တာ့ခ်ခရိုင်တွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်၊ အမှုဖြစ်စဉ် ပြန်သရုပ်ပြ (ရုပ်သံ)
DVB
·
October 1, 2015
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲမှာ မြန်မာအလုပ်သမားအချင်းချင်း ဓားထိုးမှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးသွားပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဖုပ်ဖရမြို့နယ် ဖုပ်ဖရကျေးရွာအုပ်စုထဲက လယ်စောင့်တဲထဲမှာ အလုပ်သမားတွေ ရန်ဖြစ်ပြီး လူသေမှုရှိကြောင်း ရွာသားတွေရဲ့ သတင်းပေးပို့ချက်အရ အခင်းဖြစ်ရာကို သွားရောက်ကြည့်ရှုရာမှာ ထိုးနှက်ရာ ဓားထိုးရာတွေနဲ့ သေဆုံးနေတဲ့ လူငယ် ၁ ဦးကို တွေ့ရှိခဲ့တယ်လို့ ဖုပ်ဖရမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ပရဆစ် ကျန်ကျရုန်းက ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ မြန်မာအလုပ်သမား ကိုမောင်ဆိုသူဖြစ်ပြီး ဒီမတိုင်ခင်က အဲဒီနေရာမှာ မြန်မာအလုပ်သမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောတဲ့အတွက် လူသတ်မှုကျူးလွန်သူတွေကို မရှေးမနှောင်းမှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရဲမှူးက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိသူ ၂ ဦးမှာ ကိုဇော် အသက် ၃၈ နှစ်နဲ့ ကိုငယ် အသက် ၃၉ နှစ်တို့ဖြစ်ပြီး သွေးပေနေတဲ့ သစ်သီးလှီးဓား ၁ လက်၊ မြက်ရိတ်ဓားကောက် ၁ လက်၊ အရှည် ၁ မီတာရှိ တုတ် ၁ ချောင်း စတဲ့ သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းမိတာလို့ ဆိုပါတယ်။
သူတို့ဟာ အရက်အတူသောက်ရင်း စကားများကြရာက ဒေါသကို မထိန်းနိုင်ဘဲ လူသတ်မှု ကျူးလွန်မိကြောင်း ၀န်ခံခဲ့ပြီး ပြုမူဆောင်ရွက်ချက်အားလုံးကို ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေရှေ့မှာ ပြန်လည်သရုပ်ဖော်ပြသခဲ့ပါတယ်။