Home
ဆောင်းပါး
ကိုယ်တိုင်ဖောက်ထုတ်ရမယ့် သွေးဆိုးပြည်ပုပ် စိတ်ယုတ်သန္ဓေ
DVB
·
July 22, 2015
min kaung kyit
၁၉၆၂ ခုနှစ် မတ် ၂ ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း သေနတ်ဖောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံတော်အာဏာကို ပြည်သူ့ထံကနေ ဓားပြတိုက်လုယူမှုဟာ လူလူချင်း ဗိုလ်ကျစီးပိုးရေး အလံကို ဒို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ တရားဝင် စိုက်ထူလိုက်တာပဲ ဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းပြီး ၃ လအကျော် ဇူလိုင် ၇ ရက်နေ့မှာ အာဏာသိမ်းမှုကို လက်မခံတဲ့ ကျောင်းသူကျောင်းသားတွေဟာ တက္ကသိုလ်နဲ့ ကျောင်းသားတွေရဲ့ လွတ်လွတ်လပ်လပ် ရပ်တည်မှုကို ထိပါးလာတာ ကာကွယ်ဖို့၊ တက္ကသိုလ်ကောင်စီမှာ စစ်တပ်က အရာရှိကြီးများ ဝင်ရောက်ချယ်လှယ် ကြီးစိုးလာတာကို ဆန့်ကျင်ဖို့ ရန်ကုန်တက္ကသိုလ်ထဲမှာ လှုပ်ရှားဆန္ဒပြခဲ့ကြတယ်။ ဒီလှုပ်ရှားမှုကြီးအပေါ် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မကြိုးစားဘဲ လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ် အနိုင်ကျင့်ခဲ့လို့ မိဘပြည်သူတွေရဲ့ ရင်သွေး ကျောင်းသားရာချီ အသက်ဆုံးပါးခဲ့ရတာ မဟုတ်လား။ သူတို့ရဲ့ အာဏာ မတရားသိမ်းပိုက်မှုကို ဖုံးကွယ်ချင်တော့ ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို နိုင်ငံရေး သွေးထိုးလှုံ့ဆော်သူတွေရဲ့ ခိုအောင်းရာ အသိုက်အမြုံလို့ တံဆိပ်ကပ်ပြီး ဇူလိုင် ၈  ရက်နေ့ နံနက် ၆ နာရီမှာ ဒိုင်းနမိုက်နဲ့ ဗုံးခွဲဖြိုချပစ်ခဲ့တာလေ။ အဲဒီ သမိုင်းဆိုးသမိုင်းညစ် အဖြစ်အပျက်ကြီးဟာ လက်နက်ရှိသူက လက်နက်မဲ့သူတွေအပေါ်၊ အားကြီးသူက အားနည်းသူတွေအပေါ် ဗြောင်ကျကျ အနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲ လက်ပြောင်းယူနိုင်ဖို့ အမွေဆိုးကို ထားရစ်ခဲ့တာလည်း ဖြစ်တယ်။ အဲဒီကတည်းက ဒို့နိုင်ငံမှာ အာဏာရှိသူက အာဏာမဲ့သူတွေအပေါ် အနိုင်ကျင့်တာ၊ လူမျိုးကြီးက လူမျိုးငယ်စုတွေအပေါ် အနိုင်ကျင့်တာ၊ မိသားစုတစုထဲမှာတင် လင်က မယားကို အနိုင်ကျင့်တာ၊ မယားက လင်ကို အနိုင်ကျင့်တာ၊ မိဘက သားသမီးကို အနိုင်ကျင့်တာ၊ သားသမီးက မိအိုဖအိုကို အနိုင်ကျင့်တာ၊ ဆရာက တပည့်အပေါ် အနိုင်ကျင့်တာ၊ ညီအစ်ကို မောင်နှမသားချင်းအကြား အနိုင်ကျင့်တာတွေ ပိုရှိလာသလို ၀န်ထမ်းလောကမှာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအထဲမှာ အထက်အရာရှိက အောက်လက်ငယ်သားတွေကို နိုင်လိုမင်းထက် ပြုကျင့်သလို အဆက်အသွယ်ကောင်းတဲ့ လက်အောက်ငယ်သားကလည်း ရိုးသားတဲ့ အထက်အရာရှိကို အနိုင်ကျင့်တာတွေ၊ အုပ်စုဖွဲ့ ဗိုလ်ကျတာတွေ ပိုဖြစ်လာတော့တယ်လေ။ ကျောင်းသားအဖွဲ့အစည်းတွေ အကြားမှာ၊ သံဃာအဖွဲ့အစည်းတွေ အထဲမှာ၊ လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာတခုနဲ့ တခုအကြား၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအပင်းတွေ အထဲမှာ အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေ တရားဝင်လို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာ တွေ့လာရတယ် မဟုတ်လား။ ဒို့တိုင်းပြည်မှာ ဗွက်ထအောင် ဖြစ်ပွားနေတဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ကြည့်လိုက်ရင် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖြစ်ပွားနေတာ တွေ့ရတယ်။ တချို့က ကိုယ်ကာယဗလအားကိုးနဲ့ အနိုင်ကျင့်ကြတယ်။ တချို့က လက်နက်အားကိုးနဲ့ ဗိုလ်ကျတယ်။ တချို့က စီးပွားရေးအင်အားနဲ့ အနိုင်ကျင့်ကြတယ်။ တချို့က ဉာဏ်ရည်အားကိုးနဲ့ ဗိုလ်ကျတယ်။ တချို့က အဆက်အသွယ် အပေါင်းအသင်းအားကိုးနဲ့ အနိုင်ကျင့်တယ်။ တချို့က အရေအတွက်အင်အားနဲ့ အများစုက အနည်းစုကို စော်ကားအနိုင်ကျင့်ကြတယ်။ တချို့က လုပ်ပိုင်ခွင့်အာဏာနဲ့ အနည်းစုက အများစုကို ဗိုလ်ကျကြတယ်။ တချို့ကျတော့ မွေးကတည်းက သန္ဓေဆိုး ဉာဉ်ဆိုးနဲ့ တမင်သက်သက် ဗိုလ်ကျရတာကို နှစ်သက်ရင်းစွဲရှိတဲ့ လူ့ဂျပိုးတွေ ဖြစ်နေတတ်သလို တချို့ကျတော့ ဗိုလ်ကျလိုတဲ့စိတ် မရှိပေမယ့် အစဉ်အလာအဟောင်း၊ ဓလေ့အဟောင်းတွေကြောင့် မရည်ရွယ်ဘဲ ဗိုလ်ကျသလို ဖြစ်နေတတ်တာတွေ သတိပြုမိဖို့ လိုတယ်။ ဆိုလိုချင်တဲ့သဘောက အုပ်ချုပ်သူအစိုးရ ကိုယ်တိုင်က လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူကို ဗိုလ်ကျအနိုင်ကျင့်ခဲ့တော့ ခေါင်ကစလို့ ကြမ်းပြင်အထိ ပိုင်ရာဆိုင်ရာအလိုက် ဗိုလ်ကျစီးပိုးလိုက်ကြတာ ဒို့နိုင်ငံလည်း တောစိတ် အရိုင်းစိတ်ဝင်တဲ့ တစ္ဆေစိမ်းတိုင်းပြည်ကြီးလုံးလုံး ဖြစ်ခဲ့ရတာ မဟုတ်လား။ အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျတာကို Bullying လုပ်တယ်လို့ သုံးနှုန်းတယ်။ လူတဦးက အခြားတဦးကို ဒါမှမဟုတ် လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို ဘာကြောင့် အနိုင်ကျင့်ကြပါလိမ့်။ ဒီမေးခွန်းကို သေသေချာချာ စဉ်းစားလိုက်ရင် အောက်ပါအတိုင်း ရိုးရှင်းတဲ့အဖြေကို တွေ့ရမှာပါ။ အသိတရား ချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့ သိက္ခာကင်းမဲ့မှုတွေကြောင့် လူတဖက်သားရဲ့ တန်ဖိုးကို မှားယွင်းစွာ တွက်ချက်မိရာက ထွက်ပေါ်လာတဲ့ ပြုမှုတုံ့ပြန်မှုတွေ ဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.) မိသားစုတစု၊ အဖွဲ့အစည်းတစု၊ အုပ်ချုပ်သူအစိုးရ တရပ်အထဲမှာ လုပ်ပိုင်ခွင့်အာဏာ ရထားတဲ့သူဟာ သူရထားတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချဖို့လည်း လိုပါတယ်။ အဲဒီလုပ်ပိုင်ခွင့်နဲ့ အာဏာကို မှားယွင်းစွာ ရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာကိုလည်း တန်ဖိုးမထားတော့ဘဲ အာဏာကို အလွဲသုံးစားပြုပြီး တခြားသူတွေကို အနိုင်ကျင့် ဗိုလ်ကျတော့တာပါပဲ။ လတ်တလော အဖြစ်အပျက်တွေထဲ အထင်ရှားဆုံး အနိုင်ကျင့်မှု ပြယုဂ်ကတော့ ပြည်သူလူထုအများစု မကြိုက်နှစ်သက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ စစ်အာဏာရှင်စိတ်ကြိုက် ရွေးချယ်ထည့်သွင်းထားတဲ့ ပြည်သူ့ကိုယ်စားလှယ် မဟုတ်တဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြလို့ မပြင်ဆင်နိုင်တဲ့ အဖြေထွက်ခဲ့တာပါပဲ။ ဒါဟာ သူတို့ရရှိထားတဲ့အာဏာကို အလွဲသုံးစားပြုပြီး မိဘပြည်သူတွေကို အနိုင်ကျင့်လိုက်တဲ့ ပြယုဂ်၊ တနည်းပြောရရင် အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ နိုင်ငံတော်အဆင့် ဗိုလ်ကျမှုတရပ်ပါပဲ။ တကယ်တော့ တပ်မတော်ဟာ အာဏာရှင်အလိုကျ ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အချိန်ထိ ပြည်သူပြည်သားတွေကို အကြိမ်ကြိမ်သတ်၊ နိုင်ငံတော်အာဏာကို အကြိမ်ကြိမ်သိမ်း၊ တိုင်းပြည်ရဲ့ အနာဂတ်ကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့တာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အထင်အရှား ရှိခဲ့ပြီးသားပါ။ လက်ရှိ မြန်မာနိုင်ငံ ရောက်နေတဲ့ အခြေအနေက တပ်မတော်သား စစ်ဗိုလ်စစ်သားမှ အုပ်စုဖွဲ့ အင်အားသုံး အနိုင်ကျင့် ဗိုလ်ကျတတ်တာ မဟုတ်တော့ဘူး။ အသိတရား နိမ့်ကျကျန်ရစ်တဲ့ လူ့အသိုင်းအဝန်းတိုင်း ဖြစ်လေ့ဖြစ်ထရှိသလို လူတန်းစား အလွှာအသီးသီးမှာ အစွယ်အားကိုး၊ လက်သည်းအားကိုးနဲ့ လက်နက်အားကိုးပြီး အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ တောရိုင်းတိရစ္ဆာန်စိတ်တွေ ထွန်းကားကြီးစိုးနေတာ မဟုတ်လား။ စစ်ဂျပိုး လူ့ဂျပိုးတွေ ကြီးစိုးမင်းမူတဲ့ လူ့အဖွဲအစည်းတိုင်းမှာ အဲ့ဒီလို လူမဆန်တဲ့ အပြုအမူ ဘူလီယဉ်ကျေးမှုတွေနဲ့ လူလူချင်း မတရားသဖြင့် အနိုင်ကျင့် အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်ရဲကြတယ်။ စစ်စုံထောက်၊ ရဲ၊ စသုံးလုံး၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ စွမ်းအားရှင်၊ လက်ပတ်နီ၊ ကြက်ခြေနီနဲ့ မီးသတ်ကစလို့ ကုန်ကုန်ပြောရရင် ပြည်သူလူထုတချို့ ကျောင်းသားထုတချို့မှာတောင် အဲဒီ ဗိုလ်ကျ ဘူလီ အနိုင်ကျင့်တဲ့ စိတ်ယုတ်စိတ်ပုပ် သွေးဆိုးအမွေဆိုးဟာ ကူးစက်နေပါပြီ။ သိပ်မကြာသေးခင်တုန်းက အင်တာနက်သတင်းတွေထဲမှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကြံဘိုကျေးရွာ အ.လ.ကခွဲကျောင်းမှာ ပညာသင်ကြား ပို့ချနေတဲ့ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သူ ဆရာမ ဒေါ်ခိုင်ဇာခြည်ထွန်း (မူလတန်းပြဆရာမ) ကို သူမရဲ့ ကျောင်းအုပ်ဆရာဖြစ်သော ဦးကျော်လင်းအောင်က ကိုယ်ထိလက်ရောက် ထိုးကြိတ်ဖို့ ကြိုးစားပြီး ဆဲဆိုကာ ဆရာမတယောက်၏ ကာယိနြေ္ဒ ပျက်ပြား ဆိုးရွားစေခဲ့တဲ့ သတင်းတပုဒ် ဖတ်ခဲ့ရတယ်။ ဗိုလ်ကျစီးပိုးတဲ့ အထုံဓလေ့ဟာ စာရေးသူ အပါအ၀င် ကိုယ်ခံအားမကောင်းတဲ့ မြန်မာနိုင်ငံသား အများစုမှာ အနည်းနဲ့အများ ဆိုသလို ကူးစက်နေပြီဆိုတာပါပဲ။ ကျနော်တို့ဝန်းကျင်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ကိုယ်တိုင်က အာဏာရှင်ဖြစ်နေသူတွေကို နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ အိမ်ထောင်စုတွေမှာ တွေ့နေရပါပြီ။ ကိုယ်က ပညာပိုတတ်တယ်ထင်ရင် ကိုယ့်မှာ လုပ်ပိုင်ခွင့် အာဏာပါဝါ ရှိတယ်ထင်ရင် ကိုယ်က နည်းနည်းပိုပြီး ပိုက်ဆံရှိတယ်ထင်ရင် ပိုက်ဆံမရှိတဲ့သူ၊ ပညာမတတ်တဲ့သူ၊ လုပ်ပိုင်ခွင့်အာဏာမဲ့တဲ့ သူတွေကို မသိစိတ်ကနေ အနိုင်ကျင့် ဗိုလ်ကျတတ်တာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိပါသလား။ စိတ်ပညာသဘောအရ အနိုင်ကျင့် ဗိုလ်ကျခံရသူတွေဟာ အခြေအနေပေးလာရင် အနိုင်ကျင့် ဗိုလ်ကျသူတွေ ဖြစ်သွားတတ်ပါတယ်။ အမှားဆိုတာ ဘယ်သူမဆို၊ ဘယ်လူ့အဖွဲ့အစည်းမဆို မှားတတ်တာပါပဲ။ အမှားကို အမှားမှန်းသိပြီး ဝန်ခံ ပြုပြင်ရဲမှသာ အမှန်ကို ရောက်နိုင်မှာပါ။ ကျနော်တို့အားလုံးမှာ အနည်းနဲ့ အများဆိုသလို ကူးစက်နေတဲ့ အနိုင်ကျင့် ဗိုလ်ကျလိုစိတ်ဆိုတဲ့ တောတွင်းဥပဒေသကို လူတိုင်းလူတိုင်း မိမိစိတ်သဏ္ဌာန်ကနေ မောင်းထုတ်ပစ်မှသာ စစ်အာဏာရှင်စနစ် မြန်မာမြေက ပျောက်ကွယ်သွားနိုင်မှာပါ။ ကိုယ့်အမိန့်နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာပေး မြှောက်စားတတ်၊ နေရာမှန်လူမှန်မရှိဘဲ ထင်သလိုဆုံးဖြတ်၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတတ်တဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ မတရားမှုနဲ့ အနိဋ္ဌာရုံတွေဟာ ထမင်းစားရေသောက်ကိစ္စလို လွယ်လင့်တကူ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့စရိုက်ကို ကျနော်တို့တိုင်းပြည်မှာ အမြစ်ကနေ ဆွဲနုတ် တူးထုတ်ပစ်မှသာ ဗမာပြည်မှာ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ လူမှုအနိဋ္ဌာရုံတွေရဲ့ ရာခိုင်နှုန်းအများစုဟာ လျော့ပါး ပျောက်ကွယ်သွားပါလိမ့်မယ်။ တကယ်ပဲ စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖျက်သိမ်းချင်တယ်ဆိုရင် ကျနော်တို့ဟာ အာဏာရှင်စနစ်ကို အသက်ဆက်ဖို့ ကြိုးပမ်းနေတဲ့ စစ်အာဏာရှင် အနွယ်တော်တွေရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမှာပါ။ တချိန်တည်းမှာပဲ အာဏာရှင်ဆီက ပြန့်ပွား ကူးစက်လာတဲ့၊ မိမိကိုယ်တွင်းမှာ ပုန်းအောင်း လှိုက်စားနေတဲ့ စိတ်ဆိုးစိတ်ယုတ်တွေဖြစ်တဲ့ သူတပါးကို အနိုင်ကျင့် ဗိုလ်ကျလိုစိတ်၊ အခွင့်ထူးခံရမှာကို မရှက်တဲ့စိတ်၊ မတရားမှု မကောင်းမှု ပြုရမှာကို မကြောက်တဲ့စိတ်၊ အမှန်တရားကို မျက်ကွယ်ပြုလိုစိတ်၊ မိမိနဲ့ မိမိအသိုင်းအ၀ိုင်းကိုသာ ကောင်းစားလိုစိတ်၊ လူကိုလူလို မမြင်တတ်၊ မလေးစားတတ်၊ မစာနာတတ်တဲ့စိတ် စတာတွေကို ရဲရဲရင့်ရင့် စွန့်လွှတ် ဖျောက်ဖျက်ကြရမှာပါ။ ဒီမကောင်းစိတ်တွေဟာ သွေးဆိုးပြည်ပုပ်နဲ့တူတဲ့ စိတ်ယုတ်သန္ဓေတွေမို့ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း မိမိစိတ်သဏ္ဌာန်ကနေ အပြီးတိုင် ဖောက်ထုတ် သုတ်သင် သန့်စင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်လျက်။ လေးစားစွာဖြင့် (မင်းကောင်းချစ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024