တပ်သိမ်းမြေပြန်ရရေး မီးရှို့ဆန္ဒပြတောင်သူ အဖိုးအို သတိပြန်လည်လာ - ဒေါ်မော်
အေးနိုင်
·
May 22, 2015
မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကိုယ် မိမိမီးရှို့ဆန္ဒပြတဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာက တောင်သူ ဦးမြင့်အောင် (အသက် ၆၃) ဟာ သတိရလာပြီလို့ သူ့ရဲ့ တူမ ဒေါ်မော်က ပြောပါတယ်။
သူတို့စိုက်ပျိုးထားတဲ့ခြံမှာ တပ်မတော်သားတွေက အဆောက်အဦဆောက်လုပ်ဖို့ အခြေအတင်ဖြစ်ခဲ့ပြီးနောက် ဦးမြင့်အောင်ဟာ မနေ့မနက် ၇ နာရီလောက်က ရေပူရွာက အိမ်ရှေ့လမ်းမပေါ်မှာ မိမိကိုယ်မိမိ ဓာတ်ဆီလောင်း မီးရှို့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ရွာသားတွေ မီးငြှိမ်းသတ်ပြီး ဒဏ်ရာပြင်းထန်ကာ သတိလစ်မေ့မြောနေတဲ့ သူ့ကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသနေပါတယ်။ ဒီမနက် ၁ နာရီမှာတော့ ဦးမြင့်အောင် သတိပြန်လည်လာတယ်လို့ ဆေးရုံကို ရောက်ရှိနေတဲ့ ဦးမြင့်အောင်ရဲ့ တူမ ဒေါ်မော်က ပြောပါတယ်။
ဒေသခံရွာသားတွေ အဆိုအရ ၁၉၉၄ ခုနှစ်မှာ ဒီကျေးရွာအုပ်စုတကြောက ခြံမြေဧကပေါင်း ၅ ထောင်လောက်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။
ဦးမြင့်အောင်ရဲ့ တူမ ဒေါ်မော်ကို မေ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ဆက်သွယ်မေးမြန်းထား ပါတယ်။
ဦးမြင့်အောင် ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲအစ်မ။
“ဒီမနက် အခြေအနေကတော့ သတိတော့ရပြီ။ ဒါပေမယ့် သိပ်ပြီးတော့မထူးပါဘူး (ငိုသံနဲ့ ပြောဆို)။ ဒီမနက် ၁ နာရီလောက်ကရတယ်တဲ့။”
စကားပြောနိုင်လား။
“မပြောနိုင်ဘူး။”
မျက်စိကော မြင်ရလား။ ဘယ်လိုရှိလဲ။
“အခုချိန်ထိ (မနက် ၁၀ နာရီ) မှိတ်နေတုန်းပဲ။”
စိတ်မကောင်းဖြစ်ရပါတယ်အစ်မ။ ဦးမြင့်အောင် တယောက်တည်း ဖြစ်တယ်ဆိုတာထက် သိမ်းဆည်းခံ လယ်သမားတွေနဲ့ပါ သက်ဆိုင်တဲ့ကိစ္စဖြစ်တော့ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါလားအစ်မ။
“အစ်မတို့ စစ်တပ်ကနေ သိမ်းထားတဲ့မြေပေါ့နော်။ သိမ်းစဉ်အခါတုန်းက အစ်မတို့မြေတွေက မပါဘူး။ နောက် ဗိုလ်ကြီးတင်စိုး လက်ထက်မှာမှ အကုန်သိမ်းဆိုပြီး အစ်မတို့မြေတွေကို သိမ်းလိုက်တာပါ။ သိမ်းပြီးတဲ့အခါကျတော့ အစ်မတို့မြေမှာ အစ်မတို့က သီးစားခပေးပြီးတော့မှ အခုချိန်ထိ လုပ်အားတွေပေးပြီးတော့မှ အခုချိန်ထိလုပ်နေရတုန်းပေါ့။ နောက်ပိုင်းကျတော့ သီးစားခငွေ ၁ ဧကကို ၁ သောင်းနှုန်းနဲ့ ပေးပြီးတော့မှ လုပ်နေရတယ်ပေါ့။ အခု အစ်မတို့ စိုက်ပျိုးပြီးထားတဲ့ မြေထဲကို သူတို့ရဲ့ အဆောက်အဦလာဆောက်မယ်ဆိုတဲ့အခါကျတော့ အစ်မတို့ တောင်သူတွေက အဆောက်မခံနိုင်တော့ဘူးပေါ့။ ကျမတို့ ကျနော်တို့ စိုက်ထားတဲ့အခါကျတော့ ပေးမဆောက်ဘူးဆိုပြီးတော့ ဖြစ်တာပေါ့နော်။ အဲဒါနဲ့ အစ်မတို့ အဲဒီမှာပဲ တညလုံးစောင့်ပြီးတော့ စစ်သားတွေကလည်း အစ်မတို့နားမှာ သူတို့လည်း အစ်မတို့ပြန်ရင် သူတို့ ၀င်ဆောက်မယ်ဆိုတဲ့ သဘောမျိုးနဲ့ နေနေတာ သူတို့လည်း ဆယ်နာရီခွဲ (ည) မှပြန်တယ်။ အစ်မတို့ တောင်သူတွေကတော့ မိုးလင်းမှ ပြန်ကြတာပေါ့။ အဲဒါမှာ အစ်မတို့ရဲ့ ဦင်္းလေး ဦးမြင့်အောင်ကနေပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီးတဲ့အခါကျတော့ စာလည်းရေးခဲ့တယ်ပေါ့နော်။ သူ မခံနိုင်လွန်းလို့မို့လို့ သူ့ကိုယ်သူ ဓာတ်ဆီလောင်းပြီး မီးရှို့တာပေါ့နော်။ (ဦးမြင့်အောင်က ရွာကအိမ်ကနေ ထွက်ပြီး လမ်းမမှာ မီးရှို့ခြင်းဖြစ်) သူ အဲလိုမျိုးဖြစ်တော့ အစ်မတို့က ခြံထဲမှာ ရောက်နေတဲ့အခါကျတော့ ဖြစ်တာလည်း အစ်မတို့က မသိဘူးပေါ့နော်။”
လူနာအခြေအနေကို ဘယ်လိုမျိုးမြင်ရလဲ။ ဒဏ်ရာက တော်တော်များလား။
“ဒဏ်ရာက မောင်လေး တကိုယ်လုံး။ အကုန်လုံးပဲ။ မျက်နှာတွေကနေမှ ခြေထောက်အကုန်လုံးပဲ။ ဘယ်လိုခေါ်မလဲ တနေရာမှ မကျန်တော့ဘူး။”
စစ်သားတွေက တမြန်နေ့ (မေ ၂၀) တုန်းက သူတို့ဘားတိုက် အဆောက်အဦဆောက်ဖို့ သစ်တွေ၊ သွပ်တွေလာပုံတယ်လို့ ကြားရပါတယ်။ အဲဒီမှာ အစ်မလည်းရှိနေတယ်ဆိုတော့ ခြံထဲကို ဘယ်လိုလာပြီး ဘာတွေပုံလဲ ပြောပြပါလား။
“ဟုတ်ပါတယ်။ သစ်တွေဆိုတာလည်း သစ်တွေမဟုတ်ဘူး။ သွပ်အစုတ်တွေနဲ့ သစ်အစုတ်တွေ လာပုံထားတာပါ။ ထော်လာဂျီတစီးလာချသွားတာပါ။”
လာတဲ့စစ်သားက ဘယ်နှယောက်လဲ။ ဘယ်သူတွေပါသေးလဲ။
“ဗိုလ်ကြီးဝင်းထွန်းအောင်နဲ့ သူ့ရဲ့စစ်သားတွေပေါ့။ နောက်တခါ သူတို့ရဲ့စစ်သားထဲမှာ အရပ်သား ဟို လစာပေးပြီး ခန့်ထားတဲ့ လူတွေရောပေါ့။ အစ်မတို့ဆီလာတုန်းက ဆယ်ယောက်။”
အဲဒီခြံထဲမှာ အစ်မတို့နဲ့ စစ်သားတွေအကြား အခြေအတင်အငြင်းပွားတယ်လို့သိရတယ်။ အမတို့က ဘာတွေပြောလဲ။ သူတို့က ဘာတွေပြောလဲ။
“အခြေအတင်ဆိုတာလည်း ကျမတို့က စိုက်ပြီးသားမို့လို့ပေါ့နော် ကျမတို့ခြံထဲကို ပေးမဆောက်နိုင်ဘူး။ ဗိုလ်ကြီးကလည်း ကျနော်တို့ကလည်း လုပ်စရာရှိလို့ ကျနော်တို့လုပ်တာပေါ့။ ဆက်ဆောက်ရမှာပဲ။ နောက်တခါ ဗိုလ်ကြီးကနေပြီးတော့ ကျမကို ပြောသွားသေးတယ် ‘အစ်မတို့စိုက်ထားတာကို ကျနော်တို့က ထယ်ပြီးတော့ ပြန်စိုက်မှာပေါ့၊ သူက အဲလိုမျိုးလည်း ပြောသွားသေးတယ်။”
အစ်မတို့ အရင်တုန်းက သီးစားခပေးနေရာကနေ ၂၀၁၃ ကစပြီး သီးစားခမပေးဘဲ စိုက်စားခွင့်ပြန်ပေးတယ်မဟုတ်လား။
“ဟုတ်တယ်။”
ဒါဆို အခု ဖယ်ပြီး တပ်က ထယ်ထိုးပြီးပြန်စိုက်မယ်ဆိုတဲ့ ပုံစံအရဆို လုပ်ခွင့်ပြန်သိမ်းတယ်ဆိုတဲ့ သဘောပေါ့။
“အခုတော့ ဘယ်လိုလည်း မသိသေးပါဘူး။ မနေ့ကတော့ စခန်းမှူးတွေ ဘာတွေရောက်လာတယ်လေ။ တောင်သူတွေကလည်းပေါ့လေ ကိုယ့်အိမ်ကိုယ်ပြန်နေပါ။ ပြီးတော့ ဒီအဆောက်အဦကိုလည်း သူတို့ မဆောက်တော့ပါဘူးပေါ့။ နောက်တခါ ခြံကိုလည်း သူတို့ မဖျက်ဆီးတော့ပါဘူးဆိုပြီးတော့ သူတို့ အထက်မှာ ညှိနှိုင်းပြီးတော့ လုပ်နေတယ်တဲ့။ အခု အစ်မတို့ရဲ့ခြံဘေးမှာ တိုးမီးယားအပိုင်ဆိုတာရှိသေးတယ် တောင်သူပိုင်မြေပဲ။ အဲဒီထဲမှာ အခု အဆောက်အဦ ၂ လုံးဆောက်နေတယ်တဲ့။ ကျမ ဒီဆေးရုံ (စပ်စံထွန်း) ရောက်တော့ နောက်ကနေ ဖုန်းလှမ်းဆက်တာပေါ့။ စစ်တပ်က ထပ်လုပ်နေတယ်တဲ့။”
အစ်မတို့ခြံမှာ မလုပ်ဘဲနဲ့ ဒီပြင်ခြံမှာ သွားလုပ်ပြန်ပြီလား။
“ဟုတ်တယ်၊ ဟုတ်တယ်။”
အစ်မတို့ခြံကို တပ်မတော်ကသိမ်းတာ ဘယ်နှဧကလဲ။ ရှစ်ဧကခွဲလို့ကြားလို့။
“အဲဒါက အစ်မရဲ့အဖေက ရှစ်ဧက။ အစ်မက ခြောက်ဧက။ သားအဖ ၂ ယောက်ပေါင်းရင် ၁၄ ဧကပေါ့။”
အဲဒီသိမ်းဆည်းဧကတွေ ပြန်ရပြီလား။
“အခုချိန်ထိ အတိအလင်းမရသေးဘူး။”
အစ်မတို့ခြံဘေးက ဆောက်တယ်ဆိုတော့ အဲဒီခြံပိုင်ရှင်က ဘယ်သူလဲ။
“အဲဒီခြံတွေက ဦးစိန်ဝင်းတို့၊ ဦးအောင်ဝင်းတို့။ အဲဒီခြံတွေထဲမှာ ၀င်ဆောက်နေတယ်။”
ဘယ်သူက ဆောက်တာလဲ။
“စစ်တပ်ကပဲ၊ စစ်တပ်ကပဲ။”
အဲဒီလူတွေကရော ဘာမှ မပြောကြဘူးလား။
“သူတို့လည်း မသိလို့လား ဘာဖြစ်လို့လည်းမသိဘူး။ သူတို့တော့ သွားမတားဘူးထင်တယ်။ အခုကတော့ အဆောက်အဦက ဆောက်ပြီးသွားပြီလို့ အစ်မကို ဖုန်းဆက်တယ်လေ။”
သူတို့က ဖြစ်ရုံ တိုင်ထောင်အမိုးမိုးလိုက်တဲ့သဘောလား။
“ဟုတ်တယ်။ သစ်ကလည်း သစ်အစုတ်အပြတ်သတ်တွေ။ အမိုးဆိုတာလည်း အစုတ်အပြတ်အသတ်တွေနဲ့ လာဆောက်တာ။ သစ်အသစ်တွေလည်း မဟုတ်ဘူး။ သွပ်အသစ်တွေလည်း မဟုတ်ဘူး၊ အဲလိုမျိုးလာလုပ်တာ။”
ပထမ စမ်းပြီးတော့ တိုင်လေးထောင်တယ်။ ပြောရင် ပြဿ နာတက်ရင် မလုပ်ဘူး။ မပြောရင် မတားရင် ဆက်လုပ်တယ် အဲဒီသဘောပေါ့နော်။
“အဲလိုမျိုးလားမသိပါဘူး။ အစ်မကလည်း အခု တောင်ကြီးရောက်နေတယ်။ အဲဒီအခြေအနေက ကောင်းကောင်းမသိဘူး။”
မီးရှို့တဲ့ ဦးမြင့်အောင်က အစ်မနဲ့ ဘာတော်လဲ။
“အစ်မရဲ့ ဦးလေးအရင်းပါ။ အစ်မတို့က ရေပူရွာမှာပဲနေတာ။ ရေပူရွာမှာပဲ မွေးတာ။”
လယ်ခြံတွေသိမ်းခံရတော့ သီးစားခ ၁ ဧကကို ၁ သောင်း စစ်တပ်ကို ပြန်ပေးရတယ်နော်။ အစ်မဆို ၆ ဧကကို ၆ သောင်း၊ အစ်မဖေဖေက ၈ ဧကကို ၈ သောင်း ပေးရတာပေါ့။
“ဟုတ်တယ်။”
အစ်မတို့ လယ်ခြံတွေ သိမ်းခံရတော့ အစ်မတို့ဘ၀ကို ဘယ်လိုထိခိုက်နစ်နာစေသလဲ။
“အော်၊ မောင်လေးရယ် အစ်မတို့ တောနေလူတန်းစားက မြေရှိမှ လုပ်စားတတ်တာလေ။ အစ်မတို့ဆိုတာ အရောင်းအ၀ယ်ဆိုတာလည်း မတတ်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၀န်ထမ်းမဟုတ်ဘူးလေ။ တောနေလူတန်းစားဆိုတော့ တောင်သူပဲ လုပ်စားတတ်တာပေါ့။ တောင်သူလုပ်မစားတဲ့အခါကျတော့ စီးပွားရေးတွေ၊ အစ်မတို့သားသမီးရဲ့ပညာရေးတွေ၊ အစ်မတို့ရဲ့ လူမှုရေးတွေ အကုန်လုံးပျက်စီးကုန်တာပေါ့ မောင်လေးရဲ့။"
သမ္မတဦးသိန်းစိန်တက်လာတော့ သိမ်းထားတဲ့လယ်တွေပြန်ပေးဖို့ လွှတ်တော်ကဆုံးဖြတ်ပြီး ပြန်ပေးတာတွေလည်းရှိတယ်။ အစ်မတို့က ပြန်မရဘူးလား။
“အစ်မတို့ဆီမှာတော့ အခုချိန်ထိ မရဘူးမောင်လေးရဲ့။ အစ်မတို့လည်း အကြိမ်ကြိမ်အခါခါ စာတင်တာပဲ။ အခုချိန်ထိ မရသေးဘူး။”
စစ်တပ်က လယ်ခြံတွေ သိမ်းပြီး ဘာလုပ်ကြတုန်း။ မူလပိုင်ရှင်တွေကို ပြန်သီးစားချတာသက်သက်ပဲလား။
“အဲလိုမျိုးပေါ့။ တောင်သူတွေပဲ ပြန်ပြီးတော့ ခိုင်းတယ်။ နောက်တခါ သူတို့က နီးစပ်ရာ ကုမ္ပဏီတွေကို ခန့်စားတာလား၊ ရောင်းစားတာလားတော့ အစ်မတို့ မသိဘူး။ အဲဒီမှာ ကုမ္ပဏီတွေရှိတယ်။ တိုးနီးရားရှိတယ်။ မြတ်နဒီရှိတယ်။ စီပီကြက်ခြံရှိတယ်။ နတလ ဦးမြင့်နိုင်ရှိတယ်။ ကုမ္ပဏီတွေကို ခန့်ပြီးတော့မှ လာလုပ်စားတာလား။ ရောင်းစားတာလားတော့ မသိဘူး။ အခု မြတ်နဒီကတော့ သူတို့က ရောင်းစားထားတာတော့ သေချာသိတယ်။”
တခြားဒေသတွေမှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေပြန်လည်ရရှိဖို့အတွက် ထွန်တုံးတိုက်ပွဲတွေ လုပ်တာရှိတယ်။ အစ်မတို့ဘက်မှာရော အလားတူ ကိုယ့်လယ်ကိုယ် အတင်းဝင်စိုက်တာမျိုး လုပ်ဆောင်တာမျိုးရှိကြလား။
“အဲလိုတော့ မလုပ်ကြဘူးလေ။ အစ်မတို့တောင်သူတွေက ဘယ်လိုမျိုးခေါ်မလဲ အကြောက်တရားတွေလည်းရှိကြတယ်။ ကိုယ့်ဝမ်းစာအနေနဲ့လည်း အစ်မတို့တွေက တွန်းတွန်းတိုက်တိုက်တွေလည်း မလုပ်ပါဘူး။ ကိုယ့်ဟာလေးကို ကိုယ်လုပ်ရရင်ပြီးရောဆိုတဲ့ စိတ်မျိုးလေးတွေပဲရှိတယ် တောင်သူတွေကတော့။ တောင်သူတွေက ရိုးသားတယ်လေ၊ ဘာအသိဉာဏ်မှလည်း သိပ်မရှိဘူးလေနော်။ အဲလိုမျိုးဆိုတဲ့အခါကျတော့ တောင်သူတွေက ကိုယ့်ဟာလေးကို လုပ်စားရရင်ပြီးရော လုပ်မယ်ဆိုတဲ့ဆန္ဒလောက်ပဲရှိတယ်။ ကျန်တာကတော့ ဘာမှန်းမသိပါဘူး။”
လယ်ယာမြေပြန်ပေးရေး လုပ်ဆောင်သူတွေ ကြုံရတာကို ပြန်ပြောပြရာမှာ အထောက်အထားတွေမရှိတာကြောင့် ပြန်ပေးဖို့ စိစစ်ဖို့ ခက်တယ်ဆိုတာမျိုး တွေပါရှိတော့ - အစ်မတို့ဆီက စစ်တပ်က သိမ်းတဲ့မြေတွေ ခြံတွေက ဘိုးဘွားပိုင်မြေလား၊ ဓားမဦးချလား၊ ဂရမ်ပိုင်မြေလား။ ဘယ်အမျိုးအစားထဲပါကြလဲ။
“အစ်တို့ဆီမှာ တချို့ဆိုလို့ရှိရင် ပြေစာလေးတွေရှိတယ်။ နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ ပြေစာလေးတွေ။ တချို့ကျတော့လည်း ဓားမဦးချ။ များသောအားဖြင့် အစ်မတို့ဆီမှာက ဓားမဦးချတောင်သူတွေပဲ ဆိုတဲ့အခါကျတော့ ကိုယ့်ယာကိုယ်လုပ်စားရရင်ပြီးရော၊ ဒါတွေ နားမလည်ဘူးလေ။ နောက်ပြီးတော့ မြေတိုင်းစာရေးတွေ ဘာညာဆိုတာလည်း လိုက်လံမဆောင်ရွက်ပေးတဲ့အခါကျတော့ ဒါတွေက မရှိဘူးပေါ့မောင်လေးရယ်။”
သိမ်းဆည်းခံရတဲ့ မြေတွေက လယ်လား ခြံလား ဘာတွေစိုက်ကြလဲ။
“ခြံတွေပါ။ ပြောင်းတို့၊ ပဲစဉ်းငုံတို့၊ နေကြာတို့ စိုက်ကြတယ်။”
ခြံတွေကို သိမ်းပြီး စစ်တပ်က ခြံရှင်တောင်သူတွေကို သီးစားပြန်ချတယ်။ ဆိုတော့ စစ်တပ်က ခြံထွက်ထုတ်ကုန်တွေကို ကုန်ထုတ်လမ်းတွေဖောက်ပြီး ဈေးကွက်ထဲ လွယ်လွယ်ကူကူ ရောက်အောင် ကူညီတာလိုမျိုး ကူညီဆောင်ရွက်သလား။
“အဲလိုကတော့ မရှိဘူး။ အစ်မတို့ဆီမှာ ပွဲရုံတွေရှိတယ်။ ပွဲရုံတွေမှာ အစ်မတို့က တောင်သူလုပ်မယ်ဟေ့ဆို တချို့တောင်သူတွေက ငွေမရှိဘူးပေါ့နော်။ များသောအားဖြင့် တောင်သူ ၁၀ ဦးဆိုလို့ရှိရင် ၉ ဦးလောက်ကတော့ ငွေမရှိရှာပါဘူး။ ပွဲစားတွေနားက မြေသြဇာယူ၊ မျိုးယူ၊ သီးနှံပေါ်မှ ပြန်ဆပ် အဲလိုမျိုးနဲ့ ဘ၀ကို ရုန်းကန်နေကြတာပါ။”
တောင်သူ ဦးမြင့်အောင် မိမိကိုယ်မိမိ မီးရှို့သတ်သေရလောက်အောင် တောင်သူတွေရဲ့ ရင်ထဲမှာ ဖိစီးနေကြလား။အစ်မလည်း ခြံသိမ်းခံ တောင်သူတဦးဆိုတော့လေ။
“ဘယ်လိုမျိုးခေါ်မလဲ သူကပေါ့နော်၊ မိသားစုမှာ အခက်အခဲတွေချည်းပဲပေါ့၊ အမျိုးမျိုးရင်ဆိုင်နေရတယ်ဆိုတဲ့အခါကျတော့ သူက သူ့ကိုယ်သူ နာကြည်းပြီးတော့ အဲလိုမျိုးပေါ့ နော် ‘နေတာထက်စာရင် သေတာကမှ ကောင်းဦးမယ်‘ ဆိုပြီး လုပ်လိုက်တဲ့သဘော နေမှာပါ။ အစ်မတွေးကြည့်တော့နော်။”
အစ်မတို့ မိသားစုမှာ ဘယ်နှယောက်ရှိလဲ။
“ခြောက်ယောက်ရှိတယ်။”
ဦးမြင့်အောင်ဒဏ်ရာတွေကို ဓာတ်ပုံထဲမှာ ငှက်ပျောရွက်တွေပတ်လျက် တွေ့ပါတယ်။ သူ ဒဏ်ရာသက်သာရင် အလုပ်ပြန်လုပ်နိုင်ပါတော့မလား။ သူ့မိသားစုအတွက်။
“မောင်လေးရေ အစ်မတို့ကတော့လေ အကောင်းပကတိ မဖြစ်နိုင်တော့ဘူးမောင်လေးရဲ့။ သူက တော်တော်ကြီးကို အခြေအနေဆိုးတာဆိုတော့လေ။ မဖြစ်နိုင်လောက်တော့ပါဘူး။ သူက အစ်မတို့နဲ့ပဲနေတာပါ။ အစ်မတို့ မမွေးခင်ကတည်းက အဖေတို့၊ အစ်မမတို့နဲ့။