ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၆ ဘီးကားအရှိန်လွန် တိမ်းမှောက်
DVB
·
September 9, 2017
မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်း ပေပင်ကံတံတား ဒီနေ့မနက် ၇ နာရီလောက်က ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ပဲ တံတားအကာ ဘုတ်တိုင် ၆ ကို တိုက်မိ တိမ်းမှောက်ခဲ့ရာ လူ ၂ ဦး ဒဏ်ရာရသွားပါတယ်။
ဖြစ်စဉ်မှာ မန္တလေးကနေ ကုန်ပို့သွားတဲ့ ယာဉ်မောင်း ခင်မောင်ဝင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ပေပင်ကံတံတား ဘုတ်တိုင် ၆ တိုင်လုံးကို ဝင်တိုက်မိပြီး တိမ်းမှောက်လို့ ကားပေါ်လူ ၃ ဦးပါတဲ့အနက် လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။
စခန်းမှူး ရဲအုပ်သန်ထွန်းက “၆ ဘီးကားပေါ်မှာ ခင်မောင်ဝင်း၊ ခင်မောင်လင်း ဉာဏ်မင်းထွန်းတို့ ၃ ဦးပါလာတယ်၊ ၃ ဦးလုံး မြင်းခြံမြို့ကပါပဲ။ ရဲတပ်ဖွဲ့ဝင်တွေရယ် မီးသတ်အဖွဲ့ ကျန်းမာရေးအဖွဲ့နဲ့ သွားခဲ့တယ်၊ ခင်မောင်ဝင်း ဘယ်ဘက်ဒူး ဖူးရောင်နေတယ်၊ ခင်မောင်လင်းက ယာဘက်မျက်ခွံနဲ့ခြေသန်းကြွယ် ပွန်းပဲ့တယ်၊ ရဲတပ်ဖွဲ့ကားနဲ့ပဲ မိတ္ထီလာဆေးရုံပို့ပေးရတယ်” လို့ ပြောပါတယ်။
မိတ္ထီလာသီးကုန်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်း ခင်မောင်ဝင်းကို ယာဉ်မဆင်မခြင် မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)