ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၁၂ နှစ်အတွင်း ၄ ဆခန့်မြင့်တက်
ပိုင်စိုး
·
May 13, 2015
မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးတာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၂ အတွင်းမှာ ၄ ဆလောက်မြင့်တက်လာပါတယ်။
၂၀၀၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၅၃၀၀ ကျော်ဖြစ်ခဲ့ပြီး သေဆုံးသူက ၁၁၀၀ ကျော်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ယာဉ်တိုက်မှု ၁ သိန်းခွဲလောက်ဖြစ်ခဲ့ပြီး သေဆုံးသူက ၄၃၀၀ ကျော်ဖြစ်ပါတယ်။
ဒါဟာ လူသေဆုံးမှုများလာသလို သေဆုံးနှုန်းလည်း များလာတာလို့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးရဲ့ အချက်အလက်တွေက သိရပါတယ်။
၂၀၀၃ ခုနှစ်မှာ မှတ်ပုံတင်ယာဉ်စီးရေ ၄ သိန်း ၇ သောင်းကျော်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ၄၉ သိန်းကျော် ရှိလာပါတယ်။ ယာဉ်စီးရေနဲ့ နှိုင်းယှဉ်ကြည့်ရင် ယာဉ်တိုက်မှုဖြစ်နှုန်းနည်းသွားတယ်လို့ဆိုနိုင်ပေမယ့် ယာဉ်တိုက်မှု ကြောင့်လူသေဆုံးမှုနှုန်းက သိသိသာသာပိုလာတာပါ။
၂၀၀၃ ခုနှစ်မှာ လူ ၁ သိန်းမှာ သေဆုံးမှုနှုန်း ၂.၂ ရာခိုင်နှုန်းပဲရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ၆.၅ ရာခိုင်နှုန်း ရှိလာတာမို့ ၃ ဆ မြင့်လာပါတယ်။
ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးရာမှာ နှစ်ဘီးတပ်ယာဉ်တွေကြောင့် အများဆုံးဖြစ်ပြီး စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းကျော်ရှိနေတာပါ။