Homeမြန်မာသတင်း
တိုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် ကြန့်ကြာဦးမည်ဟု ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ပြော
တိုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် ကြန့်ကြာဦးမည်ဟု ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ပြော
DVB
·
May 18, 2015
လက်ရှိမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ လက်မှတ်ရေးထိုးနိုင်ပေမယ့် နှစ်ဖက်ယုံကြည်မှုတွေ မရှိပဲ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကြန့်ကြာဦးမှာဖြစ်တယ်လို့ ကချင် တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်က ဒီဗွီဘီနဲ့ တွေ့ဆုံစဉ်ပြောဆိုလိုက်တာပါ။
အစိုးရဘက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှုကြမ်း(အန်စီအေ) စာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပေမယ့်လည်း တိုင်းရင်းသားတွေဘက်ကတော့ ပန်ဆန်းညီလာခံက ထုတ်ပြန်ထားတဲ့ ကြေညာချက် ၁၂ ချက် အပါအဝင် အန်စီအေ စာချုပ်ပါ ပဏာမသဘောတူထားတဲ့အချက်တွေကို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပြန်လည် ဆွေးနွေးဖို့ ရှိနေပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ရန်သူမိတ်ဆွေ မခွဲခြားဘဲ အားလုံးပါဝင်ဆွေးနွေးကြဖို့ မွန်တိုင်းရင်းသားရေးရာဝန်ကြီးက ဆိုထားပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး မပါသေးဘဲ အစိုးရက လက်ခံထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့တပတ် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲအပြီးမှာ ပြောဆိုထားပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှုကြမ်း(အန်စီအေ)ကို လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေချမှတ်မှာဖြစ်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို စတင်ဖို့ စီစဉ်ထားပါတယ်။