လွှတ်တော် အစည်းအဝေးခန်းအတွင်း မီဒီယာများ ၀င်ခွင့်ပြန်ပေးမည်
ပိုင်စိုး
·
May 28, 2015
လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး လွှတ်တော်အစည်းအဝေးခန်းတွေထဲကို မီဒီယာတွေ ၀င်ရောက် သတင်းယူခွင့်ပြန်ရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော် မီဒီယာခန်းထဲကို သတင်းထောက်တွေ ၀င်ခွင့်ပိတ်လိုက်ပြီးတဲ့နောက် လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ ပြောလိုက်တာပါ။
လောလောဆယ်မှာ ပြည်သူနဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းတွေက သတ်မှတ်နေရာမှာ ၀င်ရောက်သတင်းယူနိုင်မှာဖြစ်ပြီး ကိုယ်တိုင် ဓာတ်ပုံ၊ ဗွီဒီယို ရိုက်နိုင်သလို လွှတ်တော်က ရိုက်ထားတာတွေကိုလည်း တောင်းယူနိုင်ပါတယ်။
ပြီးတော့ လက်ရှိသတင်းယူနေရတဲ့ ကော်ရစ်ဒါမှာလည်း ဆက်လက် သတင်းယူနိုင်ဖို့ စီစဉ်ထားမယ်လို့ လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ အိပ်ငိုက်နေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့နောက် ပြည်ထောင်စု လွှတ်တော်က မီဒီယာခန်းကို သတင်းထောက်တွေ ၀င်ရောက်ခွင့် မေ ၂၆ ရက်က ပိတ်ပင်လိုက်တာဖြစ်ပါတယ်။