Home
မေးမြန်းခန်း
ညီလာခံကျင်းပခွင့်မပြုတဲ့ အကြောင်းရင်းကို မသိပါဘူး - ဦးအုန်းမောင်
အေးနိုင်
·
May 18, 2015
IMG_20150518_134834
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်မှာ ပြည်ထောင်စုသားမွတ်စလင်များ ပြည်လုံး ကျွတ်ညီလာခံ ကျင်းပခွင့်ပြုဖို့ လျောက်ထားချက်ကို အုပ်ချုပ်ရေးပိုင်းက ခွင့်မပြုဘူး လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။ မေ ၂၃၊ ၂၄၊ ၂၅ ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတာဖြစ်ပြီး ခွင့်ပြုမိန့်စောင့် ဆိုင်းနေစဉ်မှာ  မေလ ၁၆ ရက်နေ့က အကြောင်းပြန်တာလို့ ဆိုပါတယ်။ ညီလာခံကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးအုန်းမောင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ မေး) ပြည်လုံးကျွတ်ညီလာခံ ကျင်းပခွင့်မရဘူးလို့သိရပါတယ်။ အဲဒီအခြေအနေကို ပြောပြ ပါ။ ဖြေ) ကျနော်တို့ကတော့ ညီလာခံကျင်းပရေးကော်မတီဖွဲ့စည်းပြီးတော့ ညီလာခံကျင်းပရေး အစီအစဉ်တွေ တနှစ်တာ ကြိုးပမ်းစီစဉ်ခဲ့တာပေါ့နော်။ ရာသီဥတု အခြေအနေအခင်းသာပြီ ဆိုတဲ့အခြေအနေကို သုံးသပ်ပြီးတော့ နဂိုရ်ကတည်းက ကျနော်တို့က ဥပဒေဘောင်ထဲ ကပဲ ဆောင်ရွက်တဲ့အဖွဲ့လေ၊ ကော်မတီတရပ်ပါ။ အဲဒီတော့ ခွင့်ပြုမိန့် အောက်ခြေကနေ အဆင့်ဆင့်တင်တဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုမွတ်ဆလင်တွေရဲ့ ပြည်လုံးကျွတ်ညီလာခံဆိုတဲ့အတွက် ပြည်ထောင်စု အစိုးရကို တင်ပြထားတယ်ဆိုတာကို ကျနော်တို့က သိရတယ်။ အဲဒီအခြေအနေကနေ ညီလာခံကျင်းပဖို့ ရက်က ကပ်လာတဲ့ အခြေအနေမှာ ၁၆ ရက်နေ့က ကျနော်တို့ကို အခု မေလ ၂၃-၂၄-၂၅ မှာကျင်းပမယ့် ညီလာခံကျင်းပခွင့် လျောက်ထားတာကို ခွင့်မပြုပါဘူးဆိုပြီး အကြောင်းပြန်ကြားခဲ့တာပါ။ မေး) အကြောင်းပြန်ကြားတာက  ခရိုင်ကနေ အကြောင်းပြန်တာလား။ တိုင်းကနေ အကြောင်းပြန်တာလား။ ဖြေ) ကျနော်တို့ကို တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေပြီး ခေါ်ယူတွေ့ဆုံပြီးတော့ အကြောင်းပြန်ကြားတာ။ နုတ်နဲ့လည်း ပြောတယ်။ စာနဲ့လည်း ပေးပါတယ်။ မေး) ဒါဆိုလို့ရှိရင် ခရိုင်ကနေ ကျော်သွားတာပေါ့နော်။ ဖြေ) အောက်ခြေကော၊ ခရိုင်ကော၊ တိုင်းကော အကုန်ရောက်သွားပြီးတော့မှ အခုနောက်ဆုံးကျတော့ ခရိုင်ကနေ ကျနော်တို့ကို ပြန်ခေါ်ပြောတာပါ။ မေး) ဘာကြောင့် ခွင့်ပြုချက်မပေးတာလို့ အကြောင်းပြန်ကြားစာမှာပါသလဲခင်ဗျ။ ဖြေ) ဘာမှ မပါပါဘူးခင်ဗျာ။ ကျနော်တို့ လျောက်ထားတဲ့ ခွင့်ပြုမိန့်တောင်းခံတာကို ကျင်းပခွင့်မပြုတာဆိုတဲ့ အကြောင်းအရာလေးပဲပါပါတယ်။ တခြားဘာမှ  အထွေအထူး မပါပါဘူး။ မေး) ဦးပြောပုံအရ ဆက်စပ်မယ်ဆိုရင် ပြည်ထောင်စုအစိုးရထံကို တင်လိုက်တဲ့နောက် ခွင့်ပြုချက်မပေးဘူးဆိုတဲ့အဖြေ ထွက်လာတဲ့ သဘောပေါ့နော်။ ဖြေ) အဲဒါကျတော့ ကျနော် ဘယ်လိုမှ သုံးသပ်လို့မရဘူး။ ကျနော်တို့က တင်တာက ဥပဒေနဲ့အညီ မြို့နယ်ကိုတင်ရတယ်။ ဒီပါမစ်ကိုပေးမယ်ဆိုရင်လည်း ကျနော်တို့သိ သလောက်က မြို့နယ်ကပဲ ဒီပါမစ်ကို ပေးရတာပါ။ အခုလည်းပဲ ခရိုင်ကနေပြီးတော့ ဒီပါမစ်ကို မြို့နယ်ကို ခေါင်းစီးတပ်ပြီးတော့ ကျင်းပခွင့်မပြုကြောင်း ပို့တာပါ။ ကျနော် တို့ကို မိတ္တူပို့တာပါ။ မေး) ဒီညီလာခံက မနှစ်စက်တင်ဘာမှာကျင်းပမလို့ စီစဉ်ခဲ့ပြီးမှ ရွှေ့ဆိုင်းခဲ့ရတာ မဟုတ်လား။ ဖြေ) ဟုတ်ပါတယ်။ ကျနော်တို့က ပထမဦးဆုံးဆုံးဖြတ်ခဲ့တာက ကျနော်တို့အားလုံး စုံညီတွေ့ဆုံခဲ့ကြတဲ့ အစည်းအဝေးကြီးမှာ ကျနော်တို့ဆုံးဖြတ်ခဲ့တာက စက်တင် ဘာမှာလုပ်မယ်လို့ ကျနော်တို့က အကြမ်းဖျဉ်းလျာထားတာပေါ့နော်။ သို့သော် ကျနော်တို့က ဥပဒေဘောင်အတွင်းမှာ ရပ်တည်ပြီးတော့ စနစ်တကျ နိုင်ငံသားတွေရဲ့ အကျိုး၊ တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူတွေရဲ့ အကျိုးအားလုံးကို ကြည့်ပြီးတော့ အခြေအနေ အရပ်ရပ်ကြောင့် ကျနော်တို့က ရွှေ့ဆိုင်းလာခဲ့တယ်။ အဲဒီလို ရွှေ့ဆိုင်းလာပြီးတော့မှ ကျနော်တို့ ဒ်ီလိုလုပ်နိုင်ဖို့အတွက် အခွင့်အလမ်းသာတယ်လို့ ကျနော်တို့က သုံးသပ်တဲ့အတွက် ခွင့်ပြုချက်လျှောက်ထားတာဖြစ်ပါတယ်။ မေး) ပြည်ထောင်စုမွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကို တက်ရောက်မယ့်သူတွေက တနိုင်ငံလုံးကို လွှမ်းခြံမှု ဘယ်လိုရှိသလဲ။ ကိုယ်စားလှယ်တွေ ဖိတ်ကြားပြီးပြီလား။ ဖြေ) ကျနော်တို့က ပြီးခဲ့တဲ့လ ၇ ရက်နေ့မှာ ပြည်နယ်နဲ့တိုင်း၊ ခရိုင်၊ မြို့နယ်တွေမှာရှိတဲ့ တာဝန်ခံတွေပေါ့နော်၊ ဆက်သွယ်ရမယ့်ပုဂိုလ်တွေ၊ တာဝန်ခံတွေ၊ အစည်းအဝေး ကော်မတီတွေကို ဖိတ်ခေါ်ပြီးတော့ နယူးဧရာဟိုတယ်မှာ final ပေါ့ဗျာ ဒီညီလာခံ ကျင်းပရေးကော်မတီ အသေးစိတ် ချပြဆွေးနွေး သဘောတူညီချက်တွေ ရယူပြီးတော့ ကျင်းပမယ့် အစီအစဉ်အတွက်။ အဲဒီမှာကတည်းက ကျနော်တို့က ကျင်းပဖြစ်တော့မယ် ဆိုတဲ့ အနေအထား၊ ခွင့်ပြုချက်လည်း တင်ထားပြီးပြီဆိုတဲ့အနေအထားတွေကို ရှင်းလင်းတင်ပြထားပြီးဖြစ်ပါတယ်။ ဖိတ်ကြားဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ မေး) မဖိတ်ကြားရသေးဘူးပေါ့။ ဖြေ) ကျနော်တို့က လက်လွန်ခြေလွန်မလုပ်ပါဘူး။ ခွင့်ပြုချက်မရဘဲနဲ့ဖိတ်ရင် ကျနော်တို့ တာဝန်ကြီးတယ်လေ။ ခွင့်ပြုချက်ရမှာသာလျှင် ဖိတ်ရမှာဖြစ်တယ်။ နောက်တခုက ခွင့်ပြုချက်ရသည့်တိုင်အောင်တောင်မှ တနိုင်ငံလုံးလွှမ်းခြုံပြီး ပူတာအိုကနေ ဟိုးအောက်ဆုံး ကော့သောင်းအထိ ကိုယ်စားလှယ်တွေလာမှာဖြစ်တဲ့အတွက် သူတို့ရဲ့ သွားရေး၊ လာရေး ခရီးစဉ်စီစဉ်ဖို့ အဲဒါတွေအားလုံးအတွက် အချိန်ယူရပါမယ်။ ဖိတ်စာ ကလည်း အနည်းဆုံး ဆယ်ရက်၊ ဆယ့်ငါးရက် ကြိုတင်ပို့မှ ရောက်မှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့က တပတ်လောက်ကပ်လာတဲ့အချိန်အထိ ခွင့်ပြုမိန့်မရသေးတဲ့ အတွက် ကျနော်တို့ကိုယ်တိုင်ကိုက ကျင်းပဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အနေအထားမျိုးထိ သုံးသပ်ထားပြီးသားရှိတယ်။ မေး) အကယ်လို့များ ညီလာခံခွင့်ပြုလို့ ကျင်းပဖြစ်ရင် ဘယ်လိုအကြောင်းအရာ တွေကို ဦးစားပေးဆွေးနွေးဖို့ ပြင်ဆင်ထားကြသလဲ။ ဖြေ) ခွင်ပြုမိန့်မရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ညီလာခံမှာ ဘာမှ ဆွေးနွေးစ ရာမရှိဘူးပေါ့။ သို့သော် ခွင့်ပြုမိန့်ရမယ်ဆိုရင်တော့ ကျနော်တို့က နဂိုရ်က တည်းက အဆင့်ဆင့် အစည်းအဝေးတွေနဲ့ အားလုံးသဘောတူဆုံးဖြတ်ထားတဲ့ ကျနော်တို့နိုင်ငံ သားတွေ ရဲ့ အခွင့်အရေးနဲ့ တာဝန်တွေ၊ ပြည်ထောင်စုသားတွေရဲ့ အကျိုးစီးပွားတွေ၊ ကာကွယ်စောင့်ရှောက်ဖို့ အခွင့်အရေးတွေကို ပါဝင်ထမ်းဆောင်ဖို့၊ အဲဒီလိုပဲ ကျနော် တို့က လူနည်းစုအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်မှုရရှိဖို့၊ ပဋိပက္ခတွေအကြမ်းဖက်မှု တွေရဲ့ ရန်ကနေ ကာကွယ်စောင့်ရှောက်ဖို့၊ အကြမ်းဖက်မှုတွေကို ဆန့် ကျင်ရှုတ်ချဖို့၊ လူကုန်ကူးမှု တားဆီးဖို့။ အဲဒီလို ရည်ရွယ်ချက်တွေ ၇ ရပ်ချမှတ်ထား တာရှိပါတယ်။ အဲဒါတွေကို အဖြေရှာမှာ၊ နှီးနှောဖလှယ်ဆွေးနွေးအ ဖြေရှာပြီးတော့ အနာဂတ်မှာ road map plan တခု ဆွဲပြီးတော့ ပြည်ထောင်စုအကျိုးအတွက် ဘယ် လိုလုပ်ကြမလဲ ဆိုပြီးတော့ တိုင်ပင်ဖို့ပဲဖြစ်ပါတယ်။ မေး) တရားဥပဒေဘောင်ထဲက ဆောင်ရွက်ပါလို့ မြန်မာအစိုးရက အစဉ်တစိုက်ပြော တယ်။ ညီလာခံကျင်းပရေးကော်မတီက တရားဥပဒေဘောင်ထဲက လျောက်တာ အဆင်မပြေဘူး။ ဒီအခြေအနေပေါ်မှာ ဘာပြော စရာရှိမလဲ။ ဖြေ) အဆင်မပြေဘူး၊ အဆင်ပြေတယ်ဆိုတာ အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူ တည်ပါတယ်။ ခွင့်ပြုမိန့်ပေးတဲ့ အစိုးရအဖွဲ့အစည်းဆိုတာလည်း သူ့ရဲ့လုပ်ပိုင်ခွင့် ဘောင်ထဲကနေပြီးတော့ သူ့ရဲ့အခြေအနေအရပ်ရပ်ပေါ်မှာ သုံးသပ်ပြီးတော့ ခွင့်မပြု နိုင်တာ ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ခွင့်ပြုမိန့်ရ ရင် ဥပဒေဘောင်ထဲက လုပ်ရမှာပဲ။ ခွင့်ပြုမိန့်မရဘူးဆိုရင်လည်း ကျနော်တို့က အခြေ အနေတရပ်ကို စောင့်ဆိုင်းပေးရမှာပေါ့။ အရေးကြီးတာကတော့ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ နားလည်မှုရှိရမှာပေါ့နော်။ အဲလိုဆိုရင် အခြေအနေအချိန်အခါတခုမှာ ကျနော်တို့လိုချင်တဲ့ အသီးအပွင့်က ဖြစ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်။ မေး) ဒီညီလာခံရဲ့ ခေါင်းစဉ်မှာ “ ပြည်ထောင်စုသားမွတ်စလင်များ ပြည်လုံးကျွတ်ညီ လာခံဆိုတော့ အကယ်လို့များ မွတ်ဆလင်များဆိုတဲ့ ဘာသာရေးဆိုင်ရာ ဆက်နွယ်မှု ကြောင့်လား။ ဘာသာရေးဆက်နွယ်တဲ့ပွဲကို ခွင့်မပြုတဲ့သဘောလား။ ရိုးရိုးတန်းတန်း ညီလာခံဆိုရင် ခွင့်ပြုနိုင်လား။ ဖြေ) နံပါတ် ၁ ကတော့ ကျနော်တို့ အကြိမ်ကြိမ် အတိအလင်းကြေညာထားတယ်။ အသိလည်းပေးတယ်၊ စဉ်ဆက်မပြတ်လည်း ဆက်သွယ်ပြီးတော့မှ ပူးပေါင်းဆောင် ရွက်ပြီးတော့မှ ပွင့်လင်းမြင်သာစွာလုပ်ပါတယ်။ ကျနော်တို့ဟာ အရပ်ဘက်လူ့အဖွဲ့ အစည်းဆိုတာ ဖြစ်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းမဟုတ်ဘူး။ နိုင်ငံရေးအဖွဲ့အ အစည်းမဟုတ်ဘူး။ ဘာသာရေးကိစ္စတွေကိုလည်း ဆွေးနွေးတိုင်ပင်ဆုံးဖြတ်မှာ မဟုတ်ဘူး။ ကျနော်တို့က ပြည်ထောင်စုသားတွေရဲ့ အကျိုးနဲ့ ပြည်ထောင်စုထဲမှာ နေထိုင်တဲ့ မွတ်ဆလင်တွေရဲ့ ပြည်ထောင်စုသား မွတ်ဆလင်တွေရဲ့အကျိုးကို အပြန်အလှန် ဆက်နွယ်ပြီးတော့ လုပ်မှာဖြစ်တယ်။ ဒါကြောင့် မို့လို့ ကျနော်တို့ဟာ ဘာသာရေးအသွင် လုံးဝမဆောင်ပါဘူး။ တဖက်က သုံးသပ်မှုကတော့ ဘယ်လိုမျိုး သုံးသပ်တယ်ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ မေး) အပြင်က ဖိအားတွေကြောင့် ကျင်းပခွင့်မပေးတာဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်ချက်တွေပေါ်မှာ ဘာပြောစရာရှိမလဲ။ ဖြေ) ကျနော်တို့ရဲ့ကော်မတီမှာတော့ ပြည်တွင်းကရော၊ ပြည်ပကရော တိုက်ရိုက် ကျနော်တို့ကို ဘာဖိအားမှ မရှိပါဘူး။ ကျနော်တို့ ကော်မတီကိုယ်တိုင်ကိုက ပြည်ပစွက်ဖက်မှုနဲ့ကင်းလွတ်ပြီးတော့မှ လွတ်လပ်ပွင့်လင်းစွာနဲ့ ပြည်တွင်းမှာပဲ၊ ပြည်တွင်းက အင်အားနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကော်မတီအပေါ်မှာ ဒီကနေ့ထိ ပြည်ပက တရားဝင်ဖိအားပေးတာတွေ၊ တရားမ၀င်ဖိ အားပေးတာတွေ မရှိပါဘူး။ သို့သော် အချို့ကတော့ သူတို့ ပုဂိုလ်ရေးအရ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးကြတာ ဆောင်ကြတာတော့ ရှိမှာပေါ့ အကြောင်းအမျိုးမျိုးနဲ့။ ဒါတွေကတော့ သူတို့ရဲ့ တဦးချင်းဒီမိုကရေစီကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရေးကြတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ မူဝါ့ဒ လမ်းစဉ်နဲ့အညီ ပြည်ပစွက်ဖက်မှုကို လုံးဝ လက်မခံထားတဲ့အတွက် ဘာမှ ဖိအားမရှိပါဘူး။ ဒါလေးတော့ ကျနော်တို့က ကင်းကင်းရှင်းရှင်းသွားနေပါတယ်။ မေး) ဦးတို့ကို ဖိအားမရှိပေမယ့် ခွင့်ပြုမိန့်ကို ချပေးနိုင်တဲ့ အစိုးရအပေါ်မှာ တခြားသြဇာရှိတဲ့အဖွဲ့အစည်းတခုခုက ဖိအားပေးတာမျိုး ဖြစ်နိုင်လား။ ဖြေ) အဲဒါကတော့ ကျနော်တို့က ကိုယ်ကိုယ်တိုင် ဘာမှ မသိနိုင်တဲ့အတွက်ကြောင့် သုံးသပ်ချက်မပေးနိုင်ဘူးခင်ဗျ။ မေး) ဒီညီလာခံရဲ့ နောက်ကွယ်မှာ တခြားရည်ရွယ်ချက်တွေရှိတယ်ဆိုပြီး စွပ်စွဲရေးသား ဖော်ပြချက်တွေအပေါ် ဘယ်လိုတုန့်ပြန်ချင်လဲ။ ဖြေ) ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း အများပြည်သူကိုရော၊ နိုင်ငံတော်အစိုးရကိုရော၊ ကျနော်တို့ မွတ်ဆလင်ထုကိုရော အာမခံနိုင်တာက ကျနော်တို့မှာ နောက်ကွယ်မှာ မြှုပ်ကွယ်ထားတဲ့ လျှို့ဝှက်ချက် ဘာမှ မရှိပါဘူး။ ကျနော်တို့ဟာ ကော်မတီတရပ်သာ ဖြစ်ပြီးတော့ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်သာ ရှိပါတယ်။ အဲဒီ ညီလာခံတက်ရောက်လာတဲ့ ပြည်ထောင်စုသား မွတ်ဆလင်တွေကိုယ်တိုင်က သူတို့ အရေးကိစ္စတွေကို သူတို့ ဆွေးနွေးပြီးတော့ ကျနော်တို့သဘောတူထားတဲ့ ခေါင်းစဉ် ၇ ခု အပေါ်မှာ ဆွေးနွေးကြမှာ၊ အဖြေရှာကြမှာဖြစ်ပါတယ်။ အဲဒီက အဖြေရှာလို့ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်ကိုသာလျင် ကျနော်တို့က  အများပြည်သူကို၊ နိုင်ငံတော်ကို ပွင့်လင်းမြင်သာစွာ တင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အခုချိန်ထိ ကျနော်တို့မှာ ဘာမှ ကြိုတင်စဉ်းစားထားတာ၊ ကြိုတင်ဆုံးဖြတ်ထားတာ၊ နောက်ကွယ်က ဘာမှ အစီအစဉ် လုံးဝမရှိပါဘူး။ မေး) ညီလာခံ ခွင့်ပြုချက်မရခဲ့တာနဲ့ပတ်သက်လို့ အနှစ်ချုပ်ပြောစရာရှိမလား။ ဖြေ) ကျနော်တို့ ခံယူထားတာကိုက ပြည်ထောင်စုသားတွေရဲ့အကျိုးက ပြည်ထောင်စုသား မွတ်ဆလင်တွေရဲ့အကျိုးဖြစ်တယ်။ ပြည်ထောင်စုသား မွတ်လဆင်တွေရဲ့ အကျိုးစီးပွား ဟာ ပြည်ထောင်စုသားတွေရဲ့ အကျိုးဖြစ်တယ်။ ကျနော်တို့ ပြည်ထောင်စုသား မွတ်ဆလင်တွေဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ပြည်ထောင်စုရဲ့ အထဲကနေ ကျနော်တို့ကို ဖဲ့ထုတ်လို့ မရဘူး။ ဒီလို ကျနော်တို့က ကိုယ့်ကိုယ်ကို ခံယူကြ တယ်။ အဲဒီတော့ ကျနော်တို့လုပ်တဲ့ ညီလာခံဟာလည်း ပွင့်လင်းမြင်သာစွာနဲ့ ၁ နှစ် ကြိုးပမ်းပြီးတော့ စီစဉ်ဆောင်ရွက်လာတဲ့အခါမှာ အခုလို ကျင်းပခွင့်မပြုဘူးဆိုတဲ့ အပေါ်မှာတော့ လူသားတယောက်အနေနဲ့၊ ကြိုးပမ်းခဲ့သူတယောက်အနေနဲ့ ဆိုရင်တော့ စိတ်တော့ မကောင်းဘူးပေါ့နော်။ သို့သော် ကျနော်တို့ဟာ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းမရှိပါဘူး။ အခြေအနေတရပ်ရပ်မှာ အားလုံး နားလည်မှုတွေ၊ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ရပြီဆိုလို့ရှိရင် အဖြေထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024