ကြောက်စရာကောင်းတဲ့ ဇီကာဗိုင်းရပ်စ် အန္တရာယ်
DVB
·
February 8, 2016
ခုသီတင်းပတ်တွေအတွင်း နိုင်ငံတကာသတင်းမီဒီယာတွေမှာ နေရာယူ လူပြောသူပြော များလာ၊ သတိထားလာရတဲ့ကိစ္စကတော့ ကမ္ဘာကို စတင်ခြိမ်းခြောက်လာနေပြီဖြစ်တဲ့ ဇီကာ ဗိုင်းရပ်စ်လို့ခေါ်တဲ့ ကြောက်စရာ ဗိုင်းရပ်စ် ပိုးတမျိုးရဲ့ပြန့်ပွားကူးစက်လာမှု အန္တရယ်ပဲဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မေလထဲမှာ အမေရိကန်တလွှား ကျန်းမာရေး အဖွဲ့(PAHO) ကြီးက ဘရာဇီး နိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်ရောဂါဖြစ်ပွားမှုကို ပထမဆုံးအတည်ပြု သတိပေးလိုက်ပါတယ်။ ဒီလို ဘရာဇီးနိုင်ငံမှာ ရောဂါဖြစ်ပွားလာမှုက Guillain-Barre ရောဂါလက္ခဏာနဲ့ ကိုယ်ဝန်ဆောင်မိခင် တွေက မွေးရာပါ ချို့ယွင်းချက်တွေနဲ့ ကလေးတွေမွေးဖွားလာတာ၊ အားနည်းဆိုးဝါးတဲ့ ကိုယ်ဝန်ဆောင်မှု ရလဒ်တွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ ရောဂါထိမ်းချုပ်ရေးဗဟိုဌာနက ဒေသခရီးသွားတွေနဲ့ ဇီကာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားနေဆဲ နိုင်ငံတချို့ကို ခရီးသွားနေကြတဲ့သူတွေကို သတိပေးချက်တွေ ထုတ်ပြန်ပေး လိုက်ပါတယ်။
တကယ်တော့ ဇီကာ ကို လူသားတွေမှာစတင် တွေ့ရှိတယ်လို့ သတ်မှတ်ဖော်ထုတ်နိုင်ခဲ့တာက ၁၉၅၀ ခုနှစ်ထဲမှာဖြစ်ပြီး ဒေသတွင်းမှာသာ ပေါက်ပွားဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးလို့ပဲ သဘောထားခဲ့ကြပြီး မနှစ်က ဘရာဇီးနိုင်ငံမှာ ကြီးကြီးမားမား စတင်ဖြစ်ပွားလာခဲ့တဲ့ အချိန်အထိတော့ နှိုင်းယှဉ်မှုအရ အန္တရာယ်မရှိဘူးလို့ ယူဆထားခဲ့ကြတာဖြစ်ပါတယ်။ခုချိန်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကမ္ဘာ့တ၀ှမ်းလူထု ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့အပြီးမှာ ဇီကာဗိုင်းရပ်စ်ဟာ ကမ္ဘာတ၀ှမ်းလုံးကို ပေါက်ကွဲပြန့်ပွား သွားစေနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ဖော်ပြပြောဆိုလာပါပြီ။ အစကတော့ ဒီရောဂါပိုးကို အပူပိုင်း အသားဝါဖျားကို ကူးစက်ပြန့်ပွားစေခဲ့တဲ့ ခြင်ကနေ ကူးစက်ဖြစ်ပွားလာ တာလို့ သိထားခဲ့ကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ ကျား လို့ခေါ်တဲ့ ခြင်ကလည်း ဒီရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အေးဒိစ်အေဂျစ်ပ်တီ ခြင်မျိုးက ဒီဗိုင်းရပ်စ်ပိုးကို ကူးစက်ဖြစ်ပွားစေတယ်လို့ သိထားကြပေမယ့် အေးဒိစ်အယ်လ်ဗို ဖစ်တပ်စ်ကလည်း ဒီဗိုင်းရပ်စ် ပိုးကို ကူးစက်စေနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အထူးကျွမ်းကျင်သူ တယောက်ကတော့ တကယ်လို့သာခြင်အမျိုးသစ် တခုကနေ စတင်ကူးစက်ပြန့်နှံ့စေနိုင်တယ်ဆိုရင်တော့ စပိန်နိုင်ငံက ပြည်သူလူထု ထောင်သောာင်းချီပြီး ကူးစက်ဖြစ်ပွား နိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။
အသားဝါဖျားဖြစ်စေတဲ့ ခြင်မျိုးဖြစ်တဲ့ အေးဒိစ်အေဂျစ်ပ်တီ ကတော့ အမေရိက၊ ကရစ်ဘီယံ၊ ပစ္စိဖိတ်နဲ့ အာဖရိက တစိတ်တဒေသတွေမှာ ပြန့်ပွားကူးစက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တခြားခြင် အမျိုးအစားတမျိုးက ဇီကာဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပြန့်ပွားနိုင်တယ်ဆိုရင် ဒီရောဂါပိုး ကူးစက် ပြန့်ပွားမှုဟာ ဥရောပမှာ စတင်ကူးစက်လာနိုင်တယ်ဆိုပြီး စိုးရိမ်ကြောက်လန့်မှုတွေ ရှိလာနေပါပြီ။ ကက်တာလိုးနီးယား အခြေစိုက်သုတေသန ပါမောက္ခ ဖရက်ဒရစ် ဘာတူးမီးယပ်စ် ကတော့ တယ်လီဂရပ်ဖ် သတင်းစာကို တကယ်လို့များ အရမ်းနီးကပ်ဆက်နွယ်တဲ့ ကျား ခြင်မျိုး (အေးဒိစ်အယ်လ်ဗို ဖစ်တပ်စ်)ကသာ ရောဂါကို ကူးစက်ပြန့်နှံ့စေနိုင်တယ်ဆိုရင်တော့ စပိန်နိုင်ငံမှာ ဇီကာရောဂါ ဖြစ်ပွားမှုတွေ ထောင်သောင်းချီပြီး ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခုချိန်အထိတော့ အာရှနဲ့ အရှေ့တောင်အာရှဒေသတွေ အထိတော့ ကူးစက်ပြန့်ပွားလာတာ မတွေ့ရသေးပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့သတိပေးချက်ဖြစ်တဲ့ တကမ္ဘာလုံးကို ပေါက်ကွဲ ကူးစက်ပြန့်ပွား သွားစေနိုင်တဲ့ အလားအလာ ရှိနေတယ်ဆိုတာကိုတော့ သတိပြုပြီး အကောင်းဆုံး ကာကွယ်ရေးအစီအမံတွေကို ကြိုတင်ဆောင်ရွက်ထားကြဖို့ သက်ဆိုင်ရာနိုင်ငံတွေ အစိုးရတွေမှာ တာဝန်ရှိပါတယ်။
နိုင်ငံတိုင်းက ပြည်သူလူထုတွေအနေနဲ့ ဒီရောဂါရဲ့ ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှပဲ ဖြစ်လာခဲ့ရင် အချိန်မီ ဆေးကုသမှု ခံယူနိုင်ကြမှာဖြစ်ပါတယ်။ ဇီကာ ရောဂါ လက္ခာတွေကတော့ ….
- ဇီကာ ဗိုင်းစ်ပိုးကူးစက်ခံရသူ ၅ ယောက်မှာ ၁ ယောက်ဟာ ဖျားနာလာပါတယ်။
- ဇီကာရောဂါ ရဲ့ အတွေ့ရ အများဆုံး ရောဂါလက္ခဏာ တွေကတော့ အဖျား၊ အင်ပြင်ကွက်
- ဖျားနာလာမှုက အားပျော့ပြီး ရောဂါလက္ခဏာတွေက တပတ်လောက် အထိခံနေနိုင်ပါတယ်။
- ဇီကာ ရောဂါပိုးဟာ ရောဂါပိုးကူးစက် ခံရသူတယောက်ရဲ့ သွေးထဲမှာရက်ပိုင်းလောက် ရှိနေတတ်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ပိုပြီးအချိန်ပိုပြီးကြာကြာ ရှိနေ နိုင်ပါတယ်။
- ဆေးရုံတက်ပြီး ကုသရလောက်တဲ့ ပြင်းထန်တဲ့ ရောဂါမျိုးတော့ ဖြစ်လေ့မရှိပါဘူး။
- သေဆုံးတာမျိုးကတော့ ဖြစ်ခဲပါတယ်။