တပ်မတော်နှင့် ဖွဲ့စည်းပုံ
DVB
·
March 27, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးတွင် တပ်မတော်သည် အဓိကကျသော အခန်းကဏ္ဍ တွင် ပါဝင်နေသည်ဟု သမ္မတကြီးက သူ၏ မိန့်ခွန်းတွင် အတိအလင်းပြောကြားသွားသလို ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ တာဝန်ရှိသည်ဟု ၀န်ခံ ပြောဆိုသွားခဲ့လေသည်။ ထိုကဲ့သို့ ထိုခေါင်းဆောင် ၂ ဦးက တိတိကျကျ၊ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ခြင်းသည် တိုင်းသိပြည်သိ၊ ကမ္ဘာသိ ကြေညာ သွားခဲ့ခြင်း ဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲစဉ်ကတည်းက ထိုဖွဲ့စည်းပုံ မည်မျှအရေးကြီးကြောင်းကို စစ်အုပ်စု ကောင်းကောင်း သိပါသည်။ ယူနီဖောင်းဝတ်မှ အရပ်ဝတ်သို့ ပြောင်းလဲလိုက်လျှင် ထိုပြောင်းလဲမှုနဲ့အတူ အကာအကွယ်တခုကိုလည်း သူတို့ စီစဉ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ မဖြစ်စေရန်လည်း ထိုဖွဲ့စည်းပုံထဲတွင် ပုဒ်မ ၅၉ (စ) ကို ထည့်သွင်းထားခဲ့လေသည်။ တချိန်တည်းတွင် စစ်အစိုးရ၏ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများ၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ ကြံစည်ထားသူများက ၂၀၀၈ ဖွဲ့စည်းပုံကို အတိမ်းအစောင်းမရှိအောင် ရေပက်မ၀င်အောင် ၁၀ နှစ် ၁၀ မိုး အပြန်ပြန် အလှန်လှန် စီစဉ်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ဥပမာ - နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရဆိုသော ဥပဒေကို ကြည့်လျှင် ထိုဖွဲ့စည်းပုံကို ရေးဆွဲသော ခေါင်းကိုင်ဆရာကြီးမှာ အင်ဒိုနီးရှားမှ ဆူဟာတိုမှာ မြန်မာနိုင်ငံလို စေ့စပ်သေချာမှု မရှိ၍ တရားစွဲခံနေရသည်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ကမ္ဘာ့သမိုင်းတွင် တီထွင်၍ လွှတ်တော်ထဲ နောက်ဖေးပေါက်မှ သွင်းသည်မှာ ဆူဟာတို ဖြစ်သည်။ ဗိုလ်သန်းရွှေကလည်း ထို ၂၅ ရာခိုင်နှုန်းကို သဘောကျသွား၏။ သူတို့၏ ဂေါ့ဖားသားကြီးလမ်းညွှန်ချက်အတိုင်း မြန်မာနိုင်ငံတွင်လည်း စစ်အုပ်ချုပ်မှု ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းလိုက်၏။
ဆူဟာတိုထက်သာသည်မှာ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရ ဟူသောပုဒ်မ ဖြစ်ပါသည်။ ဆူဟာတိုမှာ မြန်မာဖွဲ့စည်းပုံလို ကြိုတင်ကာကွယ်ထားခြင်းများ မရှိသောကြောင့် အချုပ်ကျနေရပါသည်။ မြန်မာနိုင်ငံမှ စစ်အာဏာရှင်များကမူ အလွန်လူလည်ကျသူများ ဖြစ်သောကြောင့် ဘဏ်ဝယ်နိုင်သူက၀ယ်၊ ဘုရားတည်နိုင်သူက တည်ကာ သူတော်ကောင်းယောင်ဆောင်နေကြဆဲ ဖြစ်ပါသည်။ သို့သော်သူတို့၏ အကုသိုလ်၊ ဒုစရိုက်မှုများမှာ နောင်သံသရာတွင် ငရဲကြီး ၈ ထပ်တွင် ၉ ထပ်ရှိပါက ၉ ထပ်သို့ပင် ရောက်နိုင်ကြောင်း သဘောပေါက်သင့်ပေသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ တွေ့ဆုံစဉ်က တပ်မ တော်သည် ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ်လျှောက်လှမ်းလိုကြောင်း ပြောကြား ခဲ့သည်။ နောက်ကြောင်းပြန်လှည့်ဖို့ အလားအလာ မရှိသလို အာဏာသိမ်းဖို့လည်း မရှိကြောင်း ပြောဆိုခဲ့လေသည်။
ဗွီအိုအေနဲ့ တွေ့ဆုံစဉ်က ဖြေကြားသွားပုံများ၊ နောက် စင်ကာပူအခြေစိုက် စီအန်အေ သတင်းဌာနနဲ့ တွေ့ဆုံစဉ်က ဖြေကြားသွားမှုများတွင် တပ်မတော်သည် ဒီမိုကရေစီတပ်မတော် ဖြစ်ရမည်ဟု ပြောကြားသွားသဖြင့် နားဝင်ချိုလှသည်ဟု ဆိုရမည်။ သို့သော် အပြောနဲ့ လက်တွေ့မှာ ကွာခြားနေသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စကားကိုမယုံကြည်နိုင်ပေ။ လက်တွေ့လည်း မကျပေ။
အဘယ့်ကြောင့်ဆိုသော် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများတွင် မရှိသောလူထုက ရွေးချယ် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များတွင် လူထုက မရွေးပဲ ကာကွယ်ရေးဦးစီးချုပ်က ခေါင်းခေါက် ရွေးလိုက်သည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ ထိုအခြေအနေကို ၂၀၁၅ ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် ဆရာမောင်သာမညက ဤကဲ့သို့ ရေးခဲ့လေသည်။
“ယခု ကျင့်သုံးနေတဲ့စနစ်ဟာ ပါတီစုံဒီမိုကရေစီ အစစ်အမှန်ဟုတ်ရဲ့လားဆိုတာကိုလည်း ကာချုပ်အနေနဲ့ ပြန်လည် ဆန်းစစ်ဖို့ ကောင်းပါတယ်။ ပါတီပေါင်းစုံပါဝင်တဲ့ ဒီမိုကရေစီ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ပါတီစုံဒီမိုကရေစီတော့ မဟုတ်ဘူးလို့ပဲ ငြင်းရပါမယ်။ ဘာကြောင့်လဲဆိုတော့ ပါတီတွေစုံရုံတင်မကဘဲ ‘လွန်ထွက်’ နေလို့ပါ။
လွှတ်တော် ၂ ရပ်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ဖို့ ရွေးကောက်ပွဲလုပ်ရာမှာ နိုင်ငံ ရေးပါတီတွေက ၀င်ရောက်ယှဉ်ပြိုင်ရပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ၃၃၀၊ အမျိုးသားလွှတ် တော်အတွက် ၁၆၈၊ ဒါက နိုင်ငံရေးပါတီတွေက လာတဲ့ ကိုယ်စားလှယ်တွေပါ။ သို့ပေမယ့် နိုင်ငံရေးပါတီ မဟုတ်တဲ့ အဖွဲ့အစည်းက လာတဲ့ ‘မိုးကျရွှေကိုယ်’ ကိုယ်စားလှယ်တွေ ရှိပါသေးတယ်။ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် ၅၆ နေရာကို ကာချုပ်က ရွေးပေးရမယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားလို့ပါ။
တပ်မတော်ဆိုတာက နိုင်ငံရေးပါတီ မဟုတ်ပါဘူး။ သို့ပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခွင့်ကို ရထားလိုက်တဲ့အတွက် တပ်မတော်ဟာ ‘ပါတီအမည်မခံတဲ့ပါတီ’ တခုအဖြစ်ကို ရောက်သွားရပါတယ်။ ပါတီတွေရော ပါတီအမည်မခံတဲ့ပါတီရော ပါ နေတဲ့အတွက် ‘ပါတီလွန်ထွက်ဒီမိုကရေစီ’ လို့ပြောရခြင်းပါပဲ။
ဒီလို လွန်ထွက်နေတဲ့ ဒီမိုကရေစီစနစ်အစား နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေသက် သက်သာ ပါဝင်ယှဉ်ပြိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ့် အစစ်အမှန် ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးဖို့ ကာချုပ်က ထောက်ခံနိုင်ပါ့မလား။”ဟု ရေးထားသည်ကို ဖတ်ရလေသည်။
ဒီမိုကရေစီကို ကာကွယ်မည်ဆိုသော ပါတီစုံစနစ်ကိုလက်ခံသည်ဆိုသော တပ်မတော် အဖို့ ယခုလို အာဏာရှင်ဆန်သည့် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ဖြင့် လွှတ်တော်ထဲ ကိုယ်စားလှယ်များအဖြစ် ပါဝင်နေခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ လက်မခံခြင်းလည်း ဖြစ်ပါသည်။ ထို ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်စစ်သား ၁၆၆ ယောက်သည် သူတို့သဘောနဲ့ သူတို့ ဘာမှ ဆုံးဖြတ်ခွင့်မရှိပေ။ သူတို့ကိုလည်း ကာချုပ်က အချိန် မရွေး အပြောင်းအလဲ လုပ်နိုင်၏။ ယနေ့ ဆန့်ကျင်သူသည် နောက်နေ့ ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံရမည်။ ကာချုပ်၏အမိန့်ဖြင့်သာ လွှတ်တော်ထဲတွင် ကန့်ကွက်ခွင့်၊ ထောက်ခံခွင့်များ ရှိလေသည်။ ဤအခြေအနေနဲ့ ပတ်သက်၍ ဆရာမောင်သာမညက ဆက်၍ရေးထားပါသည်။
“အလွန်အကျွံအခွင့်အရေးများ တည်ဆဲဥပဒေတွေဟာ ခေတ်နဲ့အညီ တရားမျှတမှု ရှိသေးရဲ့လားဆိုတာကို လွှတ်တော်က ပြန်လည်ဆန်းစစ်ပြီး ပြင်တန်ပြင်၊ ဖျက်တန်ဖျက်၊ အသစ်ရေးတန်ရေး ရပါတယ်။ ဒီအလုပ်တချို့ကို လွှတ် တော်ကိုယ်စားလှယ်များ လုပ်နေကြပါတယ်။ အချိုးကျတာလည်း ရှိသလို အချိုးမကျတာလည်း ရှိပါတယ်။
ဒါပေမယ့် တရားဥပဒေများရဲ့ ထွတ်ခေါင်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို အခြေခံပြီး ဥပဒေများကို ဆန်းစစ်ရလို့ပါ။ ဥပဒေတခုဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေရင် ဖျက်သိမ်းပြီး အသစ်ရေးဖို့ လွှတ်တော်က စီစဉ်ကြရပါတယ်။ တရားသူကြီးများလည်း ဥပဒေတခုခုနဲ့ စီရင် ဆုံးဖြတ်ရာမှာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုရှိ၊ မရှိ ကို ကြိုတင် ဆန်းစစ်ရပါတယ်။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တဲ့ ဥပဒေများကို အသုံးပြုခွင့် မရှိပါ။
ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမျှတမှုမရှိတဲ့ ဥပဒေပါ။ အထင်ရှားဆုံး ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မြန်မာပြည်သူ ၁၇ သန်းနဲ့ ညီမျှတဲ့ အခွင့်အရေးတွေ ရယူထားလို့ပါပဲ။ ပြည်သူ ၅၁ သန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ကို ရွေးပါတယ်။ ကာချုပ်က ကိုယ်စားလှယ် ၁၁၀ကို ရွေးပါတယ်။ ဒါက ပြည်သူ ၁၇သန်းနဲ့ ညီမျှတဲ့အခွင့်အရေးပါ။ အမျိုးသားလွှတ်တော်အတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခွင့်အရေးကို နိုင်ငံအကြီးအကဲဆိုတဲ့ သမ္မတပင် မရရှိပါ။
ဒါ့အပြင် ကာချုပ်က ဒုသမ္မတတယောက်ကို ရွေးပေးနိုင်တဲ့အခွင့်အရေး ပါသေးတယ်။ ဒါက လွှတ်တော်တရပ်စီနဲ့ ညီမျှတဲ့အခွင့်အရေးပါ။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ် ရေးရာဝန်ကြီးစတာတွေကိုလည်း ရွေးပေးနိုင်ပါတယ်။ ဘယ်သူမှမရနိုင်တဲ့အခွင့်အရေးကို ကာချုပ်က ‘အလိုအလျောက်’ ရယူထားနိုင်အောင်ခွင့်ပြု ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လောက် တရားမျှတမှု မရှိသလဲဆိုတာ အကျယ်ဖွင့်ပြနေစရာ မလိုပါဘူး။ ဘယ်နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီစနစ်မှာမှ ဒီအခွင့်အရေးမျိုး မရှိပါဘူး။”ဟု ရေးထားသဖြင့် မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီမှာ ဘုန်းကြီးနဲ့ ဘီးလို ဝေးကွာလွန်း ကြောင်း သိသာပါသည်။
ထိုအခြေအနေများကြောင့် သူတို့စိတ်ကျေနပ်လောက်အောင် အသေးစိတ်ပြင် ဆင် ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲတွင် ပြင်ဖို့မှ မည်သို့မှ မဖြစ်နိုင်ကြောင်း သိသာသည်။ အလွယ်တကူ မပြင်နိုင်အောင်လည်း ပုဒ်မ ၄၃၆ ကို ထည့်ထားခြင်း ဖြစ်၏။ ထို့ပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုသည်မှာလည်း သမ္မတအထက်တွင် ရှိပြီး ကာချုပ်က ချုပ်ကိုင် ထားလေသည်။
ကာလုံတွင် အဖွဲ့ဝင် ၁၁ ဦး ရှိ၏။ ထို ၁၁ ဦးတွင် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်သော ကာလုံအဖွဲ့ဝင်မှာ ၆ ဦး ရှိသည်။ (၁) ကာကွယ်ရေးဦးစီးချုပ်၊ (၂) ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ (၃) ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်သော ဒုသမ္မတ၊ (၄) ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်တဦး (၅) ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်တဦး၊(၆) နယ်စပ်ဒေသ၀န်ကြီး ဗိုလ်ချုပ်တဦး ဖြစ်လေသည်။ ကာလုံအဖွဲ့ကပင် ကာကွယ်ရေးဦးစီးချုပ် ရွေးချယ်ခန့်အပ်ခွင့်ရှိသည်။ စစ်ကြေညာခွင့် ရှိ၏။ ထို့ပြင် ပုဒ်မ ၄၁၀ ဖြင့် နိုင်ငံတော်၏ လုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်လာပါက သမ္မတခွင့်ပြုချက်၊ ကာလုံအဖွဲ့ ခွင်ပြုချက်တို့ဖြင့် ကာကွယ်ရေးဦးစီးချုပ်သည် ပထမ ၆ လ၊ ဒုတိယ ၆ လ ကြာသည်အထိ တပ်မတော်က အာ ဏာကို ထိန်းသိမ်းခွင့် ရှိသည်။ လွှတ်တော်ကို ဖျက်သိမ်းရမည်ဟု ထည့်သွင်းထားသောကြောင့် ယခု ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်အတွက် ရေးဆွဲထားသော ဖွဲ့စည်းပုံဖြစ်ကြောင်း လယ်ပြင်ဆင်သွားသလို ထင်ထင်ရှားရှား တွေ့နိုင်လေသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဂိတ်တံခါးဖြစ်သော ပုဒ်မ ၄၃၆ ကို မဖွင့်ပေးနိုင်ခြင်း ဖြစ်ပါသည်။
သမ္မတဦးသိန်းစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ယခုအချိန်တွင် ပြင်ဆင်ပေးစရာ အကြောင်း မရှိပေ။ ထို့ကြောင့် ယခု တပ်မတော်သည် ဒီမိုကရေစီတပ်မတော် မဟုတ်ပါ။ ဒီမိုကရေစီကာကွယ်သော တပ်မတော်လည်း မဖြစ်နိုင်ပါ။ ယခု ပုံစံမျိုးဖြင့် ဒီမိုကရေစီလမ်း ကြောင်းကိုလည်း မသွားနိုင်ပေ။ လူထု၏ ယုံကြည်ကိုးစားမှုကို ရဖို့ဆိုလျှင် သမ္မတရော၊ ကာကွယ်ရေးဦးစီးချုပ်ရော ယခင်သံယောဇဉ်များကို ဖြတ်ကာ တပ်မတော်သည် စစ်တန်းလျားသို့ ပြန်သွားရပေမည်။
သမ္မတသည် သူ၏ သမ္မတသက်တမ်းတွင် ရဲရင့်သော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော အင်ဒိုနီးရှားမှ ဆူဆီလိုဘန်ဘန်းယူဒိုယိုနိုလို သမ္မတအဖြစ် လူထု၏ မေတ္တာကိုခံယူဖို့ လိုအပ်ပါတော့သည်။