပြီး တရားဥပဒေစိုးမိုးတဲ့ တိုင်းနိုင်ငံတွေမှာ နေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေရဲ့ဘ၀ လုံခြုံစိတ်ချမှုဟာ အတော်အတန် စိတ်ချရတယ်။
မြန်မာနိုင်ငံလို အုပ်ချုပ်ပုံစနစ်ကလည်း မမှန်ကန်သေး၊ တရားဥပဒေစိုးမိုးမှုကလည်း မရှိသေးတဲ့ တိုင်းပြည်က ပြည်သူလူထုရဲ့ ဘ၀ကတော့ နေ့စဉ်နဲ့အမျှ စွန့်စားမှုတွေ မလိုအပ်ဘဲ ယူနေကြရတဲ့အပြင် ဘ၀လုံခြုံမှု မရှိဘူးဆိုတာ မင်္ဂလာဈေးမီးကြီးက သက်သေပြသွားတာပါပဲ။
နှစ်ကြိမ်တိုင်တိုင် မီးလောင်ဆုံးရှုံးမှု ကြုံရတဲ့ မင်္ဂလာဈေးသူဈေးသားတွေလို မြန်မာပြည်သူတွေဟာ ဘယ်လောက် ရိုးရိုးသားသား သမာအာဇီဝနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ကြိုးစား စုဆောင်းပေမယ့် ရှာထားတဲ့ ဓနဥစ္စာတွေဟာ လက်တဖျစ်အတွင်း ပျောက်ကွယ်သွားတာဟာ တချို့ကတော့ ဘ၀၀ဋ်ကြွေးပါလာတာပဲလို့ ဖြေတွေး တွေးရင် တွေးကြမယ်။
တကယ်တော့ ဘယ်မီးလောင်မှုမဆို ကြိုတင်ကာကွယ်နိုင်သလို အုပ်ချုပ်သူအစိုးရက သူ့တာဝန်သူယူပြီး ပြဋ္ဌာန်းရမယ့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ စနစ်တကျ ဆောင်ရွက်မယ်၊ ကြိုတင်ကာကွယ်မှု၊ ပညာပေးမှု၊ စစ်ဆေးအရေးယူမှုတွေ ထိထိရောက်ရောက် လုပ်မယ်ဆိုရင် ဒီလိုအဖြစ်ဆိုးတွေ မရှိသလောက်နည်းသွားမှာ ဖြစ်သလို တကယ်လို့ ဖြစ်ခဲ့ရင်တောင် အထိအခိုက်နည်းအောင် စီမံနိုင်တယ်ဆိုတာ သေချာပါတယ်။
မင်းကောင်းချစ်