လယ်တောအိမ်ကျောင်း မြန်မာရွှေ့ပြောင်းကလေးငယ်များ ကစားကွင်း (ဓာတ်ပုံ)
DVB
·
July 3, 2015
ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲ့ချဲ့ရို့ရွာမှာ မြန်မာရွှေ့ပြောင်း ကလေးငယ် ၁၀၀ ကျော်အတွက် အခမဲ့ ပညာသင်ကြားပေးနေတဲ့ ကျောင်းမှာ ကလေးကစားကွင်း တည်ဆောက် ဖွင့်လှစ်လိုက်ပါတယ်။
တိုင်းရင်းသားဒေသ အသီးသီးက အလုပ်အကိုင် ရှာဖွေဖို့ ပြောင်းရွှေ့လာတဲ့ မိဘတွေနဲ့အတူ ရောက်ရှိနေတဲ့ ကလေးငယ်တွေကို လယ်တောအိမ်လို့ နာမည်ပေးတဲ့ကျောင်းမှာ စိတ်အနာတရတွေကို ဖြေဖျောက်ကာ ပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီကျောင်းကိုတော့ ရွှေ့ပြောင်းမြန်မာ ပရဟိတလူငယ်တွေက တနိုင်တပိုင် အလှူငွေတွေအပြင် နီးစပ်တဲ့ အလှူရှင်တွေက စုပေါင်းလှူဒါန်းငွေတွေနဲ့ ကူညီပံ့ပိုးနေတာ ဖြစ်ပြီး ကလေးငယ် ၁၂၂ ယောက်ကို ပညာသင်ကြားပေးနေပါတယ်။
ကလေးငယ်တွေ ကျန်းမာရေးအတွက်လည်း ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်များအစည်းရုံးက ဆရာဝန် ၁ ဦးက အခမဲ့ စောင့်ရှောက်ကုသပေးနေတယ်လို့ ဒီပညာသင်ကျောင်းနဲ့ ပတ်သက်လို့ ဦးဆောင် လုပ်ကိုင်နေတဲ့ ကိုဂျော်နီက ပြောပါတယ်။