ရေကြီးပျက်စီးသွားသည့် လယ်ဧကထက်ဝက်ကျော်ခန့် ပြန်လည်စိုက်ပျိုးနိုင်
DVB
·
October 20, 2015
မြန်မာနိုင်ငံအနှံ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်လကြာကာလအတွင်းမှာ ပျက်စီးသွားတဲ့ လယ်မြေဧကရဲ့ ထက်ဝက်လောက်ပဲ ပြန်လည်စိုက်ပျိုးနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောပါတယ်။
ဇွန်ဇူလိုင်လတွေအတွင်း ဆန်စပါး အဓိက စိုက်ပျိုးရာ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအပါအ၀င် ပြည်နယ်နဲ့တိုင်းတွေအနှံ့ ရေကြီးရေလျှံမှုကြောင့် လယ်မြေဧက ၁.၄ သန်းကျော်နစ်မြုပ်ခဲ့ရာမှာ လယ်မြေဧက ၈ သိန်းလောက် ပျက်စီးခဲ့တာပါ။
လက်ရှိမှာ ၅၆ ရာခိုင်နှုန်းဖြစ်တဲ့ ဧက ၄ သိန်းကျော် ပြန်လည်စိုက်ပျိုးနိုင်နေပြီး တစ်ဝက်နီးပါး လောက်တော့ မစိုက်ပျိုးနိုင်သေးပဲရှိနေတယ်လို့ ဒေါက်တာ စိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးရဲ့နွေနဲ့မိုးစိုက်ဧက ၁၉ သန်းမှာ ဧက ၄ သိန်း ပျက်စီးခဲ့တဲ့အတွက် ရာခိုင်နှုန်းနဲ့တွက်ရင် အကြမ်းဖျင်း ၂.၅ ရာနှုန်းလောက် သဘာဝဘေးကြောင့် ပျက်စီးသွား ပါတယ်။
မြန်မာပြည်ရဲ့ ဆန်အထွက်နှုန်းက ၁ နှစ်ကို ၁၄ သန်း ရှိပြီး ဒီနှစ်မှာ စိုက်ပျုးမြေ ၂.၅ ရာနှုန်းပျက်စီးခဲ့လို့ ဆန်အထွက်နှုန်း ၃ သိန်းလောက်လျှော့ကျနိုင်တယ်လို့ ဆန်စပါး အသင်းချုပ်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ စာနပ်ရိက္ခာဖူလုံရေး အတွက် ထိခိုက်မှု သိပ်မရှိဘဲ နည်းပါးတယ်လို့လည်း ဆိုပါတယ်။