စစ်တွေတွင် လျှပ်စစ်မီးအပြည့်မရသဖြင့် အသေးစားလုပ်ငန်းအချို့ ရပ်တည်ရေးခက်
ကျော်ဇေဝင်း
·
May 16, 2015
ရခိုင်ပြည်နယ်စစ်တွေမှာ လျှပ်စစ်မီးအပြည့်အဝမရတဲ့အတွက် အသေးစားစက်မှူ လုပ်ငန်းအချို့ ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေက တပိုင်တနိုင် အသေးစာစက်မှု လုပ်ငန်းတွေဆီကို လျှပ်စစ်မီး မရောက်သေးတာကြောင့် လုပ်ငန်းမှာ အခက်အခဲဖြစ်နေတယ်လို့ သံရည်ကြိုစက်လုပ်ငန်းတည်ထောင်ထားတဲ့ ဦးသန်းဝင်းက ပြောပါတယ်။
“ကျနော်တို့ ရခိုင်ပြည်နယ်ကို လျှပ်စစ်မီးရောက်တာ ၁၂ လပိုင်းကတည်းက ရောက်ပါတယ်။ ကျနော်တို့ စက်မှုရပ်ကွက်မှာ လျှပ်စစ်မီးမရောက်တာက ကျနော်တို့အတွက် အဟန့်အတားအခက်ခဲဖြစ်နေပါတယ်။ နေ့စဉ်လိုလို အခက်အခဲဖြစ်နေပါတယ်။ ကျနော် အခုဆိုရင် စပါးခွံမီးသွေးလောင်စာတောင့် ၁ နှစ်ကို ပိဿာ ၈ သိန်းလောက်ထုတ်ပါတယ်။ ပိဿာ ၈သိန်းဆိုတာက သစ်တောဧက တစ်သောင်းငါးထောင်လောက်နဲ့ ကိုက်ညီမှူရှိပါတယ်။ ဒီစက်ရုံတွေမှာလည်း ကျနော်တို့တွေ အလုပ်သမား ၅၀ လောက်ခန့်ထားနိုင်ပါတယ်။ ဒီလုပ်ငန်းတွေ ရေရှည်တည်တံ့ဖိုဆိုရင် လျှပ်စစ်မီးလိုပါတယ်။ အဲ့ဒါကြောင့် အမြန်ဆုံး သက်ဆိုင်ရာက ကူညီပေးပြီးတော့ ဆောင်ရွက်ပေးဖို့လိုပါတယ်။”
ရခိုင်ပြည်နယ်ကို မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဖြန့်ဖြူးတာဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အိမ်သုံးမီတာ ၁ ယူနစ်ကို ၃၅ ကျပ်နှုန်းကောက်ခံပြီး လုပ်ငန်းသုံးဆိုရင် ၁ ယူနစ်ကို ၇၅ ကျပ်နှုန်းကောက်ခံနေတာပါ။
ဒါပေမယ့် အသေးစားစက်မှုလက်မှုလုပ်ငန်းတွေဆီကို မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မရရှိသေးတာကြောင့် လုပ်ငန်းတွေ နှောင်းနှေးတာလို့ စက်မှုရပ်ကွက်က ဆားလုပ်ငန်းလုပ်ကိုင်နေသူ ဦးလှဝင်းက ပြောပါတယ်။
“အစိုးရက ချပေးထားတဲ့ စက်မှုရပ်ကွက်မှာ သံရည်ကြိုစက်ရုံ၊ လောင်စာစက်ရုံ၊ ဆားစက်ရုံပျော့ဖတ်စက်ရုံတွေ ရှိပါတယ်။ ဒါတွေလုပ်ငန်းအတိုင်းလည်ပတ်ဖို့က အခက်အခဲတွေဖြစ်နေပါတယ်။ ကျနော်တို့ ခန့်မှန်းထားတဲ့ ထုတ်ကုန်လောက် ဘယ်လိုမှမဖြစ်နိုင်ဘူး။”
မြို့တော် စစ်တွေ စက်မှုလုပ်ငန်းတွေကို မီးမရောက်သေးလို့ လုပ်ငန်းရှင်တွေအနေနဲ့ မီးသုံးမယ်ဆိုရင် (မီးစက်) ကို အသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်များတာ၊ တွက်ခြေမကိုက်တွေ တွေ့ကြုံနေရပြီး လုပ်ငန်းရှင်တွေဘက်က အစိုးရမီးရဖို့ကို မျှော်လင့်နေကြတာဖြစ်ပါတယ်။