စလေပျော်၊ ပုဂ္ဂိုလ်ကျော် ရွှေဉာဏ်ဖွဲ့ ရေးတဲ့စာပေါင်း
မောင်တူး
·
April 30, 2015
စေလဦးပုည (၁၁၇၄ - ၁၂၂၉)
ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ခါးဝတ်လွှာချင်း၊ ထမင်းရက်ချန်၊ ရေရက်မှန်နှင့်၊ ကပ်ကျန်မွဲတေ၊ ဖွတ်ဘိုးအေများကို -လှူစေလိုသော၊ ဝတ္ထုနိပါတ်၊ ပိဋကတ်နှင့်၊ လျှာပြတ်အောင် ဟောသော်လည်း၊ ဟောရင်းသာ ပျံတော်မူရမည်။ ဆန်ဖြူဖြူ တခွက်မျှ ထွက်နိုင်ပုံမရ၊ ဆိုတဲ့ အရေးအသားဟာ ဘယ်လောက် ဆွယ်တရားဟောဟော လိုက်ပါဆောင်ရွက်မည့်ပုံ မရှိဘူး ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် ဖွဲ့ဆိုထားတာပါ။ စာဆိုကတော့ ဦးပုည။
ဦးပုညကို ရှိတ်စပီးယား နဲ့တောင် ခိုင်းနှိုင်းကြတယ်။ ဦးပုညဟာ စကားပြေ အရေးအသားတင်မကပဲ လင်္ကာ၊ ကဗျာ၊ တေးထပ်၊ မေတ္တာစာ အရေးအသားတွေမှာလည်း ပြောင်မြောက်လှတယ်။ (ဥမင်တွင်း၌၊ ကျင်းခုနစ်တောင်၊ နက်အောင်တူး၍၊ လကွယ်နေ့တွင်၊ မိုက်ငွေ့လူလူ၊ ဖွါးတော်မူသည်၊ ငကြူ တိရစ္ဆာန်) …. ဆိုတဲ့ အဖွဲ့ဟာ ဦးပုညမေတ္တာစာထည်းက ဖြစ်ပါတယ်။ မိုက်လွန်းမက မိုက်တွင်းနက်ပုံကို ရေးပြထားတာပါ။
ဆင်းရဲဒုက္ခ ကြီးမားလှစွာ ကြုံတွေ့နေရပုံကိုလည်း ဦးပုညက (ကျားမိသည့်ခွေး၊ လေးမိ သည့်စွန်၊ ကွန်မိသည့် ငါးမိုက်၊ ပိုက်မိသည့် ရွှေယုန်၊ ဆင်းရဲပေါင်းကြုံ). . . ဆိုပြီး စပ်ဆိုခဲ့ သေးရဲ့။
ဒီစာတွေကို ရေးသားခဲ့သူ “မင်းလှ သင်္ခယာ ဘွဲ့ခံ” ရွာစည်ရွာစား စတဲ့ ဘွဲ့ထူး ဂုဏ်ပုဒ်တွေ ရထားသူ မောင်ပုတ်စည် ခေါ် စလေ ဦးပုညကို ၁၁၇၄ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀၀ က မွေးဖွားခဲ့တာပါ။ အခု ၁၃၇၇ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်နေ့မှာ ဦးပုည ၂၀၃ နှစ်ပြည့်ပါ။ ဒါပေမယ့် ပေရွက်တွေပေါ် သူရေးခဲ့တဲ့စာတွေကတော့ နှောင်းလူတွေ အဆက်ဆက် ဖတ် မှတ် ကိုးကား အတုယူ ဆင့်ပွားနေကြရဆဲပါ။
ဆံထုံးတော်ကြီး တမာသီး
ပြဇာတ်စကား (ရေသည်ပြဇာတ်)
ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစီးဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင် လှပါတဲ့ မ - ရေသည်။
ကုန်သွယ်ရေရောင်း၊ စီးပွားကြောင်းနှင့်၊ လူကောင်းကိုယ့်မောင်၊ ရုံးလှဆောင်၊ ၀အောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့်၊ လုံစွာထား၊ ငွေသား လေးရွေး ရှိပါတယ်။
သည်ပစ္စည်းတွေ၊ လေးရွေးငွေကြောင့်၊ စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး၊ ညမှုညလူ၊ သူခိုးများပူလွန်းလို့၊ ကိုယ်ထူကိုယ်ထ၊ ကင်းဝတ်လှည့်၍၊ စောင့်ခဲ့ရ၊ ကာလမနဲကြာပါပြီ။
ညစာနံနက်၊ စားရရက်မှာတော့၊ မြက်သီးရောရာ၊ မုရင်းဆိုတဲ့၊ ဆန်အိုတာကို၊ ရတနာချဉ်ပေါင်၊ ငပိအလျှင်း၊ ဆီမဆင်းတဲ့၊ ဟင်းမျာ့နောင်နှင့်၊ အာခေါင်ကိုဆွတ်၊ မ၀င်မချင်း၊ လည်ချောင်းကိုစင်းပြီးလျှင်၊ အတင်းသာသွတ်ရတယ်၊ ခါးဝတ်မှာလည်း၊ မျက်မြင်ပါပဲ၊ ဥစ္စာပြည့်စုံ၊ ဓနဂုဏ်နှင့်၊ ကုံလုံဘိခြင်း၊ မသိမ်ဖျင်းပါဘူး၊ လူဆင်းရဲမမှတ်ပါနှင့် အမိငယ်။
ဦးပုညအတ္ထုပ္ပတ္တိ
စလေမြို့ သူကြီးရိုး နှစ်မျိုးရှိရာတွင် မဟာသမန်းရိုးခေါ် မင်းမျိုးမဟုတ်ပဲ ပုညသမန်းရိုး ခေါ် မြို့စား ရွာစားမျိုး ဖြစ်သည့် အဖဦးမြတ်စံ၊ အမိဒေါ်လှရင်တို့မှ ဦးပုညကို သက္ကရာဇ် ၁၁၇၄ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်၊ ကြာသပတေးနေ့၊ မွန်းတည့်အချိန် ဖွားမြင်သည်။
အဖ ဦးမြတ်စံမှာ သာယာဝတီမင်းတရားကြီး၏ မင်္ဂလာအိမ်တော်တွင် အကြီးတော်အဖြစ် ရေးသားထမ်းရွက်ရသူဖြစ်၍ အမိဒေါ်လှရင်မှာ စလေ-ပခမ်းငယ် မြို့သူကြီး သမီး ဖြစ်သည်။
ဦးပုညကို ဖွားမြင်သောနေ့၌ ဒုတိယကြက်သွန်ခင်း ဆရာတော်နှင့် မုံရွေးဆရာတော်တို့မှာ ရွှေစက်တော်မှ အပြန်နှင့် ကြုံကြိုက်လေသောကြောင့် အိမ်သို့ ကြွဝင်လာပြီးလျှင် ဆရာတော်တို့က ဦးပုညလောင်း၏ လက္ခဏာသွင်ပြင်ကို ကြည့်ပြီးလျှင် “ မောင်မြတ်စံ၏ သားသည် ပညာရှိ ဖြစ်လိမ့်မည်။ လောကီရေးတွင် ကျော်ဇော ထင်ရှားလိမ့်မည်။ သို့ရာတွင် ဗေဒင်အလိုအရ နိစ်ပြတို့သည် နံဂြိုလ်ပေါ်၌ စီး၍ နေသောကြောင့် ဥပစ္ဆေတကကံ မကင်းတတ်၊ လောကီကျိုး၊ လောကုတ္တရာကျိုး ဖြစ်အောင် ရဟန်းပြုရာ၏“ဟု ဟောကြပြီးနောက် ကြွသွား တော်မူသည်။
၂ နှစ်သား အရွယ်သို့ ရောက်သောအခါ အမိ အဖတို့သည် စလေမြို့မှ အမရပူရမြို့ သာယာဝတီမင်းတရားကြီး၏ အိမ်တော်သို့ အခစား လာရောက်ကြသည်တွင် ပါလာသော သားငယ်သည် စည်တော်ရုံသို့ ၀င်ကြည့်ခိုက် စည်ကြီးများကို ပုတ်ခတ် ကစားဘိ၏။ ထိုသို့ရည်၍ သာယာဝတီမင်းက “ မောင်ပုတ်စည်တွင်စေ “ ဟု အမည် ပေးတော်မူလိုက်သည်။
၆ နှစ် အရွယ်တွင် အမိ အဖတို့က မောင်ပုတ်စည်အား တူးမောင်း ဆရာတော် ဦးဒီပထံတွင် အပ်နှံ၍ စာပေ သင်ကြားစေလေသည်။ ပညာဉာဏ် ထူးချွန် ထက်မြက်လှသည့် အလျှေက် ၇ နှစ်သား ၈ နှစ်သား အရွယ်၌ပင် သဒ္ဒါကျမ်းများ၊ အဘိဓမ္မာကျမ်းများကို သင်ကြားခွင့် ရပေသည်။ ၈ နှစ်သား အရွယ်တွင် တူးမောင်းဆရာတော် ပျံလွန်တော်မူသောအခါ အမရပူရမြို့ ဗန်းမော်ဆရာတော်ထံတွင် ဆက်လက်၍ ပညာသင်ကြားရပြန်သည်။ ထိုစဉ်အတွင်း ဗန်းမော်ဆရာတော် အထံတော်၌ပင် သျှင်သာမဏေပြု၍ “သျှင်ပုည” ဘွဲ့ကို ခံယူရရှိသည်။ သာမဏေအဖြစ်ဖြင့်လည်း “သုတ်” “၀ိနည်း“ “အဘိဓမ္မာ” တို့ကို လေ့လာ ပေါက်မြောက်ခဲ့သည်။
သက္ကရာဇ် ၁၁၉၄ ခုနှစ်တွင် သျှင်ပုညသည် စလေ - ပခန်းငယ် နှစ်မြို့အုပ်က ရဟန်းဒါယကာခံ၍ ရဟန်းပြုပြီးသော် ဗန်းမော်တိုက်၌ပင် ပိဋကတ် ၊ ဗေဒင်၊ ကဗျာ၊ လင်္ကာများကို ဆက်လက် သင်ကြားသည်။ ဦးပုည အသက် ၂၄ နှစ်အရွယ် သက္ကရာဇ် ၁၁၉၈ ခုနှစ်တွင် အဖ ဦးမြတ်စံနှင့် အမိ ဒေါ်လှရင်တို့ နှစ်ဦးစလုံးပင် အနိစ္စ ရောက်ကြသည်။
သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် သာယာဝတီမင်းသည် ရန်ကုန်သို့ စုန်ဆင်း စံတော်မူမည် ပြုသောအခါ စလေဦးပုညလည်း လိုက်ပါမည်ဟု ကြံစည်ဆဲ ကျောင်း၌ ဒါယိကာမများ အလာ အရောက် အလှုအတန်းများခြင်းနှင့် ပတ်သက်၍ ပဉ္ဇင်းဒါယကာ မြို့အုပ်မင်းနှင့် မသင့်မတင့် ဖြစ်ရကာ လူထွက်လိုက်ပြီး ရန်ကုန်သို့ လိုက်ပါသွားခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်လျှင် တောရအရပ်၌ ခေတ္တခဏမျှ နေထိုင်၍ သာမဏေပြုပြန်သည်။ နောက် အမရပူရမြို့ ဗန်းမော်တိုက်သို့ ပြန်လာပြီးသော် တရားစာ၊ မေတ္တာစာ၊ ဗေဒင်ဟောကိန်း၊ လင်္ကာ စသည်တို့ကို ဗန်းမော်တိုက်၌၄င်း၊ ဇာတိရပ်ရွာဖြစ်သော စလေမြို့၌၄င်း စတင် ရေးသား လေတော့သည်။
သက္ကရာဇ် ၁၂၀၆ ခုနှစ်ခန့်တွင် ဦးပုည လူထွက်ပြန်သည်။ ထို့နောက် ပုဂံမင်း၏ ညီတော်များ ဖြစ်ကြသော မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့၏ အိမ်တော်၌ ခစား ထမ်းရွက်ခွင့် ရခဲ့သည်။ သက္ကရာဇ် ၁၂၁၄ ခုနှစ် အတွင်း မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့သည် ရွှေဘိုမြို့မှနေ၍ နောင်တော်ပုဂံမင်းအား လုပ်ကြံ အောင်နိုင်သည်နှင့် မင်းတုန်းမင်း နန်းတက်တော်မူလေသည်။ ထိုအတောအတွင်း ဦးပုညသည် ဗန်းမော်တိုက်၌ သာမဏေ ပြုပြန်သည်။ ထိုသာမဏေဘ၀၌ ရှိစဉ် ဗေဒင်ဟောကိန်း လင်္ကာများ၊ ဆေးကျမ်းလင်္ကာများကို ရေးသားသည်။
နောက် ဦးပုညသည် လူထွက်ပြန်၍ ကနောင်မင်းထံ ဆက်လက် ခစားရပြန်လေသည်။ ထိုအခါ ကနောင်မင်း၏ တိုက်တွန်းချက်အရ သင်္ဂြိုဟ် ၉ ပိုင်း၊ သရုပ်တေးထပ်များ ရေးသား ဆက်သွင်းရပေ၏။
သက္ကရာဇ် ၁၀၁၄- ၁၅ ခုနှစ်တွင် “ ယိုးဒယား ဇင်းမယ်ကို နိုင်သည့် အကြောင်း စာဖွဲ့ရမည်။“ဟူသော မင်းတရားကြီး၏ အမိန့်တော်အရ ယိုးဒယားနိုင်- မော်ကွန်းကို ရေးသားရလေသည်။
အိမ်ရှေ့မင်းထံ ခစားနေစဉ်အတွင်း မင်းတရားကြီး၏ နန်းတွင်းမိဘုရားကြီးအချို့တို့ အကျင့်ဖောက်ပြား လော်လည်ကြသဖြင့် တားမြစ်ရန် အနေဖြင့် ဦးပုညအား “ပဒုမပြဇာတ်“ ကို ရေးသားစေလေသည်။ ထို “ပဒုမပြဇာတ်” ကို ညတွင်းချင်း အပြီး ရေးဆက်သော ဟူ၏။ ပဒုမ ဇာတ်ကား အကျင့် ဖောက်ပြား လော်လည်သူ မိန်းမယုတ်တို့ အကြောင်း ဖြစ်သဖြင့် အဖိုးတန် မိန်းမကောင်းများ အကြောင်းလည်း ဇာတ်တစောင်ဖြင့် အမွှမ်းတင် ပေးပါရန် မိဘုရားတို့က တောင်းပန်ပြန်သောကြောင့် မဒ္ဒီမိဘုရားတည်း ဟူသော မိန်းမမြတ် ပါဝင်သည့် “ ဝေသန္တရာ ” ပြဇာတ်ကို ရေးရပြန်လေသည်။
ထိုမှတပါးလည်း မြင်ကွန်းမြို့စားမင်းသားအပါအ၀င် မင်းတရား၏ သားတော်အချို့တို့ လွန်စွာ ဆိုးသွမ်းရင်း ရှိကြသည့်အတွက် ဆုံးမရန်အနေနှင့် “၀ိဇယပြဇာတ်” ကို ရေးရပြန်သေး၏။ ထိုဇာတ်ကို ပါးစပ်က စီရားပေး၍ မောင်သာထွန်း ဆိုသူက ရေးပေးရာ ၂ ရက်နှင့် နားနားနေနေပင် ပြီးသောဟူ၏၊
ဂင်္ဂါမာလ ခေါ် “ရေသည်ပြဇာတ်“နှင့် ပတ်သက်၍မှု မင်းတုန်းမင်းတရားကြီးနှင့် ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီးတို့ စိတ်မကြည် ရှိကြရာမှ ပြန်လည် သင့်မြတ်လာကြသောအခါ အိမ်ရှေ့မင်းက တောင်းပန် ၀န်ချခန်းပါသော ထို ရေသည်ပြဇာတ်ကို ဦးပုညအား ရေးသား ဆက်သွင်း စေလေသည်။ ထိုပြဇာတ်ကို မင်းတရားကြီး ဖတ်ရှုရလေသောခါ ညီတော်အား ပိုမို ချစ်ကြည်ခြင်း ရှိလာရသည့်အပြင် ဇာတ်အိမ် ဇာတ်သားကို အထူး နှစ်သက်တော်မူသဖြင့်လည်း ရှေ့တော်၌ ဤခါခါ အထပ်ထပ် ဖတ်လျောက် ကပြကြရသောဟူ၏။
မင်းတုန်းမင်းတရားကြီးသည် ရတနာပုံ မန္တလေးမြို့နန်းကို ၄ နှစ်ခန့်နှင့် ပြီးစီးတော် မူသည့်နောက် စလေဦးပုညအား စာဆိုတော်အရာ ” မင်းလှအသင်္ခယာ ”ဟူသော ဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော် မူလေသည်။ လစာတော်ငွေ တနှစ်လျှင် ၆၀၀ိ နှင့် ၀င်းမြေနေအိမ် ဆောက်လုပ် သနားတော်မူခြင်းလည်း ခံရသည်။ သူကြီး ရိုးရာ- ရာထူး ရရန်ကိုမူကား ကိုယ်အင်္ဂါ ချွတ်ယွင်းနေသဖြင့် မည်သူကမျှ လျှောက်ထား၍ မပေးဝံ့ကြ။
သက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် ရတနာနဒီ မြစ်တော်ကို တူးဖော်ဖောက်လုပ်၍ ကျုံးတွင်းသို့ ရေသွင်းရလေသည်။ ဦးပုညသည် ရတနာနဒီမြစ်တော်- မော်ကွန်းကိုလည်း ရေးသား ဆက်သွင်း ပေသေး၏။
သက္ကရာဇ် ၁၂၂၈ ခုနှစ်အတွင်း မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင် မင်းသားတို့ ပုန်ကန် တကြွကြကုန်သည်။ ထိုအခါ ဦးပုညအား အခါပေးသည်ဆို၍ မြို့သာမြို့စား မြောက်မြို့ဝန် ဦးသာအိုးထံတွင် အကျယ်ချုပ်ဖြင့် ချထားသည်။ ထိုအတွင်းမှာပင် ဦးသာအိုး၏ မယားငယ်အချို့နှင့် ရင်းနှီးရည်ငံမှု ပေါ်ပေါက်လာပြန်၍ ၁၂၂၉ ခုနှစ် နှစ်ဦးပိုင်းတွင် မြို့ဝန် ဦးသာအိုးက အဆုံးစီရင်လိုက်တော့သည်။
နောက် မင်းတရားကြီးက အမေးအမြန်း ရှိတော်မူသော အခါကျမှ သူပုန်ကြံစည်မှုဖြင့် မြို့ဝန်မင်းက စီရင်ပြီး ဖြစ်ကြောင်း လျှောက်တင်ကြသောအခါ ”””” ဟယ်…. လူကို ခွေးသတ်လေရဲ့ .. ”“““ ဟု မိန့်တော်မူပြီးလျင် လွန်စွာ နှမြောတသတော်မူလေသည်။
ဦးပုည ရေးသားခဲ့သော စာများ
၁။ မင်းကြီးဦးပွား ရေစက်သွန်း ဆုတောင်း- မော်ကွန်းစာ။
၂။ ရတနာနဒီ - မော်ကွန်း။
၃။ ယိုးဒယားနိုင်- မော်ကွန်း ခေါ် ဇင်းမယ်နိုင်- မော်ကွန်း။
၎။ သဒ္ဒါပုဒ်စစ် ၁၇ ပုဒ်။
၅။ ပင့် ရစ် သတ်ပုံ ၁၃ ပုဒ်။
၆။ ဗေဒင်ဟောကိန်း- ရကန်။
၇။ သင်္ဂြိုဟ် ၉ ပိုင်း တေးထပ်များ။
၈။ သက္ကတဘာသာ ဖတ်နည်း- လင်္ကာ။
၉။ တေးထပ်အမျိုးမျိုး။
၁၀။ ရှစ်ဆယ်ပေါ်အမျိုးမျိုး။
၁၁။ ဆေးနည်းလင်္ကာ ကဗျာများ။
၁၂။ ၀ိဇယ- ပြဇာတ်။
၁၃။ ပဒုမ- ပြဇာတ်။
၁၄။ ဝေသန္တယာ- ပြဇာတ်။
၁၅။ ကောသလ- ပြဇာတ်။
၁၆။ ဂင်္ဂါမာလ ခေါ် ရေသည်- ပြဇာတ်။
၁၇။ ၀ါသုဒေ၀-ပြဇာတ်။
၁၈။ တရားဟောစာ ပုဒ်ရေ ၃၀ ကျော်။
၁၉။ မေတ္တာစာ ပုဒ်ရေ ၆၀ ကျော်။
၂၀။ ဗျို့ဟတ်ကျမ်းလာ ဇာတာယုဂ်ပေါင်း ၁၅၀ ကို တေးထပ်ပေါင်း ၁၅၀ ဖြင့် တန်ဆာဆင်အပ်သော ဟောကိန်း- တေးထပ်များ။
၂၁။ သက္ကဣန္ဒာ ဆေးကျမ်း-လင်္ကာ ၂၆ ပုဒ်။
၂၂။ သာသနာရောက်-မင်းပြိုင်စာတမ်း။
၂၃။ သာသနာလျောက်-စာတမ်း
၂၄။ ဆွမ်းတော်ကြီးတင်- စာတမ်း။
၂၅။ ရှင်ပြု- နားထွင်း ဖိတ်စာများ။
၂၆။ သာသနာပိုင် ဦးဉေယျ ပျံလွန်တော်မူရာ ငိုချင်းရှည်များ။
၂၇။ သဒ္ဒါဂန္ထန္တရ- နိ ဿ ယ နံပျောက်များ။
၂၈။ တုံးချင်းများ။
၂၉။ သဘင်တေး - ဘွဲ့အမျိုးမျိုး။
၃၀။ ယိုးဒယား အမျိုးမျိုး တို့ ဖြစ်ကြပါသည်။ ။
ဒါကတော့ ရန်ကုန်၊ ဟံသာဝတီ ပုံနှိပ်တိုက်ထုတ်” ဦးပုညမေတ္တာစာ ” စာအုပ်ပါ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။ မင်းတုန်းမင်းက ” လူကိုခွေးသတ်လေခြင်း ” လို့ ပြောပြီးနောက်မှာ မြို့ဝန် ဦးသာအိုးက သူ သတ်တာ မဟုတ်ကြောင်း ပြောခဲ့တယ်လို့လည်း မှတ်တမ်းပြုသူတွေ ရှိခဲ့ပါတယ်။ တပယ်မင်းသားက သတ်ခဲ့ကြောင်းလည်း မှတ်တမ်းပြုခဲ့သူတွေ ရှိခဲ့ပါတယ်။
ရေချသတ်တဲ့အခါ ပြန်ဆယ်ယူ ကယ်တင်ခဲ့ပြီး မော်လမြိုင်ဖက် သွားဝှက်ထားခဲ့ ကြောင်းလည်း မှတ်သားရပါတယ်။ ဒါတွေကတော့ ဦးပုည တကယ်သေ၊ မသေ ပြသနာ ဖြစ်ပါတယ်။ အတော့်ကို ရှာဖွေစုဆောင်း လေ့လာစစ်တမ်းထုတ်ပြီးကာမှ ရှင်းနိုင်မယ့်ပြသနာပါ။ ဒီနေရာမှာတော့ သူ့ရဲ့စာများကိုသာ ဆက်လက် ဖော်ပြပါမယ်။
"လေးမောင့်စံကျောင်း"
မုလေးရုံတောအစ
ဒေါနလမ်း မြေညီ
လျှောကျစမ်း ရေသင်းကြည်တယ်
ရွှေနှင်းဆီကန်ချောင်း
လွမ်းမတတ် စကားဝါငူမှာ
နံ့သာဖြူလေးမောင့်စံကျောင်း။
စပယ်ချပ် သရဖီချောင်မှာ
ခွာညိုတောင် ခိုအောင်း
မွှေးနံ့သာစုပေါင်းလို့
နုညောင်စောင်းထက်မှာ
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်
ခါဆင်မြန်း တောမွေ့ပျော်ရာ။
ပန်းသော်က တံတိုင်းကာသည်
ဇီဇဝါ မုခ် ခြားလို့
တံခါးက ချယားကြိုင်
သင်းတဲ့ ဂနိုင်
ယုဇန မဟာမြိုင်မှာ
ကမ္ဘာတိုင်မှီးမယ်ပလေး။ ။
ဒီလို စာရေး စာစပ် စာဖွဲ့နွဲ့ ကောင်းလွန်းတဲ့ စလေ ဦးပုညကို မင်းတုန်းမင်းက အာဝဇ္ဇန်းရွှင်သူ ၊ တင်္ခဏုပ္ပ ဉာဏ်လျှင်သူ ၊ ဇဝနပဋိဘာန်ရှင်သူ ဆိုပြီးတော့ နန်းတွင်းတခုလုံးမှာ ရွှန်းရွှန်းဝေအောင် ချီးမွမ်းနေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ ” ကဗျာဉာဏ် အာဘော်ကလည်း ကလော်တိုင်းထွက်သောကြောင့် ” စတဲ့ ကိုယ်ရည်သွေး အဖွဲ့အနွဲ့တွေကို ဦးပုည ရေးသားခဲ့ပုံရပါတယ်။ နှောင်းခေတ် စာဆိုတွေ အသုံးများနေတဲ့ လူအများ ပြောဆို လေ့ရှိတဲ့ အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက် ဆိုတာဟာ ဦးပုည ရေးခဲ့တာပါ။ သူ့မူရင်းက ” အသားတွင်လည်းဝက်၊ အသီးတွင်လည်း သရက်၊ အရွက်တွင်လည်း လက်ဖက်” ဖြစ်ပါတယ်။
စပယ်ပန်း
(ဦးပုည)
ပန်းစပယ်
နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး။ ။
အခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်၊ ခရစ်နှစ် ၂၀၁၅ ဧပြီ ၃၀ ရက်ဟာ စလေဆရာကြီး ဦးပုည မွေးဖွားခဲ့တာ၂၀၃ နှစ်ပြည့်ပါ။ ဒီနေ့ရက်နဲ့ တိုက်ဆိုင်ပြီိး သူ့လက်ရာ မေတ္တာစာ တပုဒ်ကို အဆုံးသတ် ဖေါ်ပြပေးလိုက်ပါတယ်။
ဒေါနဆီ ဘ၀ပြောင်း မေတ္တာစာ
စလေဆရာ၊ မှာကြားလိုက်သည်၊ ရွှေမြို့တော်နေ၊ တကာမမိရွှေသစ်၊ ဆရာ ရွှေမြို့တော်သို့ ရောက်လာရာ၊ သတိုးမင်းကြီး မဟာသက်တော်ရှည် ကတော်၊ မင်းကင်းမြို့စား တကာတော်မက- စပ်သွယ်၍၊ ဆရာကို၊ တကာမ မိရွှေသစ်သည်၊ အချစ်အရိုအသေ၊ မေတ္တာရေ၀င်သဖြင့်၊ သံဃာတော်မြတ်၊ အမှတ်နှလုံးသွင်း၊ မောင်ရင်းပမာဏ၊ လောကလည်းမလွတ်၊ ဓမ္မ၀တ်မကွေ၊ ရိုသေမြတ်နိုးသဖြင့်၊ အဘိုးအနဂ္ဃ၊ ဒေါနဆီအထုံ၊ ဂန္ဓာရုံကို၊ စည်းခုံပုထိုး၊ ရှိခိုးဝတ်တက်၊ ကပ်ဆက်သုတ်လိမ်းရန် လှုလိုက်ရာ၊ ၄င်းဒေါနဆိီ ၀တ္ထုသည်၊ ဥတုဇရုပ်ကလာပ်၊ ပညတ်သင်္ခါရ၊ အနိစ္စသဘော ဖြစ်ချေ၍၊ စလေသို့စုန်သွားရာ၊ မည်သည့်မြို့ရွာစခန်းတွင်၊ ဖြစ်ပျက်မှန်းကို မသိရ၊ ဒေနဆီဘ၀မှ၊ စုတိမနေ၊ သေလွန်ပြီးလျှင်၊ အထောက်မတန်၊ ရေနံဘ၀တွင်၊ ပဋိသန္ဓေ၊ စွဲနေဖွားမြင်လာသည်ကို၊ ဆရာလည်းမသိ၊ သတိလည်းမထား၊ ဘုရားတဆူတွင်၊ ကြည်ဖြူစေတနာ၊ သဒ္ဒါစိတ်ပြေး၍၊ ဆီမွှေးပူဇော်မည်အကြံနှင့်၊ ရောင်လျံတော်မဏိဦးက၊ ဖန်ဘူးကိုစောင်း၍၊ လောင်းလိုက်ရာတွင် -----
"ရုပ်ရှင်တော်မြတ်စွာလည်း၊ နံရှာတော်မူလွန်း၍၊ ရွှေခွန်းတော်မတုံ့၊ အနိုင်သာငုံ့ပြီးလျှင်၊ ရှုံ့၍ခံတော်မူရချေသည်။" သုံးလူ့ဆွေမြတ်စွာကို၊ အားနာသည်လည်းတထောက်၊ ကြောက်သည်လည်းတချက်၊ ရှက်သည်လည်းတခြား၊ သို့ဖြစ်ငြားသော်လည်း၊ နှလုံးထားစင်ကြယ်လျှင်၊ အပါယ်သို့မလားဟု၊ တရားနှင့်ဆုံးမ၍၊ ကက္ကုစ္စ ကင်းရစေတော့သည်။
ရုပ်ပွားတော်သခင်မှာလည်း၊ အသက်ရှင်သော ဘုရားဂေါတမစင်လျှက်၊ ရှေးသံသရာ၊ ၀ဋ်ဟောင်းပါ၍၊ ခါးနာခေါင်းခဲ၊ ထားခွဲကျောက်ရှ၊ ဒွါဒသအတိ၊ ၀ိပါက်တော်ရှိသေးသည်၊ သက်ရှိမဟုတ်၊ ရွှေရုပ်တော်မှာ၊ ငါသစ်သားပေကိုး၊ ကြိုးစား၍ခံရပေမည်ပဟု၊ စတုတ္ထဖိုလ်သမာ၊ ၀င်စားဆဲ၊ အခါကဲ့သို့၊ မျက်လွှာကို မှိတ်ပြီးလျှင်၊ အံကြိတ်၍ခံတော်မူ ရှာလေသည်။ ဤအရာတွင်၊ စေတနာ အရင်းဖြူသောကြောင့်၊ လှုလိုက်သူလည်း အပြစ်မရောက်၊ ထိုနောက်တကြောင်း၊ လောင်းသူလည်း အပါယ်မလား၊ ရုပ်ပွားတော်ကလည်း သူမဖြုန်၊ သုံးပါးစုံဝန်ကင်း၍၊ ရှင်းကြသည်အပေါ်တွင်၊ ဆရာတော်ကတခါ၊ ကျေးဇူးကိုရှာသည်မှာ၊ ငါလည်းစလေတွင်၊ ကဝေမြောက်က၀ိခေါ်၊ ကျမ်းဂန်တတ် အကျော်ဟု၊ နေပြည်တော်တလျှောက်၊ အောက်ကိုလည်းရန်ကုန်၊ ဆန်စုန်ကြေငြာ၊ အာကဉာဏ်ရှင်၊ အမြင်အကြား၊ အလွန်ပင်ရှားသော်လည်း၊ ဆန်းပြားထွေလီ၊ ဒေါနဆီသည်၊ ဌီတွင်မတန်၊ ဘင်ဆက်ဆံ၍၊ ရေနံဖြစ်တတ်ကြောင်းကို၊ စာဟောင်းစာတမ်း၊ ကျမ်းလည်းမလာ၊ တို့ဆရာလည်းမပြ၊ ယခုမှသာ၊ တကာမကျေးဇူးကြောင့်၊ အထူးအခြား၊ မှတ်သားသိမြင် ရပေသည်ဟု၊ စလေဆရာ၊ ပုဂ္ဂိုလ်ငါမူ၊ ပညာသိပ္ပ၊ နည်းသစ်ရသောကြောင့်၊ တကာမမိရွှေသစ်၊ အပြစ်ဒေါသ၊ မာနမ၀င်၊ ကျေးဇူးတင်ကြောင်းများကို၊ သိကြားစေလိုသည်လည်းတ၀၊ သင်္ခါရ ရုပ်နံတို့သည်၊ ဖေါက်ပြန်ရွေ့လျော၊ သဘောအနိစ္စ၊ ဖြစ်ကုန်ကြ၍၊ တကာမတို့အားလည်း၊ ထူးခြားတကြောင်း၊ မဖြစ်တောင်း မဖြစ်ရာ၊ ကြိုက်ကြုံလာလျှင်၊ ဆရာနှင့်အလားတူ၊ တရားယူလျှက်၊ တပါးသူတွင်၊ မတင်ပြစ်ဆာ၊ စိတ်မနာဘဲ၊ သင်္ခါရလမ်း၊ ဖြစ်မြဲတမ်းဟု၊ ကမဋ္ဌာန်း ရှုစေလို သည်လည်းတကြောင်း၊ ဆရာကောင်းဝတ်၊ ညီိညွတ်သည့် စကားနှင့်၊ တရားဓမ္မ၊ ညွှန်ပြမှာကြားလိုက်သည်၊ တကာမမိရွှေသစ်။
သဖြန်ဒွေးချိုး
ထောက်မတန်၊ ရေနံမှာသန္ဓေရ၊ ဒေါနဆီကောင်း။ ။
စလေပျော်၊ ပုဂ္ဂိုလ်ကျော်ရွှေဉာဏ်ဖွဲ့၊ ရေးတဲ့စာပေါင်း။ ။
ဒေနဆီဘ၀ပြောင်း မေတ္တာစာပြီး၏။
-------------
စလေဆရာကြီး ဦးပုညဟာ စာပေ၊ ကျမ်းဂန်တွေကို အတော့်ကို ပိုင်ပိုင်နိုင်နိုင်ရှိခဲ့ပါတယ်။ ဘုရင်ကတောင် အထင်ကြီးလေးစားသူမို့ ပညာမာန်လည်း ကြီးပုံရပါတယ်။ ဒါကြောင့်လည်း သူ့ကို အထင်ကြီး လေးစား အားကိုးသူတွေ များသလို၊ မလိုမုန်းထားသူတွေလည်း ရှိခဲ့ပုံပါ။ ဘာပဲဖြစ်ဖြစ် စာဆိုတော်ကြီး စလေ ဦးပုည ရေးခဲ့တဲ့ စာကောင်းပေမွန်တွေကိုတော့ နှောင်းလူ အဆက်ဆက် အားကိုးတကြီး ဖတ် မှတ် လေ့လာ နေရဆဲပါ။ ။