အရေးပေါ်အခြေအနေ မကြေညာလို့ ပြည်သူအများကြီးနစ်နာတယ် - ရှေ့နေ ဦးကိုနီ
အေးနိုင်
·
August 4, 2015
လွန်ခဲ့တဲ့ရက်ပိုင်းက နိုင်ငံတ၀န်း မိုးတွေ ရေတွေ လျှံမတက်လာခင် မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး ကိုင်တွယ်ကူညီသင့်ပြီိလို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်တွန်းချက်ကို အကောင်အထည်ဖော်တာ မတွေ့ရဘဲ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ရေကြီးရေလျှံတွေ ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သဘာဝဘေးအန္တရာယ်ဒဏ် ခံရတဲ့ ဒေသတွေအဖြစ် အစိုးရဘက်က ဇူလိုင် ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။ ဘာကြောင့် အစိုးရက အရေးပေါ်အခြေအနေ မကြေညာတာပါလဲ။
ဒီအခြေအနေနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မေးမြန်းထားပါတယ်။
ဦးကိုနီခင်ဗျာ။ ပြီးခဲ့တဲ့သီတင်းပတ်က မိုးလေ၀သပညာရှင်က အရေးပေါ်အခြေအနေ ကြေညာဖို့ လိုအပ်တယ်လို့ အစိုးရကို တိုက်တွန်းခဲ့ပေမယ့် သမ္မတက မကြေညာခဲ့ပါဘူး။ ဘာဖြစ်လို့ပါလဲ။ ဖွဲ့စည်းပုံစာအုပ်မှာတော့ အစိုးရက ကြေညာမယ်ဆို ကြေညာနိုင်တယ်လို့ သာမန်လူအနေနဲ့ နားလည်လို့ပါ။
“ဟုတ်ကဲ့၊ အရေးပေါ်အခြေအနေ ကြေညာခြင်းဆိုတဲ့ စကားရပ်က အဓိပ္ပာယ်ဖွင့်ဆိုချက်က ၂ မျိုးရှိတယ်ခင်ဗျ။ သဘာဝဘေးအန္တရာယ်တခုခု ကျရောက်လို့ ဥပမာ- ငလျင်လှုပ်တာ၊ ရေကြီးတာ၊ လေမုန်တိုင်းတိုက်တာ ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာရင်လည်း အဲဒီပေါ်ပေါက်လာတဲ့ ပြဿနာကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင်ရယ်၊ အဲဒီအတွက် ကုန်ကျတဲ့စရိတ်ကို တရားဝင် အတည်ပြုချက်နဲ့ သုံးစွဲနိုင်အောင်ရယ် ဒါကတခု။ ဒုတိယတခု အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာက အုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားမှု ပျက်ပြားအောင် လုပ်တဲ့ဟာမျိုးရှိရင်၊ ဒါက လူတော်တော်များများ သိကြပါတယ်။ ကျနော်တို့ မိတ္ထီလာမှာကြေညာခဲ့တယ် ၂၀၁၂ ခုနှစ်က။ ရခိုင်ပြည်နယ်မှာ ကြေညာခဲ့တယ်။ အဲဒီ ၂ ခုကို နည်းနည်းလေး ရောထွေးနေကြတဲ့သဘော တွေ့ရတယ်။"
"အမှန်ကတော့ အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာဟာ ၂ ခုစလုံးမှာ ကြေညာလို့ရတယ်။ အခုတော့ အစိုးရက ကျနော်မြင်တာ ဒါက ဥပဒေနဲ့ သိပ်မဆိုင်တော့ဘူး။ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးရမယ့်ဟာကို ဆွဲလိုက်တယ်။ နောက်ဆုံး ကြေညာတာတောင်မှ အရေးပေါ်အခြေအနေ မဟုတ်ဘူး။ ဒါ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကတော့ အရေးပေါ်အခြေအနေ ကြေညာလိုက်လို့ရှိရင် ဝေဖန်မလား၊ တခုခုတော့ ပြောဆိုမှာလားဆိုတဲ့ စိုးရိမ်ချက်များ အစိုးရမှာ ရှိနေသလားလို့ တွေးမိတယ်။"
"နောက်တခု ခန့်မှန်းမိတာက ၂၀၀၈ မှာ (နာဂစ်လေမုန်တိုင်းကာလ) တော်တော် နှေးနှေးကွေးကွေး လုပ်ခဲ့တယ်။ အများကြီးလည်း သေသွားတယ်၊ အခုကျမှ ဒါကို လုပ်ပြန်ရင် ဟိုတုန်းက မလုပ်ခဲ့ဘူး၊ အခုကျမှ လုပ်တယ်ဆိုပြီးတော့ ပြောဆိုဝေဖန်လာမှာတွေကို စိုးရိမ်လို့လား။ ကျနော့်အယူအဆကတော့ လုပ်သင့်လုပ်ထိုက်တာတခုကို မလိုအပ်ဘဲ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် အများကြီး ထိခိုက်နစ်နာသွားတယ်လို့ ဒီလိုပဲ သုံးသပ်ချင်တယ်။ ဘာကြောင့်တုန်းဆိုတော့ အရေးပေါ်အခြေအနေ ကြေညာဖို့ သတ်မှတ်ချက်စံနှုန်းက အမှန်ပြောလို့ရှိရင် မရှိဘူး။ အရေးပေါ်အခြေအနေ ကြေညာဖို့အတွက် ဘယ်လိုကိစ္စမျိုးတွေဖြစ်မှ၊ ဘယ်လိုအချက်အလက်တွေနဲ့ ပြည့်စုံမှ အရေးပေါ်အခြေအနေ ဖြစ်တယ်လို့၊ အရေးပေါ်အခြေအနေ ကြေညာရမယ်လို့ စံနှုန်းသတ်မှတ်ချက်မရှိဘူး။ အဲဒါဟာ လုံးဝ အစိုးရအဖွဲ့အပေါ်မှာပဲ မူတည်တယ်။"
"ဆိုလိုတာကဗျာ သူ လွတ်လွတ်လပ်လပ်ကြီးကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ရေတွေကြီးနေပြီ၊ လူတွေသေနိုင်တယ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီးသွားမယ်၊ ကျွဲနွားတိရစ္ဆာန်တွေ သေတော့မယ်၊ ဒါကြောင့် ဒါကို အရေးပေါ်အခြေအနေလို့ သတ်မှတ်လိုက်တာနဲ့ တပြိုင်နက် လိုအပ်တဲ့အင်အားတွေကို ကျနော်တို့က ပို့လို့ရသွားပြီ။ နောက်အရေးကြီးဆုံးက ဘတ်ဂျက်ကို ကျနော်တို့က သုံးလို့ရသွားပြီ။ အရေးပေါ်အခြေအနေဆို သုံးလို့ရတယ်။ နောက်က လွှတ်တော်က လိုက်အတည်ပြုမှာ။ ဒါ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို မသုံးဘူး။ သုံးသင့်တာကို မသုံးဘူး။ ကျနော်တို့ကတော့ ဒါကို မကျေနပ်ဘူး၊ ကြိုက်လည်းမကြိုက်ဘူး။ အစိုးရဟာ မိမိမှာရှိတဲ့ အခွင့်အာဏာကိုသုံးပြီးတော့ အခုလို ပျက်စီးနစ်နာဆုံးရှုံးမှုတွေကို တတ်နိုင်သမျှ ကာကွယ်နိုင်ပါလျက်နဲ့ မကာကွယ်နိုင်တာဟာ အရေးပေါ်အခြေအနေ ကြေညာခြင်း၊ မကြေညာခြင်းနဲ့ အများကြီးဆက်စပ်တယ်။ အရေးပေါ်အခြေအနေကြေညာပြီးတာနဲ့ နောက်ဆက်တွဲလုပ်ရမယ့် အလုပ်တွေက တခါတည်းကို တန်းစီပြီးလာတော့မှာကိုး။ ဒါဆို ကျနော်တို့က အများကြီး ကာကွယ်ပေးနိုင်တယ်။"
"အခုလည်း အော်နေတယ်နော်။ မုန်းချောင်းက လွှတ်လိုက်တဲ့ရေတွေဟာ ကြီးအုံကြီးဝ (ဆည်) မှာ လာပိတ်မယ်၊ ကြီးအုံကြီးဝရဲ့ အောက်မှာရှိတဲ့ရွာတွေဟာ အန္တရာယ်ရှိနေတယ်။ အခုလည်း ဖေ့စ်ဘွတ်ခ်မှာ ကျနော်တို့က တွေ့နေတယ်။ ဒါတွေကိုဖယ်ပေးပါလို့ ဆည်မြောင်းပညာရှင်တွေက ပြောတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးအာဏာပိုင်တွေက ဒါတွေကို သူတို့ဖယ်ပေးဖို့ အခက်အခဲတွေ ဖြစ်နေတယ်တဲ့။ ဆိုလိုတာက တကယ်လို့များ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်ဆိုရင် ကျနော်တို့ရှိတဲ့ အင်အားအကုန်သုံးသွားမယ်၊ တပ်အင်အား၊ ရဲအင်အား၊ တခြားတခြားသော လေယာဉ်ပျံတွေ၊ ရှိသမျှပေါ့ဗျာ ကျနော်တို့မှာရှိတဲ့ အရင်းအမြစ်တွေသုံးပြီး ကာကွယ်ပေးနိုင်တယ်။ အဲဒီတော့ ကျနော်ထင်ပါတယ် အစိုးရဟာ အတွေ့အကြုံအားနည်းတာလား၊ အရေးပေါ်အခြေအနေ ကြေညာပြီး ဆောင်ရွက်ရမှာကို မ၀ံ့မရဲဖြစ်နေသလား တခုခုတော့ ကျနော်တော့ အဲလိုပဲ မှတ်ချက်ပေးချင်တယ်ဗျ။”
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် လှန်ကြည့်တော့ “အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ” ပါ ပုဒ်မ ၄၁၂ (က) မှာ “တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း။ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။” လို့ ပါရှိပါတယ်။ အဲဒီလိုလုပ်ပိုင်ခွင့်ပေးထားတယ်။ အဲဒီမှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ စကားလုံးတော့မပါဘူး ခင်ဗျ။ အဲဒီပေါ်မှာ ဘယ်လိုမြင်ပါသလဲခင်ဗျ။
“အဲဒီလိုမေးမှကောင်းတာ။ အတိအကျ အဲဒီအတိုင်းပဲ ပြန်ဖြေကြရအောင်။ အဲဒီပုဒ်မထဲမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် အန္တရာယ်ကျရောက်ရင် အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်။ ကျန်တဲ့ဟာ လုပ်ထုံးလုပ်နည်းတွေ။ ကာလုံကိုတင်တာတို့ အတည်ပြုချက်တို့ ခနထားတော့နော်။ အဲဒီတော့ အရေးပေါ်အခြေအနေက လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ရင် ကြေညာနိုင်တယ်။ အိုခေ ဟုတ်လား ကျနော်တို့ ၂၀၁၂ တုန်းက လူတွေ သေကုန်ပြီ၊ သတ်ကုန်ပြီ၊ ချကုန်ပြီ၊ အရေးပေါ်အခြေအနေ ကြေညာတယ်။ မိတ္ထီလာမှာ သေကုန်ပြီ သတ်ကုန်ပြီ။ ဆိုလိုတာက လူတွေ လိုက်သတ်လို့သေမှ အရေးပေါ်အခြေအနေ မဟုတ်ဘူး။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် လူတွေ သေဖို့ အကြောင်းအရာ ပေါ်ပေါက်လို့ရှိရင် အရေးပေါ်အခြေအနေ ကြေညာလို့ရတယ်။ အဲတော့ အဲဒီဥပဒေရေးတာက ကောင်းတယ်။"
"အကယ်လို့များ အုပ်ချုပ်ရေးပျက်ပြားလို့ လူတွေ အသက်အန္တရာယ် ရှိတယ်ဆိုရင် အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်ဆိုရင် သဘာဝဘေးအန္တရာယ်က မပါတော့ဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သေဖို့ကျေဖို့ရှိရင် အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်ဆိုရင်၊ လူတွေ ၀ိုင်းရိုက်နေရင် သတ်နေရင် အဲဒါ လုပ်လို့မရဘူးဖြစ်မယ်။ အဲဒီတော့ ဥပမာတခုခုကို ရေးမထားလို့ရှိရင် အဲဒါ လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ပေးတဲ့ အဓိပ္ပာယ်။ သဘောကတော့ လူသေဖို့ရှိနေပြီ၊ ပျက်စီးဆုံးရှုံးဖို့ရှိနေပြီဆိုရင် အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်။ သုံးလို့ရပါတယ်။ မသုံးတာ။ ခုနလို သူတို့အဓိပ္ပာယ်ဖွင့်ဆိုပုံက လူတွေက ဆန္ဒပြတာတို့၊ ၀ရုန်းသုန်းကားဖြစ်တာတို့ ဒါမှပဲ လုပ်ရမယ်ထင်နေတာ။ သဘာဝဘေးအန္တရာယ်လည်း လူသေနိုင်တာပဲလေ။”
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းက အမေရိကန် လေယာဉ်တင်သင်္ဘောက ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ရှိခဲ့တဲ့ အနေအထားတွေ ရှိခဲ့တာကို ထောက်ပြီး ဘဘာဝဘေးအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေကြေညာရင် နိုင်ငံတကာက ၀င်စွက်ဖက်လာမှာ၊ အတင်းဝင်ရောက်ကူညီမှာတွေ ဖြစ်လာမှာကို အစိုးရက ထိတ်လန့်တာများဖြစ်မလား။
“မဖြစ်နိုင်ဘူးခင်ဗျ။ အဲဒါ လုံးဝမဖြစ်နိုင်ဘူး။ ကျနော်တို့ အချုပ်အခြာအာဏာဆိုတဲ့ သဘောရှိပါတယ်။ sovereign power ဆိုတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာအရ နိုင်ငံခြားတိုင်းပြည်တခုခု၊ နိုင်ငံခြားအစိုးရ အဖွဲ့တခုခုက ကူညီချင်ရင် ကျနော်တို့တိုင်းပြည်ရဲ့ တကယ့်အုပ်ချုပ်ရေး အာဏာပိုင်အစိုးရ သဘောတူမှပဲ ၀င်လို့ရပါတယ်။ အဲဒါဟာ လုံလောက်သော အကြောင်းပြချက် မဟုတ်ဘူး။ သူတို့မေးလာမှာပဲ ခင်ဗျားတို့သိပ်ပြီးတော့ အရေးကြီးနေပြီလို့ သိရတယ်။ ကျနော်တို့ ဘာကူညီရမလဲဆိုတဲ့ offer (ကမ်းလှမ်းမှု) ပဲ လာမှာပါ။ ကောင်းသော offer ပဲ လာမှာပါ။ ကျနော်တို့ကို ဘာမှ ဒုက္ခပေးဖို့ မရှိပါဘူး။ ကျနော်တို့ ဒုက္ခဖြစ်နေတဲ့ အနေအထားမှာ ဘယ်သူကမှ အခွင့်အရေးယူဖို့လည်း မရှိပါဘူး။ ကူညီဖို့သာရှိမှာပါ။ အခုလည်း ကျနော်တို့ကြားတာက အမေရိကန်ကလည်း ကမ်းလှမ်းနေပြီလို့တော့ ကြားတာပဲ။ ဒါပေမယ့် ဒီဘက်က အကြောင်းမပြန်သေးဘူးလို့ ကြားနေတာပဲ။”