ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ….(ဆောင်းပါး)
DVB
·
May 26, 2015
(ဒီမိုပညာ ကျောင်းသားများ ၆ ကြိမ်မြောက် ရုံးထုတ် )
(၁)
သာယာဝတီတရားရုံး လမ်းမတန်း ၀င်ပေါက်မှာ သံဆူးကြိုး အထပ်ထပ်နဲ့ ရဲလုံခြုံရေးတွေ ချထားတာ တွေ့ရပါတယ်။ ၀င်ခွင့်မရပါ။ အဲဒါကြောင့် ကျနော်တို့ ဘေးဝင်ပေါက်ကို လာခဲ့ပါတယ်။ ဘေးဝင်ပေါက် ရောက်တော့ လူ ၅၀ လောက် ရုန်းစု ရုန်းစု နဲ့ ရောက်နေပါပြီ။
ဒါဟာ ကျောင်းသားတွေကို ၆ ကြိမ်မြောက် ရုံးထုတ်တာ ဖြစ်ပြီး၊ သာယာဝတီတရားရုံးမှာ တော့ ပထမဆုံး ရုံးထုတ်တာပါ။ ပြီးခဲ့တဲ့ ၅ ကြိမ်ကိုတော့ လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ သာယာဝတီတရားရုံးမှာ အခုလို ရုံးထုတ်ခဲ့တာပါ။
ရောက်ရောက်ချင်း ကျနော်တို့ တရားရုံးဝန်းကျင် မြင်ကွင်းတွေကို ဗီဒီယို လိုက်ရိုက်ပါတယ်။ ကိုဥာဏ်ကြီးက မကွေးသား ၀န်းရံတဦးဖြစ်တဲ့ အသားဖြူဖြူ မျက်နှာပြည့်ပြည့် အသက် ၄၀ ကျော် တယောက်ရဲ့ သဘောထားကို မေးပါတယ်။ လက်ရှိ ကျောင်းသားလှုပ်ရှားမှုကို သူဘယ်လိုမြင်သလဲပေါ့။ သူနာမည်က ကိုခင်မောင်ကြည်တဲ့။
“ပင်မစစ်ကြောင်းကို စထွက်ကတည်းက ကျနော်တို့ စိတ်ဝင်စားခဲ့တာဗျာ့၊ ကျနော်တို့ နိုင်ငံရဲ့ ပညာရေး အပြောင်းအလဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ အားလုံး သိကြတယ်။ ဒါကြောင့်မို့ စထွက်ပြီဆိုကတည်းက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့တယ်။ လက်ပံတန်းမှာ တားဆီးလိုက်ပြီ ဆိုကတည်းက ကျနော်တို့ စိတ်ဝင်စားမှုတွေ မြင့်လာတယ်။’
သူက စစ်အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်ပီပီ ကျောင်းသားလူပ်ရှားမှုကို စိတ်ပါ လက်ပါ ထောက်ခံနေသူ တစ်ယောက်ပါ။ တရားရုံးတွေ၊ လုံခြံရေးတွေ ဘယ်လိုပဲ ပြောင်းခဲ့ပေမယ့် ထောက်ခံအားပေးသူတွေရဲ့စိတ်ဝင်စားမှု ကတော့ မပြောင်းလဲခဲ့ဘူးဆိုတာ သူ့စကားတွေက ထင်ရှားစေပါတယ်။
(၂)
ဝန်းတံခါးဖွင့်ပြီဆိုတာနဲ့ ကိုရန်နိုင်ရယ်၊ ဥာဏ်ကြီးရယ်၊ ကျနော်ရယ် ၃ ယောက်သား ကင်မရာကိုယ်စီနဲ့ လုံခြုံရေးတွေ ကြားဖြတ်ပြီး တရားရုံးဝန်းထဲကို ၀င်ခဲ့ပါတယ်။ အထဲမှာ သတင်းထောက် ကဒ်ပြားနဲ့ ၀င်ခွင့်ကဒ်ကို လဲရင်း ဧည့်စာရင်းမှာ လက်မှတ်ထိုးရပါတယ်။
လူတယောက်က ကျနော်နားကပ်လာပြီး အကျီအိတ်ထဲကို စာရွက်လေးတရွက် ထိုးထည့် သွားပါတယ်။
လည်စည်းအနီ ရဲတွေနဲ့၊ တရားစွဲခံ ကျောင်းသား မိဘဆွေမျိုးတွေဟာ ဟိုနားစုစု ဒီနားစုစု နဲ့ပါ။ သူတို့ကို အင်တာဗျူး တခုလောက်များ ရလိုရငြား လိုက်ကြည့်နေတုန်း အပြာရင့်ရောင် အချုပ်ကားတွေဟာ ကျောင်းသားတွေကို သယ်ဆောင်ရင်း မြှားတစင်းလို တဟုန်ထိုး ၀င်ရောက်လာပါတယ်။
‘သပိတ် သပိတ် မှောက်မှောက်‘
‘မီးဒုတ် မီးဒုတ် ရှို့ရှို့’
‘အရေးတော်ပုံ အောင်ရမည်’
အချုပ်ကားပေါ်က အားပြင်းပြင်း လွင့်ပျံလာတဲ့ အသံတွေကြောင့် လုံခြုံရေးတွေကြား တိုးကာ ဝှေ့ကာ ကားရပ်မယ့်နေရာနားကို အပြေးသွားခဲ့ပါတယ်။ ကင်မရာခလုတ်ကတော့ ဖွင့်ပြီးသား အဆင်သင့် ။
အချုပ်ကားပေါ်က ဆင်းလာပါပြီ။
ကျောင်းသူတွေ လက်ဝှေ့ယမ်း နှုတ်ဆက်ရင်း အချုပ်ကားပေါ်က ဆင်းလာပါပြီ။ လက်ပံတန်းဒေသခံ ၀န်းရံပြည်သူ အသက် ၄၀ ကျော် အမျိုးသမီးကြီးတဦးက လက်သီးလက်မောင်းတန်းရင်း ရှေ့ဆုံးဦးဆောင်လာပါတယ်။ သူနောက်က ဆင်းလာသူက မဖြိုးဖြိုးအောင်ပါ။ အကျီဖြူ၊၊ ထမီအနက်စင်းနဲ့။ သူက လက်နှစ်ဖက်စလုံးကို စုံမြှောက် ဝှေ့ယမ်းလိုက်ပါတယ်။
“ဖြိုးဖြိုး ဖြိုးဖြိုး”
“ဖြိုးဖြိုး ဖြိုးဖြိုး”
အချုပ်ကားကို ၀ိုင်းကာထားတဲ့ ရဲတွေနောက်က လူအုပ်ကြီးဟာ လက်သီး လက်မောင်းတွေ ဆန့်တန်းရင်း မဖြိုးဖြိုးအောင်နာမည်ကို ထပ်ခါတလဲလဲ သံပြိုင် ခေါ်လိုက်ကြပါတယ်။ အသံတွေ က ဟိန်းဟိန်းညံလို့။
သူ့နောက်က မဟန်နီဦး။
နောက်တယောက်က ထမီအနီ ၊ ကျစ်ဆံမြီး နဲ့ကျောင်သူလေး။
(၃)
နောက် တယောက်ပြီးတယောက် အားလုံးပေါင်း ၇ ယောက်။
ဒီတခါတော့ သူတို့ကို လက်ထိပ်ခတ်မထားတော့ပါ။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ အမျိုးသမီးတွေကို လက်ထိပ်မခတ်ရေး တောင်းဆိုမှု အောင်မြင်ခဲ့ပြီပေါ့။
တရားဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို သူတို့ အောင်အောင်မြင်မြင် ကာကွယ် နိုင်ခဲ့ပါပြီ။
ကင်မရာသမားတွေကလည်း ဖြေးဖြေး လျှောက်ဖို့ ကျောင်းသူတွေကိုအော်ပြောနေပါတယ်။
ကျောင်းသူကျောင်းသားတွေ တရားရုံးထဲ ၀င်သွားပါပြီ။
အပြင်မှာ ကျန်ရစ်တဲ့ မိဘတွေရဲ့ရင်ထဲမှာတော့ စိုးရိမ်သောကနဲ့ မခံချင်စိတ် မြင့်တက် နေပါတယ်။
“ကျမတို့ သားသမီးတွေနဲ့ ခွဲနေရ တာ ရက်ပေါင်း ၅၀ ရှိပြီး။ ဘယ်လောက်ခံစားရတယ်ဆိုတာ စဉ်းစားကြည့်ပါ။ x x ထောင်ထဲမှာ ငါသားလေး ဘယ်လိုများနေသလဲ စဉ်းစားမိတိုင်း၊ ညည အိပ်လို့တောင်မပျော်ဘူး”
အကျီင်္နံသာရောင်ဖျော့ဖျော့ ၀တ်ဆင်ထားတဲ့ အသားဖြူဖြူ ၀၀ မိန်းမကြီးတယောက်က သူ့ခံစားချက်တွေကို မျက်ရည်စက်လက်နဲ့ ဖွင့်ထုတ်နေပါတယ်။ တခါတရံ သူစကားသံတွေဟာ ကျယ်လောင်လာလိုက်၊ တခါတရံ သူ့စကားတွေဟာ လည်ချောင်းမှာ တစ်ဆို့နေလိုက်။ သူနှုတ်ဖျားမှာ ထစ်ငေါ့နေလိုက်။
“ကျမတို့ သားသမီးတွေကို ပြန်ပေးဆွဲထားတာ ရက်ပေါင်း ၅၀ ရှိပြီ”
သားနဲ့ ဝေးကွာနေတဲ့ လွမ်းရက်ရှည်တွေကို လက်ချိုးရေတွက်ရင်း စောင့်မျှော်နေခဲ့သူ ကျောင်သားခေါင်းဆောင် ကိုသီဟ၀င်းတင်ရဲ့ မိခင် ပြောလိုက်တဲ့ စကားသံပါ။
သူရင်ထဲက ရုတ်တရက်ထွက်ကျလာတဲ့ ကျမတို့သားသမီးတွေကို ပြန်ပေးဆွဲထားတာ ဆိုတဲ့ စကားဟာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေရယ်၊ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ နိုင်ငံတကာရယ်၊ လက်ရှိ ဦးသိန်းစိန် အရပ်ဝတ်အစိုးရတို့ရယ် ဆက်ဆံနေရတဲ့ ဒီနေ့ နိုင်ငံရေး အခင်းအကျင်း တစိပ်တပိုင်း ကို ဖျတ်ကနဲ လစ်ပြလိုက်သလိုပါပဲ။
“စာပေးစာယူတက်တဲ့လူတွေကို ကျောင်းသားလို့ မသတ်မှတ်ဘူးတဲ့။ တက္ကသိုလ်ရဲ့ ပညာရေးတက္ကသိုလ်ဘွဲကို ဘာဖြစ်လို့ ပေးနေလဲ။ ဘာဖြစ်လို့ ဒီပညာရေးကို ဆက်ပြီး သင်နေလဲ။ ကျမ အဲဒါကို သိချင်ပါတယ်။”
(၄)
ဒီမိုပညာရေးလူပ်ရှားသူ စာပေးစာယူကျောင်းသား ကိုမင်းသူရှိန်မိခင် ဒေါ်လဲ့လဲ့မိုးက လက်ရှိ ပညာရေးစနစ် ကမောက်ကမ နိုင်မှု ကိုမေးခွန်းထုတ်လိုက်ပါတယ်။
“ဒီထဲမှာ အချုပ်ခံထားတဲ့အခါကျတော့ သူတို့စာမေးပွဲဖြေဖို့က လုံးဝ ကို ဆုံးရှုံးမယ့် အနေ အထားဖြစ်နေပြီ ခင်ဗျာ့” ကျောင်းသား ကိုရဲဝင်းသူ ဖခင် ဦးစံထွန်းက သူစိုးရိမ်မှုကို ဖော်ပြပါတယ်။
ဒါဟာ သပိတ်မှောက်ကျောင်းသားတွေကို ပညာရေး သင်းသတ်ခံရသလို ဖြစ်နေပါတယ်။
သပိတ်မှောက် ကျောင်းသူခေါင်းဆောင် မဖြိုးဖြိုးအောင်ကလည်း သံဇကာကြားက နေ သူသဘောထားကို ခုလို ပေးပါတယ်။
“တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာကောင်းကြောင်း လုပ်တဲ့သူတွေဟာ ပိုပြီး ပညာပြည့်ဝ ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ကျမက ဒီကျောင်းသားတွေ စာမေးပွဲ ဖြေခွင့် ရှိကို ရှိရမယ်။”
မဖြိုးဖြိုးအောင် တဖက်တချက်က မအိသဉ္ဇာမောင်နဲ့ နောက်တယောက်ကတော့ အပြုံးကိုယ်စီနဲ့ သတင်းထောက်တွေ မေးသမျှကို ဖြေနေပါတယ်။
သူ့နောက်မှာ ရဲမေတွေ တန်းစီပြီး စောင့်ကြပ်နေပါတယ်။
တင်းကျပ်တဲ့ လုံခြုံရေးတွေ မျက်စိရှေ့မှာပဲ အားပေးထောက်ခံသူတွေ များသည်ထက် များလာပါတယ်။
လက်ထိပ်တန်းလန်းနဲ့ ကျောင်းသားကျောင်သူတွေကို မြင်လိုက်တိုင်း ပရိသတ်ရဲ့ အားပေးထောက်ခံသံတွေ ပိုမိုကျယ်လောင်လာပါတယ်။
ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့။
ညီတယ်ဟေ့။ ညီတယ်ဟေ့။
ခွပ်ဒေါင်းသွေးတွေ နီရဲ့လားဟေ့။
နီတယ်ဟေ့။ နီတယ်ဟေ့။
ကတိမတည်တဲ့ အစိုးရအကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က သံဇကာကိုကျော်ပြီး သတင်းထောက်တွေကို ရှင်းပြကြပါတယ်။ သူဆံရှည်ရှည်ဟာ လေထဲမှာ ၀ဲလို့ ပျံလို့။ သူ့လည်ပင်းမှာ စံပယ်ပန်းကုန်းကလေးဟာ နွဲလို့ ယိမ်းလို့။ သူအသံက ဘေးက ဆူညံသံတွေကို ကျော်လို့လွှားလို့။
(၅)
လွှတ်တော်မှာ ရှိတဲ့ ဥပဒေကြမ်းကော်မတီက လူတွေ သက်သေ ရှိတယ်။ ဒီ ၄ ပွင့်ဆိုင် သဘောတူညီချက်မှာ ကျနော်တို့ကို၊ ဒီသပိတ်ကို ဦးဆောင်တဲ့ကျောင်းသားတွေနဲ့ ၀န်းရံတဲ့ ပြည်သူတွေကိုရော လုံးဝ အရေးမယူပါဘူးဆိုတဲ့ သဘောတူညီချက်ပါတယ်။ ဒါဟာ သမ္မတရုံး ၀န်ကြီးတယောက် လက်မှတ်ထိုးထားတာ ဖြစ်တယ်။ သမ္မတ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ထဲရေးဝန်ကြီး မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။
ဟိုဖက်အပေါက်မှာ ကိုသီဟ၀င်းတင်က လက်ထိပ်ကို မြှောက်ပြီး
ဒီမိုကရေစီပညာရေးအောင်မြင်ဖို့ဟာ သူတို့ လွတ်မြောက်ရေးထက် ပိုအရေးကြီးကြောင်း ကျောင်းသားခေါင်းဆောင် ကိုသီဟ၀င်းတင်က သတင်းထောက်တွေကို လှမ်းအော်ပြောနေ ပါတယ်။
ကျနော်တို့ လွတ်မြောက်ရေးဟာ ဒုတိယအဆင့်မှာပဲ ရှိပါတယ်။ ကျနော်တို့ရဲ့ မူလ ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးအတွက် ဆက်လက် တိုက်ပွဲဝင်ကြပါ။
အစောင့်ရဲက အဆင်း ဆွဲခေါ်မှ ကန့်လန့်ကန့်လန့်နဲ့ ရဲနောက်ကို ပါသွားပါတယ်။
သူတို့လွှတ်မြောက်ရေးဟာ ဒုတိယအဆင့်ပဲ ရှိတယ်ဆိုပေမယ့် သူတို့ ထောင်ထဲမှာ နေရတဲ့ ဘ၀က လူ့အခွင့်အရေးတွေ ဆုံးရှုံးလွန်းလှပါတယ်။
ဒါကို ကျောင်းသား ကိုမာနော်က “အကျဉ်းဦးစီးက ကျနော်တို့ကို ရှာဖွေရေး လုပ်တယ်၊လူ့ဂုဏ်သိက္ခာ ထိခိုက်အောင်လုပ်ပြီး ကျနော်ကို အတွင်းခံဘောင်းဘီ အတွင်းထဲ အထိရှာတယ်။”
ကျောင်သားခေါင်းဆောင် ကိုမိုးထက်နေကလည်း “ရုံးထွက်ကအပြန် ထောင်အ၀င်မှာကျရင် ရှာဖွေရေးကို တော်တော် ကြမ်းကြမ်းတမ်းတမ်းလုပ်တယ်။ အောက်ခံဘောင်းဘီနှိုက်တယ်။ လူ့ ဂုဏ်သိက္ခာနဲ့ မလျှော်တဲ့ဟာတွေ လုပ်တယ်။”
ဒါဟာ သူတို့က ယဉ်ယဉ်ကျေးကျေးပြောတာပါ။ တကယ်တော့ ထောင်အာဏာပိုင်တွေက စအိုထဲမှာ ပိုက်ဆံထည့်လာတယ်ဆိုပြီး သူတို့ရဲ့ စအိုဝ ထဲကို လက်ညိုးထိုးမွှေတယ်ဆိုတာ ထောင်ကျဖူးသူတိုင်း ရိပ်မိကြပါတယ်။
ဒါကြောင့်လည်း မဖြိုးဖြိုးအောင်က လူအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်လို့ သံဇကားကြားကနေ ခုလို တည်တည်ငြိမ်ငြိမ် မှတ်ချက်ပေးပါတယ်။
(၆)
ထောင်ဆိုတာကတော့ သေချာတယ်။ လူဂုဏ်သိက္ခာ နှိပ်ကွပ်ထားတဲ့နေရာပါ။ အာဏာရှင် လက်အောက်က ထောင်တွေကတော့ အင်မတန် အန္တရာယ်ကြီးမားတယ်။
အိုင်စီအာစီလိုမျိုး ကြားဝင်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တောက်လျှောက်ရှိနေမယ်ဆိုရင် ပိုကောင်းမှာပါ။
နေလည် ၂ နာရီကျော်လောက်မှာ သူတို့ တရားရုံးကနေ ထောင်ကို ပြန်ခဲ့ကြပါတယ်။
ထောင်အပြန်လမ်းမှာတော့ အချုပ်ကားပေါ်က လက်နဲ့ အပြင်ကျောင်းသားတွေရဲ့လက်တွေ ချိတ်လို့၊ ဆက်လို့ ။ ခွပ်ဒေါင်းအလံတွေ ၀န်းလို့ ရံလို့။ ခွပ်ဒေါင်းတေးတွေ သံပြိုင် ဟစ်လို့၊ ဆိုလို့။
ရန်ကုန်အပြန် ကားပေါ်မှာ ကျနော်အိတ်ကပ်ထဲက စာရွက်ကလေးကို ထုတ်ကြည့်လိုက်တော့
စာရွက်ကလေးက ကြေမွမွ၊ လက်ရေးကလည်း သေးသွယ်သွယ်၊ သံတိုင်တွေကြားမှာ ဖွဲ့သီထားတဲ့ ကဗျာတပုဒ်။
ဟေ့ အာဏာရှင် ငါ ပြန်လာမယ်။
ပူပြင်းတဲ့ နေပူပူကို အံတု
ခန္ဒာကိုယ်ကို အရင်းပြုပြီး
ငါတို့တိုက်ပွဲ တည်ဆောက်ခဲ့တယ်။
မျှော်လင့်နေတဲ့ မျက်ဝန်းများစွာက
ငါတို့ တိုက်ပွဲကို အရောင်တင်ပေးရင်း
ဂုဏ်ရောင်ပြောင်တဲ့ပေးဆပ်မှုတွေက
ငါတို့တိုက်ပွဲကို ကြီးမြတ်စေရင်းနဲ့ပဲ
မိုင်ရာချီ ကျော်ဖြတ်ခဲ့တယ်။
(၇)
နီစွေးတဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းလွှင့်
ငါတို့ဦးခေါင်းထက်မှာ သွေးစက်လက်နဲ့ပဲ
နံရံလေးဘက်ကြား ရောက်ခဲ့တယ်။
တိုက်ပွဲဝင်စိတ်ဓာတ်ကို တမြမြသွေး
အချိန်တွေကို နံရံတွေကြား မှာ ကုန်လွန်စေခဲတယ်။
စွန့်လွှတ်စရာဆိုလို့
နှောင်ကြိုးနဲ့ အသက်တချောင်း ပဲရှိတဲ့
ငါ့အဘိဓမ္မာမှာ တွေဝေခြင်းကို
အဓိပ္ပာယ်ဖွင့်ဆိုမှုမရှိဘူး။
ဟေ့ အာဏာရှင် ထုသားပေသား ကျနေတဲ့
တော်လှန်ရေးသမားတယောက်အဖြစ်
ငါပြန်လာခဲ့မယ်။
ဟိန်းဇော်ဝင်း
ကျနော်မျက်စိထဲမှာ သံတိုင်တွေနောက်ကွယ်က ပါးဖောင်းဖောင်း၊ မျက်နှာဝိုင်းဝိုင်းနဲ့ အထက်ဗမာပြည် ဗကသ ကျောင်းသားလေးတယောက်။
သားကြီးမောင်ဇေယျ