Home
မြန်မာသတင်း
ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွား
နန်းမြနဒီ
·
November 30, 2015
newspictures_2013_june_sspp-ssa
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ်ထဲမှာ နိုဝင်ဘာ ၂၉ ရက်က အစိုးရတပ်နဲ့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီ) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ်။ “မနေ့က မိုးမိတ်မြို့မြောက်ဘက် ၇ မိုင်၊ ၈ မိုင်လောက်ဝေးတဲ့  တောထဲမှာ ပစ်ခတ်မှုရှိတယ်။ တပ်မ ၇၇ လက်အောက်ခံ အစိုးရတပ်က ကျနော်တို့ရှိတဲ့ တောထဲကို ၀င်လာပြီး ထိုးစစ်ဆင်တယ်။ မနက် ၁၀ နာရီလောက်က မတ်မုန့်ဝမ်ရွာနားက တောထဲမှာ မိနစ် ၂၀ လောက် ပစ်ခတ်ကြတယ်။ အစိုးရတပ်ဘက်က အင်အား ၁၀၀ ကျော်တယ်၊ နေ့ခင်း တနာရီကျော်မှာကျတော့ ပန်ဆားစေးဆိုတဲ့ ဒေသမှာ၊ အဲဒီမှာ သူတို့ဘက်က ၉၀ လောက်ရှိလိမ့်မယ်။ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတွေတော့ မသိရပါဘူး။” ဒီပစ်ခတ်မှုတွေဟာ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) အဖွဲ့နဲ့ ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားစာ ပေးပို့ခဲ့တဲ့ ရက်မှာပဲ ဖြစ်ပွားခဲ့တာပါ။ အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မှာ တွေ့ဆုံပြီး စစ်ရေးပဋိပက္ခများ လျှော့ချရပ်ဆိုင်းရေး၊ ရှမ်းပြည်တပ်မတော်ဘက်က တပ်တွေ မိုင်းရှူး-မိုင်းနောင်ကားလမ်း မြောက်ဘက်ကို ဆုတ်သွားရေး၊ တိုက်ပွဲကြောင့် ပိတ်ထားတဲ့ စာသင်ကျောင်း ၁၇ ကျောင်းကို ပြန်ဖွင့်ရေး၊ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ပူးပေါင်းဆာင်ရွက်ဖို့ ကိစ္စတွေ မူအားဖြင့် သဘောတူထားကြပါတယ်။ တနိုင်ငံလုံး အပစ်ခတ်ရပ်စာချုပ် အန်စီအေမှာ ပါဝင်လက်မှတ် မထိုးသေးတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကစပြီး ထိုးစစ်ဆင်နေရာမှာ ၁ လကျော်အတွင်း ထိတွေ့ပစ်ခတ်မှု အကြိမ် ၁၀၀ နီးပါးရှိခဲ့ပြီး ကျေးသီး၊ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ် ၃ ခုက စစ်ဘေးရှောင် ပြည်သူပေါင်း ၁ သောင်းကျော် အိုးအိမ်လယ်ယာလုပ်ငန်းတွေ စွန့်ခွာ ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024