ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေလီဦးခရီးသည်ယာဉ် တိမ်းမှောက်၊ ၈ ဦး သေဆုံး (ရုပ်သံ)
DVB
·
August 11, 2015
သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ရွှေလီဦး ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားပြီး ခရီးသည် ၈ ဦး သေဆုံးခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၅ ယောက်တို့ သေဆုံးခဲ့ပြီး ၂၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအထဲကမှ စိုးရိမ်ရတဲ့ လူနာ ၄ ဦးကို နေပြည်တော် ဆေးရုံကို လွှဲပြောင်းပေးလိုက်ပြီး ကျန် ၂၁ ယောက်ကိုတော့ ဖြူးမြို့ ဆေးရုံမှာ ကုသမှု ပေးနေတယ်လို့ ဖြုးးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဒီဗွီဘီကို ပြောပါတယ်။
ခရီးသည်တင်ကားဟာ ရန်ကုန်က နေ လားရှိုးမြို့ကို ထွက်ခွာလာတုန်း အမြန်လမ်း မိုင်တိုင်အမှတ် ၁၀၅၊ ၂ ဖာလုံ အရောက်မှာ မှောက်ခဲ့တာ ဖြစ်ပါတယ်။ ကားဘီးပေါက်တာ ဖြစ်ပြီး အရှိန်လည်း ပါတဲ့အတွက် တိမ်းမှောက်တာ ဖြစ်တယ်လို့ အမြန်လမ်း ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမြင့်က ပြောပါတယ်။