တနင်္သာရီမြို့တွင် စိတ်ကြွဆေးပြားများနှင့် သေနတ် ၂ လက် ဖမ်းဆီးရမိ
DVB
·
January 29, 2016
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာအနီး လူနေအိမ်တလုံးမှာ စိတ်ကြွဆေးပြားတွေနဲ့ သေနတ် ၂ လက် ဖမ်းဆီးရမိခဲ့ပါတယ်။
စိတ်ကြွဆေးပြားတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းအရ တနင်္သာရီ ရဲတပ်ဖွဲ့က ဗောဓိကမ်းကျေးရွာအနီး (တရုတ်ကျွန်း) နောင်ပြူးရဲ့ နေအိမ်တဲအတွင်း ဇန်န၀ါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ၀င်ရောက်ရှာဖွေရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာလို့ တနင်္သာရီမြို့နယ်ရဲစခန်းက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို နောင်ပြူးရဲ့ နေအိမ်တဲ မြောက်ဘက်ရှိ ကိုက် ၃၀၀ လောက်အကွာ ချောင်းနံဘေးလျှိုအတွင်း တဲငယ် ၁ လုံးမှာတွေ့ရှိပြီး တရားခံလို့ယူဆရတဲ့ နောင်ပြူးကတော့ တိမ်းရှောင် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပလတ်စတစ်ကော်သီးနဲ့ ပစ်ခတ်ရတဲ့ ဖိုင်ဘာသေနတ် ၁ လက်၊ အရှည် ၇.၅ လက်မခန့်ရှိ ထိုင်းနိုင်ငံလုပ် ခေါက်ချိုးသေနတ်အတို ၁ လက်၊ ကိုးလုံးကျည် ၁၂ တောင့်၊ ကျည်ခွံ ၄၀ ခု၊ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ ပြား၊ ဘိန်းစာမှုန့် ၁၀ ကျပ်သား၊ GPS map 76(GARMIN)(၁)လုံး၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။
နောင်ပြူးကို ဖမ်းဆီးရမိရေး တနင်္သာရီမြို့မရဲစခန်းက မယ(ပ)၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)၊ (ပ) ၉/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)အရ အမှုဖွင့်လှစ်ကာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ထားဝယ်မြို့မှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ထံကနေ ပစ္စတိုသေနတ် (၁) လက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၆ ပြားနဲ့ ICE ၁၂ ဂရမ်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
သတင်း - ကိုမြတ်ထွဋ် (မြိတ်)