သပိတ်မှောက်ကျောင်းသားများကို ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို
DVB
·
October 28, 2015
ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က နိုင်ငံတော်သမ္မတကို အောက်တိုဘာ ၂၇ ရက်က မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံပြည်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးရေးအတွက် စဉ်းစားပေးဖို့ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းလိုက်တာပါ။
တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ပြည်သူများ ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း လူ့အခွင့်အရေးကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။
သမ္မတဦးသိန်းစိန်က ဖွဲ့ပေးထားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ဟာ အစိုးရသဘောထား ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၄၀ ကျော်လောက်ဟာ လတ်တလော သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင် တရားစွဲဆို ခံထားရပါတယ်။