မြွေလိုလှုပ်ရှားနိုင်သည့် အသန်မြန်ဆုံးစက်ရုပ်
DVB
·
June 7, 2015
မြွေစက်ရုပ်ကို ဘေးချိတ်ပြီး ဧရာမမြွေကြီးအတွက် လမ်းဖယ်ပေးလိုက်ပါတော့။ ကာနက်ဂျီ မယ်လွန်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ မြွှေလို လှုပ်ရှားနိုင်တဲ့ ယန္တရားတွေကို ဗဟိုမဏ္ဍိုင်နဲ့ ချိတ်ဆက်ပြီး တီထွင်ခဲ့ဖူးသမျှထဲမှာ အသန်မြန်ဆုံးစက်ရုပ်တရုပ်ကို ဖန်တီးခဲ့ပါတယ်။
နည်းပညာရဲ့ ပင်မအချက်အချာကတော့ တခုနဲ့ တခု ချိတ်ဆက်ထားတဲ့ အဆစ် ကလေးတွေပါ။ တပ်ဆင်ရ လွယ်ကူသလို အတိအကျ စေခိုင်းလို့ရတဲ့ စက်ရုပ်တွေအဖြစ် မိနစ်ပိုင်းအတွင်းမှာ ပရိုဂရမ် သွင်းပေးနိုင်ပါတယ်။
"ကျနော်တို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီအဆစ်တွေနဲ့ တခြားအဆစ်တွေက ကတ်ချင်းတေ့ဆက် ကစားရတဲ့ လက်ဂိုနဲ့ တူနေတယ်။ ဒီအဆစ်လေးတွေကို လက်ဂို ဆက်သလို အလွယ်တကူ ဆက်လို့ ရတယ်။ ဒါပေမယ့် ဒီအဖုံးရဲ့အောက်မှာ ဒီလိုဖြစ်လာအောင် ပံ့ပိုးတဲ့အချက်တွေအများကြီးပဲ။"
အဆစ်တခုဆီဟာ အခြေခံအားဖြင့် ဒီစက်ရုပ်တရုပ်လုံးကို ထိန်းချုပ်နိုင်တဲ့ ကွန်ပျူတာတလုံးပါပဲ။ ဒီအဆစ်အချင်းချင်း ၀က်အူရစ်နဲ့ တေ့ဆက်နိုင်သလို အီသာနက်ကွန်ရက်ကတဆင့် ဆက်သွယ်နိုင်ပါတယ်။ အဆစ်တွေ ပိုများလာတဲ့အခါ ထက်မြတ်တဲ့ စက်ရုပ်တရုပ်ဖြစ်လာပြီး ယန္တရားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ ချော့ဆက် က ဆိုပါတယ်။
မြွေကြီးတကောင် သဘာဝဘေးဒဏ်သင့်ဇုန်ထဲက အပျက်အစီးပုံပေါ်မှာ သွားနေတယ်လို့ တွေးကြည့်လိုက်ပါ။ တောင်စောင်းတလျှောက် သူ့ရဲ့ဘီးတွေနဲ့ လျှောတိုက်ဆင်းသွားပြီ အဆောက်အဦ ပျက်ထဲကို တွားဝင်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာနေတယ်လို့ တွေးကြည့် လိုက်ပါ။ ဒီလို စွမ်းဆောင်နိုင်ဖို့က သိပ်မဝေးတော့ပါဘူး။ ဒီစက်ရုပ်ကို အဝေးကြီးက အော်ပရေတာ ထိန်းချုပ်နေတဲ့ သူလို အလားတူ စက်ရုပ်နဲ့လည်း ဆက်သွယ်ပေးနိုင်ပါတယ်။
"ဆင့်ကဲထိန်းချုပ်လို့ရအောင် ကျနော်တို့ တည်ဆောက်ထားပါတယ်။ ပင်မစက်ရုပ်က ထိန်းချုပ် စေခိုင်းတဲ့အတိုင်း လက်ခွဲစက်ရုပ်က လိုက်လုပ်ပေးပါတယ်။"
ဒီစက်ရုပ်ထမ်းဆောင်နိုင်တဲ့တာဝန်တွေက အကန့်အသတ်မရှိဘူးလို့ ချော့ဆက် က ဆိုပါတယ်။ သုတေသနပညာရှင်တွေဟာ တီထွင်သူတွေအဖို့ အလွယ်တကူ တပ်ဆင်ပြီး ပရိုဂရမ်သွင်းပေးနိုင်အောင် ဒီစက်ရုပ်ကို ဒီဇိုင်းထုတ်ပေးခဲ့တာပါ။ အခြေအနေအမျိုးမျိုးအတွက် အလွယ်တကူသုံးနိုင်ပြီး အလုံးစုံအားထားနိုင်တဲ့ ဒီလိုမြွေစက်ရုပ်တွေ သိပ်မကြာခင်မှာ ထုတ်လုပ်နိုင်တော့မယ်လို့ ချော့ဆက်က ပြောပါတယ်။
[gallery ids="96454,96455,96456,96457,96458,96459,96460,96461,96462,96463,96464"]