ကမ္ဘာပေါ်တွင် ဆင်ဆာအဖြတ်ဆုံးနိုင်ငံစာရင်း မြန်မာ နံပါတ် ၉ နေရာ ရပ်တည်
DVB
·
April 22, 2015
ကမ္ဘာပေါ်တွင် ဆင်ဆာအဖြတ်ဆုံးနိုင်ငံများစာရင်းမှာ မြန်မာက အဆင့် ၉ နေရာမှာ ရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်ပေးရေးကော်မတီ (စီပီဂျေ) က ထုတ်ပြန်ပါတယ်။
ဆင်ဆာဖြတ်တောက်မှု အဆိုးဆုံး ၁၀ နိုင်ငံထဲမှာ အီရီထရီ၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေးဗီယားတို့က အဆင့် ၁၊ ၂နဲ့ ၃ နေရာမှာ ထိပ်ဆုံးကအသီးသီး ရပ်တည်နေပါတယ်။
ဒီနိုင်ငံတွေနောက်မှာ အီသီယိုးပီးယား၊ အဇာဘိုင်ဂျန်၊ ဗီယက်နမ်နဲ့ အီရန်၊ တရုတ်၊ မြန်မာနဲ့ ကျူးဘားနိုင်ငံတို့က အစဉ်လိုက်ရပ်တည်နေတာဖြစ်ပါတယ်။
ဒါအပြင် သတင်းထောက်တွေကို ထောင်ဒဏ်ချမှတ်လေ့ရှိတဲ့ အဆုံးဝါးဆုံး နိုင်ငံ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။ ဖိနှိပ်တဲ့နိုင်ငံတွေက မီဒီယာကို တိတ်ဆိတ်ငြိမ်သက်အောင် အင်တာနက်ကို တားမြစ်ထားသလို ထောင်ဒဏ်တွေနဲ့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
စီပီဂျေရဲ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ဖို့ ရှိနေတဲ့ စာနယ်ဇင်းများကို တိုက်ဖျက်ခြင်း နှစ်ပတ်လည် အစီရင်ခံစာမှာ အသေးစိတ်ကို ရေးသားဖော်ပြသွားမယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ စာပေစိစစ်တဲ့ ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းလိုက်ပေမယ်လည်း မြန်မာမီဒီယာကိုတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။