ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် တီဗွီလိုင်းဖွင့်
နန်းမြနဒီ
·
June 20, 2015
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ပုဂ္ဂလိက တီဗွီလိုင်းတခု စတင်ဖွင့်လှစ်လိုက်ပါတယ်။
အထူးသဖြင့် ဘန်ကောက်နဲ့ အနီးတ၀ိုက်က မြန်မာရွှေ့ပြောင်းသမားတွေအနေနဲ့ အန်ဂျီအို (အစိုးရမဟုတ်သောအဖွဲ့)၊ စီဘီအို (လူမှုအခြေပြုအဖွဲ့) တွေဆီကနေ လိုအပ်တဲ့ အချက်အလက်ရရှိမှု အားနည်းနေသေးတာကြောင့် သတင်းအချက်အလက်တွေ ပိုမိုထိရောက်ဖို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးလိုင်း (MTF Channel) အစီအစဉ်ကို စတင်လိုက်တာလို့ MTF ကုမ္ပဏီမန်နေဂျာ ခွန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းသတင်းတွေကို မြန်မာလို ပြန်ကြေညာတယ်။ နောက်ပြီးတော့ ထိုင်း-မြန်မာအစိုးရ ဥပဒေအပြောင်းအလဲတွေ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ဟာကို ကျနော်တို့ ကြေညာပေးတယ်။ ဒီလိုင်းကို ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး ထုတ်လွှင့်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ဒီဇွန်လဆန်းက စပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။”
ဒီအစီအစဉ်ကို စတင်ထူထောင်သူမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တွေပါ ပါဝင်ပြီး မတည်ငွေ ဘတ် ၄ သန်းကို အဖွဲ့ဝင် ၇ ဦးက အစုရှယ်ယာ ထည့်ဝင်ကြတယ်လို့ သူကဆက်ပြောပါတယ်။
လောလောဆယ် ထွက်ငွေသာရှိပြီး ၀င်ငွေမရှိသေးပေမယ့် နောက်နောင် အစီအစဉ်ကို တိုးမြှင့်ပြီးတဲ့အခါ ကြော်ငာတွေကနေ ၀င်ငွေပြန်ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
အစီအစဉ်တိုးမြှင့်ဖို့ ၀န်ထမ်းတွေလည်း လိုအပ်လျက်ရှိပြီး လျှောက်ထားသူမှာ အဓိက ထိုင်း-မြန်မာ ၂ ဘာသာကို ကောင်းစွာ ဘာသာပြန်ဆိုနိုင်သူ၊ တက္ကသိုလ်မှ ဘွဲ့ရပြီးသူ၊ နိုင်ငံကူးလက်မှတ်ရှိသူနဲ့ ကုမ္ပဏီမှာ အလုပ်ရရင် စီးပွားရေးဗီဇာနဲ့ နေခွင့်ရရေးပါ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
လစာမှာ အစမ်းခန့်ကာလ ၃ လအတွင်း တလ ဘတ် ၁ သောင်း ၅ ထောင်၊ အတည်ခန့်လိုက်ရင် တလ ဘတ် ၂ သောင်းခွဲပေးမယ်လို့ ခွန်ဝင်းက ပြောပါတယ်။
MTF ရုပ်မြင်သံကြားအစီအစဉ်ကို ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ်လ် လိုင်းနံပါတ် (ချန်နယ်လ်) ၆၆ မှ ဖမ်းယူကြည့်ရှုနိုင်သလို ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/mtftv?fref=ts (MTF Channel) ကနေလည်း ဝေဖန်အကြံပေးနိုင်တယ်လို့ ဆိုပါတယ်။
ချန်နယ်လ် ၆၆ မှာ မြန်မာဘာသာတမျိုးတည်းသာ ထုတ်လွှင့်ပြီး သတင်းအပြင် မြန်မာ့ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွဲ၊ တေးသီချင်းတွေပါ ပြသပေးနေတယ်လို့ ကုမ္ပဏီမန်နေဂျာက ပြောသွားပါတယ်။