ကာချုပ် နိုင်ငံခြား ခရီးစဉ် ပြန်ရောက်မှ ၆ ပွင့်ဆိုင်ရေး ဆောင်ရွက်နိုင်မည်
DVB
·
May 11, 2015
ဒုတိယအကြိမ် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံခြားခရီးစဉ်က ပြန်လာမှ စီစဉ်ဆောင်ရွက်နိုင်မယ်လို့ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကပြောဆိုလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နိုင်ငံခြားခရီးစဉ်ကပြန်လာပါက အားလုံးအဆင်ပြေမယ့် ရက်ကို သတ်မှတ်ပြီး ဒုတိယ အကြိမ် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရမယ်လို့ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က မေ ၁၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေအပြီးမှာ ပြောပါတယ်။
“ကျနော်တို့ဆီပြောတာက အားလုံးအဆင်ပြေမယ့် ရက်ကို ပြန်ညှိရမယ်ဆိုတော့ သူပြန်လာတဲ့ အခါမှပဲ ကျနော်တို့က ညှိရမှာပေါ့”လို့ သူက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပါကစ္စတန်နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်နေ သလို ဒီနောက် ဆာဗီး ယားနိုင်ငံကို ခရီးဆက်နေတာ ဖြစ်ပါတယ်။
ဧပြီ ၁၀ ရက်က ပထမအကြိမ် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို နေပြည်တော်ရှိ သမ္မတ အိမ်တော် မှာ ပြုလုပ်ခဲ့ပြီး အခါ အားလျော်စွာ တွေ့ဆုံဆွေးနွေး မှုတွေပြုလုပ်သွားဖို့ သဘောတူခဲ့ကြ တာပါ။
ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ ရွေးကောက်ပွဲအလွန် တည်ငြိမ်အေးချမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။