Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံကို ဇနီးမယားအဖြစ် အများဆုံး လူကုန်ကူးခံရ
ပိုင်စိုး
·
July 24, 2015
Human trafficking
ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားဖို့အတွက် မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခံရနေရတယ်လို့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသစ်ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်ပတ်လည် အစီရင်ခံစာမှာ လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဓမ္မထိမ်းမြားဖို့အတွက်ဖြစ်ပြီး လူကုန်ကူးမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံကို ဦးတည်ခဲ့တာလို့ဆိုပါတယ်။ ဒီအထဲမှာ အဓမ္မခိုင်းစေမှုနဲ့ ပြည့်တန်ဆာပြုမှုက ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒုတိယရဲမှူးကြီး သက်နောင်က “ဒီနှစ် မေလလောက်အထိ လူကုန်ကူးမှု ၆၀ လောက်ဖြစ်ခဲ့တယ်၊ ဒီမှာလည်း အရင်နှစ်တွေကလိုပဲ တရုတ်နိုင်ငံကို ဦးတည်ပြီး ဖြစ်တဲ့အမှုက ပိုများတယ်၊ နောက်ပြီးတော့ တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ဖို့အတွက် လူကုန်ကူးတဲ့ ဖြစ်စဉ်က ပိုများတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ လူကုန်ကူးခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဧရာဝတီတိုင်းက ဖြစ်ပြီး အမျိုးသမီး ၆၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ ရှမ်းပြည်နယ်မှာ အမှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်ပွားခဲ့ပြီး တရားခံတွေကတော့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင်တော့ လူကုန်ကူးခံရတာရော ဖမ်းဆီးရတာပါ ပိုလာပါတယ်။ ဒုတိယရဲမှူးကြီး သက်နောင်က “အဓိက စားဝတ်နေရေး မပြေလည်မှုပေါ့။ မိဘ၊ သားသမီးကို ချမ်းချမ်းသာသာ ထားချင်တယ်။ ပြည်တွင်းမှာ အလုပ်လုပ်ပြီး လူလတ်တန်းစား ဘ၀ကိုတောင် မပိုင်ဆိုင်တဲ့အခါမှာ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့အခါ အကာအကွယ်က အားနည်းသွားပြီ။ တရားမ၀င်သွားကြတဲ့ သူတွေအတွက် လူကုန်ကူးခံရဖို့ အလားအလာ အများကြီးရှိတာပေါ့” လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ လူကုန်ကူးမှု ၁၂၄ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၃၆၇ ဦးနဲ့ လူကုန်ကူးခံရသူ ၃၀၉ ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း  ကြည့်မြင်တိုင် သီတာရပ်ကွက်နေ အမျိုးသမီးတဦးက အသက် ၂၀ အရွယ် သမီးဖြစ်သူကို တရုတ်နိုင်ငံသား တဦးထံ ကျပ်ငွေ သိန်း ၃၀ နဲ့ ဇနီးမယားအဖြစ် ရောင်းချမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်းသတင်းစာတွေမှာ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024