အကျဉ်းသား ၇ ထောင်ခန့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေး
DVB
·
July 30, 2015
နိုင်ငံခြားသား ၂၀၀ ကျော်အပါအ၀င် မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေကနေ အကျဉ်းသား၊ အကျဉ်းသူပေါင်း ၆၉၆၆ ဦးကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဒီကနေ့ ဇူလိုင် ၃၀ ရက်မှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံပြီးတဲ့အပြင် ထောင်ကျခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်တဲ့ အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့ကို နိုင်ငံတော်တည်ငြိမ် ရေးနှင့် ထားရဝငြိမ်းချမ်း မှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း သမ္မတက လွှတ်ပေးခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ မြန်မာနိုင်ငံသားအကျဉ်းသား ၆၇၅၆ ဦးပါဝင်ပြီး နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးကိုတော့ နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေးကာ ပြည်နှင်ဒဏ်ပေးခဲ့ တယ်လို့ ဆိုပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ပါသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ နို်င်ငံရေးအကျဉ်းသား ၃၅၀ ကျော် အပါအ၀င် အကျဉ်းသားပေါင်း ၇ သောင်း ၁ ထောင်ကျော် ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက မကြာသေးခင်ကမှ လွှတ်တော်မှာ ပြောကြားထားပါတယ်။