မင်းအုပ်စိုးကို ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ရန် တရားရုံးက ဆုံးဖြတ်ချက်ချ
အာကာ
·
June 10, 2015
သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ် သေဆုံးမှုအပေါ် သရုပ်ဆောင် မင်းအုပ်စိုးကို ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ၁၇ ကြိမ်မြောက်ရုံးချိန်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တွဲဖက်ခရိုင်တရားသူကြီး ၃ ဒေါ်ကြည်ကြည်စိန်က ဆုံးဖြတ်ချက်ချလိုက်တာပါ။
နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်၊ သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ မှုခင်းဆေးစစ်ချက်တွေအပေါ် အခြေခံပြီး ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်လိုက်တာလို့ သိရပါတယ်။
ဇွန် ၈ ရက်နေ့က ပြုလုပ်တဲ့ရုံးချိန်းမှာ တရားလိုရှေ့နေက ပုဒ်မ ၃၀၂ နဲ့ စွဲဖို လျှောက်လဲချက်တင်ခဲ့ပြီး မင်းအုပ်စိုးရဲ့ရှေ့နေက တရားစွဲဆိုခံရသူဟာ ပုဒ်မ ၃၀၂-၁- (က)၊ (ခ)၊ (ဂ) တို့နှင့် ငြိစွန်းခြင်းမရှိဘဲ ပုဒ်မ ၃၀၂-၂ နဲ့ စွဲချက်တင်ရင် အမှုဆက်လက်ရင်ဆိုင်သွားမယ်လို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။
သေဆုံးသူမတေးနုယဉ်ရဲ့အစ်မဖြစ်သူ မသင်းသင်းမူကတော့ “သူ့ပြစ်မှုအတိုင်း မှန်မှန်ကန်ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ဒီဟာကို တို့ကတော့ တသက်တကျွန်း ထိ ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ ဒါကကြိုတင်ကြံစည်မှုပဲလေ” လို့ ပြောပါတယ်။
သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ်ဟာ ၂၀၁၄ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းက သရုပ်ဆောင် မင်းအုပ်စိုးရဲ့နေအိမ်မှာ ရင်ဘတ်၊ မျက်နှာနဲ့ ကျောဘက်တွေမှာ အညိုအမည်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်မင်းအုပ်စိုးကို ၂၀၁၅ ဇန်န၀ါရီ ၂၂ ရက်ကစပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ပုဒ်မ ၃၀၂ (၂) နဲ့ လာမယ့်ဇွန်လ ၁၇ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။