ရွေးကောက်ပွဲ အလွန် (၃)
နေသွင်
·
January 27, 2016
(၅) ရှေ့အလားအလာ
(က) လွှတ်တော် နောက်ဆုံးရက်များ
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာလွှဲပြောင်းရေးကာလ အချိန်ဇယားက ကြာမြင့်ပါတယ်။ တရားဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးသက်တမ်း နှစ်ရပ်စလုံးကို ငါးနှစ်စီ အတိအကျ သတ်မှတ်ထားပြီး ရွေးကောက်ပွဲကျင်းပတဲ့ရက်ကိုလည်း လွှတ်တော်နဲ့ အစိုးရသက်တမ်းအရ သတ်မှတ်ပါတယ်။ ဒါကြောင့် မူမှန်မဟုတ်တဲ့ အကျိုးရလဒ်တွေ ပေါ်ထွက်လာပါတယ်။ လွှတ်တော်အဟောင်းရဲ့ သက်တမ်းက ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီအချိန်မှာ ရွေးကောက်ခံအမတ် အသစ်တွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ထိုကာလ မတိုင်ခင်အထိ လွှတ်တော်အဟောင်းမှာ ဥပဒေပြုခွင့် ရှိပါတယ်။ လွှတ်တော်အဟောင်းရဲ့ နောက်ဆုံးရက်တွေကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြန်လည်စတင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က အပြီးမသတ်နိုင်ခဲ့တဲ့ ဥပဒေကြမ်း ၄၅ ခုထက် မနည်းကို ပြန်လည် ဆွေးနွေးပါတယ်။
ဇန်န၀ါရီလကုန်ကျရင် အန်အယ်လ်ဒီက အများစု လွှမ်းမိုးထားတဲ့ လွှတ်တော်က ကျမ်းသစ္စာကျိန်ဆိုပြီးရင် လွှတ်တော်နှစ်ရပ်အတွက် အကြီးအကဲတွေကို ရွေးချယ်ပါလိမ့်မယ်။ အန်အယ်လ်ဒီက အများစုဖြစ်တဲ့အတွက် ဒီလို ရွေးချယ်တဲ့အခါမှာ စိတ်တိုင်းကျ ဆောင်ရွက်နိုင်ပါတယ်။ နောက်တဆင့်ကျရင် သမ္မတကို ရွေးချယ်မယ့် အစီအစဉ် လာပါမယ်။ ဒီအခါမှာတော့ အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါမယ်။
ပထမအဆင့်မှာတော့ သမ္မတရွေးချယ်ရေး အစုအဖွဲ့ သုံးခုက (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၊ လွှတ်တော်နှစ်ရပ်စလုံးက တပ်မတော် ကိုယ်စားလှယ်များ စုပေါင်းထားတဲ့ အစုအဖွဲ့) ဒုတိယသမ္မတ (သမ္မတလောင်း) တယောက်စီကို ရွေးချယ်ရပါတယ်။ လွှတ်တော်နှစ်ရပ်မှာ ဒုတိယသမ္မတတွေကို အများစုမဲနဲ့ ရွေးချယ်ပါတယ်။ အရည်အချင်း သတ်မှတ်ချက်မှာ လွှတ်တော်အမတ်ဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် အသက်၊ နိုင်ငံသား စတဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်သူ့ကိုမဆို တင်မြှောက်နိုင်ပါတယ်။ ဒုတိယသမ္မတတွေဟာ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံခြင်း ရှိ၊ မရှိကို လွှတ်တော်နှစ်ရပ်ရဲ့ အကြီးအမှူးတွေ၊ ဒုတိယအကြီးအမှူးတွေ ပါဝင်တဲ့အဖွဲ့က စိစစ်ရပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်တဲ့ သမ္မတလောင်းကိုတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားချက်နှင့်အညီ ဖြစ်ရပါတယ်။ တခြား တိကျတဲ့ လုပ်ငန်းစဉ် မရှိပါဘူး။
အစုအဖွဲ့ တခုစီက သမ္မတလောင်း တယောက်စီကို ရွေးချယ်ပြီးတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်တဲ့ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတကို မဲပေး ရွေးချယ်ပါတယ်။ မဲအများဆုံးရသူက သမ္မတဖြစ်လာပြီး ဒုတိယနဲ့ တတိယ မဲအများဆုံး ရသူတွေက ဒုတိယသမ္မတတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီက ပြတ်ပြတ်သားသား အများစုဖြစ်တဲ့အတွက် သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတာကိုလည်း ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
လုပ်ငန်းစဉ်က တပတ်ကနေ နှစ်ပတ်လောက်အထိ ကြာမြင့်နိုင်လို့ ဖေဖော်ဝါရီလဆန်းမှာ သမ္မတကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ရွေးချယ်ခံ သမ္မတက အစိုးရအဖွဲ့ ၀န်ကြီးတွေကို ရွေးချယ်တဲ့ လုပ်ငန်းက ရက်သတ္တပတ် အတန်ကြာနိုင်ပါတယ်။ ကက်ဘိနက် အဖွဲ့ဝင်တွေကို နောက်ဆုံးမှာ လွှတ်တော်က အတည်ပြုပေးရပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ ၀န်ကြီးတွေကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍက သိပ်မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရည်အချင်း သတ်မှတ်ချက်နဲ့ မကိုက်ညီမှသာ ပယ်ချနိုင်ပါတယ်။ လုံခြုံရေးဆိုင်ရာ အရေးကြီး ၀န်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေကိုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိတွေကို တာဝန်ပေး ခန့်အပ်ရပါတယ်။ သမ္မတနဲ့ အစိုးရအဖွဲ့သစ်ဟာ လက်ရှိအစိုးရ သက်တမ်း ကုန်ဆုံးမယ့် ၂၀၁၆ မတ်လ ၃၀ ရက်နေ့ကစလို့ တာဝန်လွှဲပြောင်းယူရပါတယ်။
(ခ) မချစ်သော်လည်း အောင့်ကာနမ်း
ဒါကြောင့် အစိုးရသစ်နဲ့ ရွေးကောက်ပွဲအနိုင်ရပါတီတို့ ကြားမှာ လအတန်ကြာအောင် ဂရုဓမ္မထားပြီး ခရီးဆက်ရမယ့်သဘော ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘာတွေဆက်လုပ်မလဲ ဆိုတာကို လူတွေက အာရုံစိုက်နေကြတယ်။ တဘက်မှာလည်း လက်ရှိအစိုးရ ခေါင်းဆောင်တွေမှာလည်း အာဏာရှိနေတုန်းပါပဲ။ ရှုပ်ထွေးမှုတွေနဲ့ တင်းမာမှုတွေက အလွယ်တကူ ပေါ်ထွက်လာနိုင်ပါသေးတယ်။ ဒါကြောင့်လည်း နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ဆီကို စာပို့ပြီး အသွင်ကူးပြောင်းရေးကိစ္စ ဆွေးနွေးဖို့ တောင်းဆိုခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ တွေ့ဆုံခဲ့ပြီး သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ဒီဇင်ဘာ ၂ ရက်နေ့မှာ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
အသွင်ကူးပြောင်းရေးကာလ ရှည်ကြာတဲ့အတွက် အန်အယ်လ်ဒီအတွက် လွှတ်တော်ကို လွှဲပြောင်းယူဖို့၊ သမ္မတရွေးချယ်ပြီး အုပ်ချုပ်ရေး တာဝန်တွေကို လွှဲပြောင်းယူဖို့အတွက် အချိန်ပိုရပါတယ်။ ဒီအခွင့်အရေးက အရေးကြီးပါတယ်။ အန်အယ်လ်ဒီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ လွှတ်တော်ထဲမှာ အမတ်နေရာ ၄၀ ကျော် ရရှိခဲ့ပါတယ်။ သူတို့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြီးတန်း ပါတီဝင်တွေ ပါဝင်တာကြောင့် သူတို့မှာ ဥပဒေပြုရေးလုပ်ငန်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတွေ့အကြုံ ရှိပါတယ်။ ဒါပေမယ့် သူတို့မှာ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံ နည်းပါးပြီး လက်တွေ့နည်းနာပိုင်း စွမ်းဆောင်ရည်မှာ အကန့်အသတ် ရှိပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ကို မောင်းနှင်တဲ့အခါမှာတော့ ကျားကုတ်ကျားခဲ ကြိုးပမ်းဖို့ လိုပါတယ်။ အန်အယ်လ်ဒီဟာ မူဝါဒပိုင်းနဲ့ ပတ်သက်လို့လည်း ချပြထားတာ မရှိသလောက် နည်းပါးနေပါသေးတယ်။ အတိုက်အခံ ဘ၀မှာတော့ ဘယ်လိုကိစ္စမှာ ၀င်ရောက် စွက်ဖက်မလဲ ဆိုတာကို ရွေးချယ်နိုင်ပေမယ့် အစိုးရအဖွဲ့မှာတော့ ဒီလို အခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။ အရေးကြီးတဲ့ နေရာတွေမှာ ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာကို မြန်မြန် ဆုံးဖြတ်နိုင်လေလေ၊ ပြင်ဆင်ချိန် ပိုရလေလေ ဖြစ်ပါလိမ့်မယ်။
ကြားကာလမှာ အမျှင်မပြတ်တဲ့ မေးခွန်းတခုက ဘယ်သူ့ကို သမ္မတတင်မလဲ ဆိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားသားဖြစ်နေတဲ့ သားနှစ်ယောက်နဲ့ ချွေးမတယောက် (ယူကေ) ရှိတာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အာဏာမရှိတဲ့ သမ္မတ တယောက်ကို ရွေးချယ်မယ်။ သမ္မတအထက်မှာ သူရှိပြီး နိုင်ငံရေးဆုံးဖြတ်ချက် အားလုံးကို သူပဲ ချမှတ်ပေးမယ်လို့ လူသိရှင်ကြား ပြောထားပါတယ်။
ဒီအစီအစဉ်က လက်တွေ့မှာ ဘယ်လိုဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အသေးစိတ် မေးမြန်းတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က တခြား နိုင်ငံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးတွေ ကျင်းပတဲ့အခါ သမ္မတက သူ့ဘေးမှာရှိမယ်လို့ ဖြေပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတမှာ အာဏာရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီရဲ့ ဆန္ဒပြည့်အတိုင်း ဖြစ်ဖို့ ထင်ရှားတဲ့လမ်းကြောင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတကို စိတ်ကြိုက် ကြိုးကိုင်ချင်တယ်ဆိုရင် ရုပ်ပြလည်း လုပ်လိုစိတ်ရှိ၊ အမိန့်အတိုင်း တသွေမတိမ်း လိုက်နာနိုင်မယ့် အပြည့်အ၀ ယုံကြည်စိတ်ချရသူကို ရွေးချယ်ရပါမယ်။
ဒီလို ရုပ်သေးသမ္မတကို ခန့်အပ်မယ်ဆိုရင် စစ်တပ်ကလည်း ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရအောင် တလျှောက်လုံး ကန့်ကွက်လာခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း လက်မခံခဲ့ပါဘူး။ ဖွဲ့စည်းပုံကို လက်တလုံးကြားလုပ်ပြီး နောက်ကွယ်ကနေ တိုင်းပြည်ကို အုပ်ချုပ်တာမျိုးကို စစ်တပ်က နှစ်သက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါတင်မက သမ္မတဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်တို့ရဲ့ ဥက္ကဋ္ဌတာဝန်တွေကိုလည်း ထမ်းဆောင်ရမှာဖြစ်လို့ အရည်အချင်း၊ စွမ်းဆောင်ရည်မရှိတဲ့ သမ္မတတယောက်ကို ရွေးချယ်မယ်ဆိုရင် စိုးရိမ်မှုက ပိုဆိုးသွားနိုင်ပါတယ်။
(ဂ) အစိုးရသစ်အတွက် စိန်ခေါ်မှုများ
အန်အယ်လ်ဒီ အစိုးရသစ်အတွက် ရင်ဆိုင်ရမယ့် ပြဿနာတွေက အများကြီးရှိပါတယ်။ အရေးအကြီးဆုံး ကိစ္စတခုကတော့ အန်အယ်လ်ဒီ အစိုးရဟာ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ စစ်အရာရှိတွေက ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေကို ကိုင်ထားပါလိမ့်မယ်။ ဒီဝန်ကြီးဌာနတွေက သမ္မတနဲ့ ကက်ဘိနက်ကို အစီရင်ခံတင်ပြရမှာ ဖြစ်ပေမယ့် စစ်တပ်ရဲ့ အမိန့်ပေးစနစ်အောက်မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ပြည်ထဲရေးအောက်မှာ ရဲတပ်ဖွဲ့၊ အကျဉ်းထောင်စနစ်နဲ့ အင်အားကြီးတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ရှိနေပါတယ်။ ထွေအုပ်ဌာနဟာ တနိုင်ငံလုံးရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှာ ကျောရိုးမဏ္ဍိုင် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အစိုးရသစ်အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရတာ အလွန်ခက်ခဲပါလိမ့်မယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် အစိုးရက ဦးဆောင်ဖို့ ခက်ခဲပါလိမ့်မယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း နောက်ထပ်တနှစ်လောက် တာဝန်ထမ်းဆောင်ဖို့ သေချာသလောက် ရှိပါတယ်။ အစိုးရသစ်က လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ဆက်ဆံရေး အခြေအနေအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အသွင်ကူးပြောင်းရေး ကာလမှာ သူတို့နှစ်ယောက် ဆက်ဆံရေးက အစကောင်းဖို့ အရေးကြီးပါတယ်။
အုပ်ချုပ်ရေးအာဏာကို မတ်လအကုန်မှာ လွှဲပြောင်းတဲ့အခါမှာ တတိုင်းပြည်လုံးရဲ့ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအပေါ်မှာ ကျရောက်သွားပါလိမ့်မယ်။ အပြောင်းအလဲဆိုတာကို ကြွေးကြော်ပြီး မဲဆွယ်ခဲ့တဲ့အတွက်လည်း ပထမ ရက်ပေါင်း ၁၀၀ မှာ သိသာတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ပေးရမယ့် ဖိအားတွေ ရှိနေပါလိမ့်မယ်။ အစိုးရသစ်နဲ့ အစိုးရဟောင်းတို့ကြားမှာ ဘာတွေကွာခြားသွားသလဲ ဆိုတာကို ပြသရပါမယ်။ ဒီကိစ္စက မလွယ်ပါဘူး။ လွယ်ကူတဲ့ အပြောင်းအလဲတွေ အတော်များများက အကောင်အထည် ဖော်ပြီးဖြစ်လို့ ခက်ခဲတဲ့အပိုင်း၊ အင်စတီကျူးရှင်းပိုင်း အပြောင်းအလဲတွေပဲ ကျန်ပါတော့တယ်။ ဦးသိန်းစိန် အစိုးရက ဒီအလုပ်တွေကို မလုပ်နိုင်ခဲ့တဲ့အတွက် အန်အယ်လ်ဒီလက်ထက်မှာ အဟောင်းအမြေ့ လုပ်နည်းလုပ်ငန်းတွေ၊ အရိုးစွဲ စိတ်နေစိတ်ထားတွေကို အလွယ်တကူ ပြောင်းလဲနိုင်မယ်လို့ စဉ်းစားစရာအကြောင်း မရှိပါဘူး။ အန်အယ်လ်ဒီကလည်း ရှင်းလင်းတဲ့ မူဝါဒတွေကို ချပြထားတာ မရှိသေးဘဲ ယေဘုယျတွေလောက်မှာပဲ ရပ်တန့်နေပါတယ်။
ဒါတွေကိုထောက်ရင် ကာလလတ် အရေးကြီးဦးစားပေး (တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးတို့လိုမျိုး အပြောလွယ်သလောက် အလုပ်ခက်တဲ့) ကိစ္စမျိုးတွေကို အန်အယ်လ်ဒီက စောနိုင်သမျှ အစောဆုံး လက်တွေ့လုပ်ပြဖို့ လိုအပ်ပါတယ်။ ရေတိုကာလမှာ ပြည်သူတွေရဲ့ ဘ၀တွေ သိသိသာသာ တိုးတက်လာဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမယ့်လည်း စီးပွားရေးနဲ့ နိုင်ငံရေး မျက်နှာစာမှာ တချို့ အပြောင်းအလဲတွေကို လုပ်ပြနိုင်မယ်ဆိုရင် အန်အယ်လ်ဒီဟာ အဓိက ပြဿနာတွေကို ကိုင်တွယ်ဖို့ ဆန္ဒရှိပြီး အပြောင်းအလဲကို ဖော်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြရာ ရောက်ပါလိမ့်မယ်။
တချို့ သိသာထင်ရှားတဲ့ ဥပမာတွေကို ပြောမယ်ဆိုရင် နိုင်ငံရေး လွတ်လပ်ခွင့်တွေကို တိုးပေးခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြတာတွေကို တရားမ၀င် သတ်မှတ်ထားတာကို ကင်းလွတ်ခွင့်ပြုခြင်း၊ ဒီလို ဆန္ဒပြခဲ့တဲ့အတွက် အကျဉ်းချခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ စီးပွားရေး မျက်နှာစာမှာလည်း mobile banking စနစ်ကို အမြန်ဆုံး ဖော်ဆောင်ပြီး ဗဟိုဘဏ်ရဲ့ လွတ်လပ်ခွင့်ကို အခုထက် အားကောင်းစေခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။
ဒါတင်မက အန်အယ်လ်ဒီအနေနဲ့ လက်ရှိအစိုးရက မနိုင်မနင်းဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ရင်ဆိုင်ရပါဦးမယ်။ ကချင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အချိန်မျိုးမှာ ရှုပ်ထွေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကိုင်တွယ်ဖြေရှင်းရပါမယ်။ ပြည်တွင်း ပြည်ပမှာ ဘက်ပေါင်းစုံ ၀ရုန်းသုန်းကား အခြေအနေမျိုးမှာ မက်ခရိုစီးပွားရေး တည်ငြိမ်စေဖို့ ထိန်းညှိရပါမယ်။ ရခိုင်ပြည်နယ်ရဲ့ အထိမခံ အခြေအနေကို ကိုင်တွယ်ရပါမယ်။ အမျိုးသားရေး ၀ါဒီတွေကလည်း အစိုးရသစ်ကို ပညာစမ်းလာနိုင်ပါတယ်။ နောက်ဆုံးဆိုပေမယ့် တန်းတူ အရေးကြီးတဲ့ ကိစ္စတခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအနေနဲ့ တရုတ်နဲ့ အနောက်နိုင်ငံတို့ကြားမှာ ချိန်ဆ ဆက်ဆံသွားဖို့ လိုပါတယ်။
(၆) နိဂုံး
ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် လူတွေက အပြောင်းအလဲကို ဘယ်လောက် တောင့်တပြီး သူတို့ဘ၀တွေ ပိုကောင်းဖို့ မျှော်လင့်ချက် မြင့်မြင့်မားမား ရှိနေသလဲဆိုတာ ပေါ်လွင်ပါတယ်။ စစ်အုပ်ချုပ်ရေးကို သမိုင်းနဲ့ချီ တော်လှန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအပေါ် ယုံကြည်ပုံအပ်ပြီး မဲပေးလိုက်တာလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မြင့်မားတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအတွက် တာဝန်တွေက မသေးပါဘူး။ အုပ်ချုပ်ရေး အတွေ့အကြုံပိုင်း အကန့်အသတ်ရှိပြီး လူသားအရင်းအမြစ် အလျှင်အမြန် မရတတ်နိုင်တဲ့ အခြေအနေမှာ အတက်ခရီးက မတ်စောက်ပါတယ်။ အစိုးရသစ်ကို ပြည်တွင်း ပြည်ပက ထောက်ခံသလို ပူးပေါင်းဆောင်ရွက်မှုတွေလည်း တခဲနက် ရရှိမှာဖြစ်လို့ အခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ တချိန်တည်းမှာ ရွေးကောက်ပွဲကြောင့် မြန်မာပြည်ရဲ့  အခြေခံပြဿနာတွေ ပြေလည်သွားတာတော့ မဟုတ်သလို လွယ်ကူတဲ့ အဖြေဆိုတာလည်း မရှိပါဘူး။ ပြဿနာတွေကို ပညာသားပါပါ မကိုင်တွယ်နိုင်ဘူးဆိုရင် အပေါင်းလက္ခဏာ အပြောင်းအလဲတွေ ပေါ်ပေါက်ဖို့ ပဋိပက္ခ စီမံခန့်ခွဲရေး ကာလက အချိန်ကြာမြင့်နိုင်ဖွယ် ရှိပါတယ်။