ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင်းသို့ လက်နက်ကြီးကျ၊ ကလေး ၂ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
January 25, 2016
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ထဲမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တဲ့အတွက် ကလေး ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညဥ့်သန်ခေါင်အလွန်မှာ မြို့ထဲကို လက်နက်ကြီး ကျည်ကျတဲ့ အတွက် နမ့်ဆန်မြို့လည်ခေါင် မင်္ဂလာရပ်ကွက်ထဲက နေအိမ် ၂ လုံးထိမှန်ပြီး ကလေး ၂ ယောက်ဒဏ်ရာရသွားတယ်လို့ တအာင်းပလောင်အမျိုးသားပါတီမှ ပြည်န ယ်လွှတ်တော်အမတ် ဦးဝင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
“၂၂ ရက်နေ့ ည ၁၂ နာရီခွဲ ၂၃ ရက်မနက်ပေါ့၊ လက်နက်ကြီး ကျည် ၂ လုံး ၃ လုံး မြို့ထဲကို ကျလာတယ်။ တချို့က အိမ်ရှေ့မှာကျတယ်။ တချို့က ခေါင်မိုးပေါ်ကျတယ်။ အိမ်တအိမ်မှာ ကလေး ၂ ယောက်က သေနတ်ပစ်သံကြားတော့ ကြောက်ပြီး သူတို့အဖေအမေအခန်းထဲကို ပြေးဝင်သွားတယ်။ အဲဒီမှာ လက်နက်ကြီအစတွေ သူတို့ကိုယ်ပေါ် ကျလာတာ၊ ကလေးက တယောက်က ၉ နှစ် တယောက်က ၁၂ နှစ်၊ နှစ်ယောက်လုံး ယောက်ျားလေး၊ အဲဒါ လားရှိုးဆေးရုံကို ပို့လိုက်ပြီး မနေ့က ခွဲစိပ်တယ်လို့ ပြောတယ်။”
လက်နက်ကြီးစကြောင့် နေအိမ် ၂ လုံးက ခေါင်မိုးတွေ အပေါက်ကြီးဖြစ်သွားကြောင်း၊ ပစ်ခတ်တဲ့ အချိန်မှာ ညသန်းခေါင်ကျော်ဖြစ်တဲ့အတွက် ဘယ်အဖွဲရဲ့လက်ချက်မှန်းမသိဘူးလို့ သူက ဆက်ပြောပါတယ်။
လက်နက်ကြီးကျတဲ့ နေအိမ်နဲ့ မလှမ်းမကမ်းမှာ နမ့်ဆန်အခြေစိုက် အစိုးရတပ်စခန်း တစ်ခု လည်းရှိနေကြောင်း၊ ခုရက်ပိုင်းအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာ အစိုးရတပ်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တို့ကြား ထိတွေ့ ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဦးဝင်းကျော်က ပြောသွားပါတယ်။