ချင်းမိုင်တွင် ဂက်စ်အိုးပေါက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး သေဆုံး
နန်းမြနဒီ
·
January 21, 2016
ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းကနေ ချင်းမိုင်မှာ အလုပ်လာလုပ်တဲ့ အသက် ၂၇ နှစ်ရွယ်ရှိ စိုင်းလောဝ်ဟိန်းဆိုသူဟာ ဂက်စ်ပေါက်ကွဲမှုဒဏ်ရာကြောင့် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
စိုင်းလောဝ်ဟိန်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၉ ရက် နေ့ခင်း ၁၂ နာရီကျော်က အလုပ်ကပြန်လာပြီး မာမားခေါက်ဆွဲပြုတ်စားဖို့ ပြင်ဆင်နေစဉ် ရုတ်တရက် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဇနီးဖြစ်သူ နန်းကိန်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီနေ့က ကျမတို့ နေ့လည်စာစားဖို့ မာမားခေါက်ဆွဲပြုတ်မလို့ လုပ်တာ၊ ဂက်စ်အိုးပေါ်မှာ ရေနွေးတည်ထားပြီး ကျမက တီဗွီကြည့်နေတယ်။ ၅ မိနစ်လောက်ကြာတော့ ရေနွေးရပြီထင်ပြီး စိုင်းလောဝ်က သွားကြည့်တယ်။ အဲဒီမှာ ဘာဖြစ်မှန်းမသိလိုက်ဘူး။ မီးထတောက်တယ်။ စိုင်းလောဝ်က ကျမကို အပြင်ထွက်ခိုင်းပြီး မီးကို သူငြိမ်းမယ်လို့ ပြောတယ်။ ကျမလည်း အိမ်နီးချင်းတွေကို လိုက်ပြီး အကူအညီတောင်းတာ၊ အခန်းထဲပြန်ဝင်လာတော့ စိုင်းလောဝ် တကိုယ်လုံး မီးလောင်နေပြီး၊ ပစ္စည်းတွေ အကုန်လုံးလည်း မီးလောင်ကုန်ပြီ ဘာတခုမှ မကျန်တော့ဘူး။ ကျမလည်း လန့်ပြီးမေ့သွားတယ်။ ကျမယောက်ျးကို သူများတွေ ဆေးရုံခေါ် သွားတယ်။ မနေ့က မနက် ၉ နာရီလောက်မှာတော့ ဆွန်တောက်ဆေးရုံမှာ ဆုံးသွားပါတယ် ရှင့်။”
ပေါက်ကွဲတဲ့ ဂက်စ်အိုးဟာ ပစ်ကနစ်အိုး အသေးစားလေးသာဖြစ်ကြောင်း၊ ခါတိုင်းလည်း အဲဒီ အိုးနဲ့ နေ့စဉ်ချက်ပြုတ်စားသုံးနေကျဖြစ်ပြီး အခုမှ ဘာကြောင့်ပေါက်ကွဲသလဲဆိုတာ နားမ လည် ကြောင်း သူက ဆက်ပြောပါတယ်။
စိုင်းလောဝ်ဟိန်း နဲ့ နန်းကိန်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကမှ မင်္ဂလာ ဆောင်ခဲ့တာဖြစ်ပြီး အိမ်ထောင်သက် တစ်လပြည့်တဲ့နေ့မှာ ခက်ပွန်းဖြစ်သူက အခုလိုဆုံးပါးခဲ့ တာဖြစ်ပါတယ်။
စိုင်းလောဝ်ဟိန်းဟာ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှ ဦးစိုင်းအောင်ဝင်း နဲ့ ဒေါ်နန်းထွေး ရင်တို့ရဲ့ သားအကြီးဆုံးဖြစ်ပြီး ရှမ်းလူငယ်အဖွဲ့ကနေ လူငယ်ဖွံ့ဖြိုးရေး၊ လူမှုကူညီရေး လုပ်ငန်းတွေ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်ပါတယ်။
သူ့ရဲ့ရုပ်ကလပ်ကို ၀ပ်ဆိုင်းမွန်း (မြန်မာကျောင်းတိုက်)မှာ ထားရှိပြီး နာရေးကူညီမှုအသင်းရဲ့ ကူညီမှုနဲ့ ဇန်န၀ါရီလ ၂၂ ရက် (သောကြာနေ့) မှာ မီးသဂြိုဟ်မှာဖြစ်ပါတယ်။