မတ်လအတွင်း လုယူသိမ်းပိုက်ခံထားရသော ထို ၂ ရက်
မောင်တူး
·
March 26, 2015
မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် စစ်အစိုးရ၊ စစ်တပိုင်းအစိုးရက သတ်မှတ်ထားတယ်။ တကယ်တော့ မတ် ၂ ရက်ဟာ စစ်တပ်အာဏာသိမ်းနေ့ ဖြစ်နေတယ်။ ဒီနေ့ကို လယ်သမားနေ့ မသတ်မှတ်သင့်၊ လယ်သမားတွေအတွက် နေ့ထူးနေ့မြတ်ဟာ တောင်သူလယ်သမားတွေနဲ့သာ ဆက်စပ် ပတ်သက်ရမယ်။ စစ်သားအာဏာသိမ်းရက်ကို မသတ်မှတ်သင့်ပါ။
မတ်လ ၂၇ ရက်ဟာ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ၁၉၄၅ ခုနှစ် မတ်၂၇ ရက်မှာ အင်အားစုပေါင်းစုံက စုပေါင်းပြီး ဂျပန်တွေကို တိုက်ခိုက် မောင်းထုတ်ခဲ့ပါတယ်။ အခုတော့ ဒီနေ့ရက်ကို တပ်မတော်နေ့ သတ်မှတ်ထားပါတယ်။ ဒါလည်း မဖြစ်သင့်ပါ။ အကြီးအကျယ် လွဲချော်နေပါတယ်။
ဒီတော့ မတ်လ တလတည်းမှာကို စစ်အစိုးရ၊ စစ်တပိုင်းအစိုးရက နေ့ရက် ၂ ခုကို သိမ်းပိုက် လုယူထားတာပါ။ မိဘပြည်သူတွေ လက်ဝယ်အရောက် ပြန်ပေးသင့်ပါတယ်။ ပြန်ပေးဖို့ အစီအစဉ် မရှိဘူး ဆိုရင်လည်း ပြည်သူလူထုတွေက ရအောင် ပြန်ယူသင်တာပေါ့။ မဟုတ်ဘူးလား။ အနည်းဆုံးတော့ လုယူခံထားရတာကို သိဖို့ လိုပါတယ်။ စဉ်းစားကြစေချင်ပါရဲ့။ လေ့လာကြစေချင်ပါတယ်။ ဘာတွေကို လေ့လာရမလဲဆိုတော့ သမိုင်းကိုပါ။ ‘မအ’ အောင် သမိုင်းသင်ရမယ်လို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပြောဘူးခဲ့သား မဟုတ်လား။ တော်လှန်ရေးနေ့သမိုင်း၊ လယ်သမားတော်လှန်ရေးသမိုင်း၊ တပ်မတော်နေ့သမိုင်း၊ လယ်သမားနေ့သမိုင်းတွေကို ပြန်ကြည့်ကြရမှာပါ။ ကဲ။ လယ်သမားနေ့ကို စတင် ရှာဖွေကြရအောင်။
မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက ဇန်န၀ါရီလ ၁ ရက်ကို လယ်သမားနေ့ အဖြစ် သတ်မှတ် ကျင်းပနေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် စစ်တပ် (တော်လှန်ရေးကောင်စီ) အာဏာသိမ်းလိုက်အပြီးမှာ မတ်လ ၂ ရက်ကို ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။ အဲဒီနောက် မြေရှင်စနစ်ဖျက်သိမ်းရေးဆိုပြီး ၁၉၆၂ ခုနှစ် အကုန်မှာ စစ်ကိုင်းမြို့နယ် အုန်းတောရွာ လယ်သမားနှီးနှောဖလှယ်ပွဲ၊ ၁၉၆၃ ခုနှစ်မှာ ဟင်္သာတ၊ ဒူးယားရွာမှာ ဒုတိယအကြိမ် လယ်သမား နှီးနှောဖလှယ်ပွဲ၊ ၁၉၆၄ ခုနှစ် နှစ်ကုန်မှာ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးရွာမှာ တတိယနှီးနှောဖလှယ်ပွဲနဲ့ ၁၉၆၄ ခုနှစ်မှာ တောင်ငူမြို့နယ် ခပေါင်းရွာ နှီးနှောပွဲတွေကို စစ်အာဏာသိမ်း ကောင်စီ (တော်လှန်ရေးကောင်စီ) အလိုကျ စစ်ကောင်စီအစီအမံတွေနဲ့ ကျင်းပခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ခပေါင်းပွဲမှာ မတ် ၂ ရက် (သွေးစွန်းသော စစ်အာဏာသိမ်းနေ့)ကို တောင်သူလယ်သမားနေ့ ဆိုပြီး ပြောင်းလိုက်တာပါ။
ဒီနေရာမှာ လယ်သမားသမိုင်းကို ပြန်ဆန်းစစ်စေချင်တယ်။ ဆရာစံ ဂဠုန် လယ်သမား သူပုန်ထမှုကြီးဟာ ၁၉၃၀ ခုနှစ်က ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လယ်ယာမြေ လက်ဝါးကြီးအုပ် ဖိနှိပ်မှုတွေအောက် မြန်မာလယ်သမားတွေဟာ (အခု လက်ရှိ တောင်သူ လယ်သမားတွေလိုမျိုး) ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်ဘ၀ရောက် ဆင်းရဲတွင်းနက်နေခဲ့တာမို့ ဓား၊ လှံ ကိုယ်စီ ကိုင်စွဲပြီး နေမ၀င်အင်ပါယာပိုင်ရှင် အင်္ဂလိပ်အစိုးရကို တိုက်ခိုက် တော်လှန်စစ် ဆင်နွှဲခဲ့ပါတယ်။
၁၉၃၀ ပြည့် ဒီဇင်ဘာလ ၂၃ ရက်မှာ သာယာဝတီနယ်ကနေ ဂဠုန် ဆရာစံ ဦးဆောင်တဲ့ လယ်သမားသူပုန် တော်လှန်ရေးကြီး စတင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဆရာစံကို ဖမ်းပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ သာယာဝတီထောင်မှာ ကြိုးပေးသတ်ခဲ့ပါတယ်။ သမိုင်းမှာ မြန်မာ လယ်သမားတွေရဲ့ အထင်ကရ မေ့မရတဲ့ အကြောင်းအရာတွေအကြားမှာ ဆရာစံ ခေါင်းဆောင်တဲ့ လယ်သမား သူပုန်ထမှုဟာ အထင်ရှားဆုံး ကျောက်တိုင်ကြီး ဖြစ်ပါတယ်။ လယ်သမားနေ့ သတ်မှတ်မယ်ဆိုရင် ဒီနေ့ရက်တွေထဲက တရက်ရက်ကို သတ်မှတ် ရပါလိမ့်မယ်။ လယ်သမားသူပုန် စတင်တဲ့ ဒီဇင်ဘာ ၂၃ ကို သတ်မှတ်မလား။ ဆရာစံကို စီရင် ခဲ့တဲ့ နိုဝင်ဘာ ၂၉ ကို သတ်မှတ်မလား။ ဒါမှမဟုတ် တခြား လယ်သမား အထိမ်းအမှတ်နေ့ရက် တခုခုကို သတ်မှတ်မလား။ လယ်သမားတွေက ဆုံးဖြတ် သတ်မှတ်သင့်တာပါ။
အလားတူ မတ်လ ၂၇ ရက်ကို မဆလ၊ န၀တ၊ နအဖ စစ်အစိုးရနဲ့ လက်ရှိ သမ္မတ အစိုးရတို့က တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တမ်းမှာ တပ်မတော်နေ့ မဟုတ်ပါ။ ပြည်သူ့ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း ခေါင်းစဉ်တွေ မတူပဲ ကျင်းပနေကြပုံတွေက သက်သေဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီိမိုကရက်ပါတီတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ စစ်တပ်နဲ့ စစ်တပိုင်းတွေ အာဏာယူ ဦးဆောင်မှုကို မလိုချင်သူတွေ အားလုံးက ပြည်သူ့တော်လှန်ရေးနေ့ အဖြစ် ကျင်းပကြပါတယ်။ န၀တ၊ နအဖ စစ်အစိုးရ၊ မဆလ စစ်တပိုင်း အစိုးရနဲ့ လက်ရှိ သမ္မတအစိုးရတွေကတော့ တပ်မတော်နေ့ အဖြစ် ကျင်းပနေကြပါတယ်။
သမိုင်းအရတော့ လယ်ပြင် ဆင်သွား ထင်ရှားနေခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် မတ်၂၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော် စတဲ့ အင်အားစု ၃ ခု ပေါင်းပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ဆင်နွှဲခဲ့ပါတယ်။ ပြည်သူ၊ ကျောင်းသား၊ လယ်သမား ရဟန်းတော်တွေပါမကျန် ခုနက အင်အားစု ၃ ခုနဲ့ ပူးပေါင်း စုပေါင်းပြီး ဂျပန်တွေကို တိုက်ခိုက် မောင်းထုတ်ခဲ့ကြပါတယ်။ အခုတော့ ဒီနေ့ ရက်ကို တပ်မတော်နေ့ သတ်မှတ်ထားပါတယ်။ ဒါလည်း မဖြစ်သင့်ပါ။ အကြီးအကျယ် လွဲချော်နေပါတယ်။ တကယ်တော့ မတ် ၂၇ ရက်နေ့ကို တပ်မတော် တခုတည်းက မပိုင်သင့်ပါ။
ဗမာ့ တပ်မတော်ရဲ့ ရာဇ၀င်ကို ပြန်လှန်ကြည့်ပါ့မယ်။ မြန်မာဘုရင့်တပ်မတော်ဟာ ၁၈၈၅ မှာ အင်္ဂလိပ်က သိမ်းလိုက်အပြီး ပျက်သုဉ်း ပျောက်ကွယ်သွားပါတော့တယ်။ နောက်ထပ် ၅၆ နှစ်ကြာ အင်္ဂလိပ်ကို ပြန်တိုက်ဖို့ ရဲဘော် ၃ ကျိပ်ဟာ ဂျပန်မှာ စစ်ပညာ သွားသင်ပြီးအပြန် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဘန်ကောက်မြို့မှာ ဗမာ့တပ်မတော်ကို လက်မောင်းသွေးဖောက် သောက်ကြပြီး စတင် တည်ထောင်လိုက်ပါတယ်။
န၀တ စစ်အစိုးရ၊ ပြန်ကြားရေးဌာန ၁၉၉၁ ခုနှစ်ထုတ် မြဒေါင်းညိုရေး ရဲဘော်သုံးကျိပ် စာအုပ် စာမျက်နှာ ၁၁ မှာဆိုရင် ( ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော် စတင်ထူထောင်ရာတွင် ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်း၊ နိပွန်အမည် (အိုမိုတ)သည် ရဲဘော်များနှင့်အတူ မြန်မာ့လွတ်လပ်ရေးကို ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင် တိုက်ခိုက် ရမည်ဟု ဓိဋ္ဌာန်ပြီး သွေးသောက်ခဲ့ ကြလေသည်။) လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ ဗမာ့တပ်မတော် တည်းဟူသော သတို့သားကို မီးရှုးသန့်စင် ဖွားမြင်ခဲ့တဲ့ နေ့ရက်ပါ။ အခုဆိုရင် တပ်မတော်ဟာ ၇၃ နှစ်သားကျော်လာပါပြီ။ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေကျရင် တပ်မတော်စဖွဲ့တာ ၇၄ နှစ် မြောက်ပါတော့မယ်။ လက်ရှိမှာ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့ဆိုပြီး ကျင်းပနေကြပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးကတော့ (မွေးဖွားတဲ့နေ့ဟာ သူမွေးနေ့ပဲ ဖြစ်ရမှာပေါ့။ တပ်မတော်ဟာ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သိတဲ့အတိုင်းပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေး ရယူခဲ့တဲ့ ရဲဘော်သုံးကျိပ် ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံ လွတ်လပ်ရမယ်ဆိုတဲ့ တိုက်ပွဲကို သံဓိဋ္ဌာန် ချတဲ့နေ့။ အဲ့ဒီနေ့မှာ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါက်ဖွားတာပေါ့ကွာ။ အဲ့ဒီ ပေါက်ဖွားတဲ့နေ့ဟာတော့ တပ်မတော်နေ့၊ တပ်မတော်မွေးနေ့ ဖြစ်ထိုက်တာပေါ့။)လို့ ဒီဗွီဘီရုပ်မြင်သံကြားကို ပြောခဲ့ပါတယ်။
တော်လှန်ရေးနေ့သမိုင်းကိုလည်း ပြန်စစ်ဆေးကြပါစို့။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက (အနီးကပ်ဆုံးရန်သူကို ရှာပြီး တိုက်ကြ) လို့ စစ်ထွက်မိန့်ခွန်းပြောပြီး စစ်ထွက်လိုက်ပါတယ်။ မတ်လ ၂၇ ကျတော့ ဂျပန်တော်လှန်ရေး စခဲ့ပါတယ်။ ဒါကြောင့် မတ် ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ပြီး ကျင်းပနေခဲ့ပါတယ်။ စစ်အစိုးရ၊ စစ်တပိုင်းအစိုးရတွေကတော့ တော်လှန်ရေးနေ့ကို ပယ်ဖျက်ထားပါတယ်။ ဖုံးကွယ်ထားပါတယ်။ မတ် ၂၇ ဟာ တပ်မတော်နေ့ ဆိုပြီး ကျင်းပနေပါတယ်။ ဒါပေမယ့် တပ်မတော်တခုတည်းက ဂျပန်ကို တိုက်ထုတ်ခဲ့တာ မဟုတ်။ ဆိုခဲ့တဲ့အတိုင်း သခင်စိုး ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီ၊ သခင်မြ ဦးဆောင် ပြည်သူအရေးတော်ပုံပါတီနဲ့ တပ်မတော် ၃ ဖွဲ့ ပေါင်းပြီး လုပ်ခဲ့ကြပါတယ်။ တိုင်းရင်းသား ပေါင်းစုံ တော်လှန်ရေး တပ်တွေကလည်း သူ့ဒေသနဲ့ သူ ဆင်နွှဲခဲ့တာပါ။ ဒါပေမယ့် ဘာကြောင့် တပ်မတော်နေ့ ဆိုပြီး ပြောင်းသလဲ။ ကွန်မြူနစ်တို့ ဦးဆောင်မှုကို ဖျောက်ချင်လို့ ထင်ပါတယ်။ မြန်မာ့သမိုင်းမှာ တိုင်းရင်းသားအင်အားစုတွေ၊ ဆိုရှယ်လစ်အုပ်စု၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကွန်မြူနစ်တွေ ရှိခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ ဦးဆောင်ခဲ့ကြတဲ့ ကွန်မြူနစ်တွေရဲ့ ပါဝင်နေမှုကို အာဏာရ ဆိုရှယ်လစ် တချို့နဲ့ တပ်မတော်ဖက်က မလိုလားတာကြောင့် တော်လှန်ရေးနေ့ကို တပ်မတော်နေ့ ပြောင်းလိုက်တာလို့ ယူဆရပါတယ်။
ဖက်ဆစ်ဂျပန် တော်လှန်ရေး
အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်နဲ့ ပေါင်းခဲ့ပေမယ့် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်မှာ ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့ပေမယ့် မြန်မာ့သမီးပျိုတွေကို မုဒိမ်းကျင့်တဲ့အထိ၊ ပြည်သူတွေကို ဖမ်း လက်သည်းခွံခွာ၊ နှိပ်စက်၊ ဂျပန်ဓားရှည်ကြီးတွေနဲ့ လူမြင်ကွင်းမှာ ခုတ်ပြီး သတ်ဖြတ်တဲ့အထိ ရက်စက်လာတဲ့အတွက် ဂျပန်တော်လှန်ရေးလုပ်ဖို့ ပြင်ဆင်ခဲ့ကြရတာပါ။
ပထမဆုံး ဂျပန်ဆန့်ကျင်သူဟာ ကွန်မြူနစ်ပါတီက သခင်စိုးပါ။ သခင်စိုးက အင်းစိန်ထောင်ထဲကနေ အင်းစိန်စစ်တမ်း ထုတ်ပြန်ပြီး ဂျပန် မ၀င်လာခင်ကတည်းက ဂျပန်ကို ဆန့်ကျင်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဦးသိန်းဖေမြင့်နဲ့ သခင်သန်းထွန်း စသူတွေကလည်း ဂျပန်တော်လှန်ရေးကို အစောဆုံး ပြင်ဆင်ခဲ့ကြတာပါ။ တချိန်တည်းပဲ ဗုံပေါက်သာကျော်၊ ကိုညိုထွန်း၊ ဦးစိန္တာတို့ ခေါင်းဆောင်တဲ့ ရခိုင်ပြောက်ကျား ဂျပန်တော်လှန်ရေးတပ်တွေ၊ မန်းဝင်းမောင်ရဲ့ ကရင်ပြောက်ကျား ဂျပန်တော်လှန် တပ်တွေကလည်း ပါဝင်အားဖြည့်ခဲ့ပါတယ်။
၁၉၄၄ ခုနှစ်၊ သြဂုတ်လမှာ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ရန်ကုန်မှာ လျှို့ဝှက် ဖွဲ့လိုက်ပါပြီ။ ဖတပလ ကို ပြည်သူ့အရေးတော်ပုံပါတီက (ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်ချစ်)၊ ကွန်မြူနစ်ပါတီက (သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း)တို့နဲ့ တပ်မတော်က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေ၀င်း စသူတွေ ၉ ဦးက ဦးဆောင်ခဲ့တာပါ။ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်း။ ဖတပလကနေ ဂျပန်ကို တော်လှန်ဖို့ လျှို့ဝှက် သတ်မှတ်ထားတာက ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်ပါ။ ဒါပေမယ့် ဗုံပေါက်သာကျော်၊ ကိုညိုထွန်း၊ ဦးစိန္တာတို့ခေါင်းဆောင်တဲ့ ရခိုင်ပြောက်ကျားတွေက မတ်လဆန်းမှာပဲ ဂျပန်ကို စတိုက်လိုက်ပါတယ်။ သခင်သန်းထွန်းရဲ့ ကွန်မြူနစ် ရဲခေါင်ပြောက်ကျားတွေ၊ မန်းဝင်းမောင် ကရင်ပြောက်ကျားတွေကလည်း မရှေးမနှောင်းမှာ နီးစပ်ရာ ဂျပန်တွေကို စတင် တိုက်ခိုက်လာပါတယ်။ ဒီအခါ အထက်ဗမာပြည် အခြေစိုက် ဗိုလ်မှူးကြီး ဗထူးကလဲ မတ်လ ၈ ရက်မှာ စတင် တော်လှန်လိုက်ပါတယ်။ ဒါကြောင့် ဖတပလ ကလည်း ဧပြီ ၈ ရက်အထိ မစောင့်နိုင်တော့ပဲ အချိန်စောပြီး မတ်လ ၂၇ ရက်မှာ တော်လှန်ရေး စလိုက်ရတာပါ။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက (ပထမပိုင်း ၁၉၄၅ ကနေ ၅၅ ခုနှစ်လောက် အထိ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအဖြစ်ပဲ ကျင်းပပါတယ်။ ဒီတော်လှန်ရေးနေ့ အခမ်းအနားတွေမှာ တပ်မတော်ကလည်း ပူးတွဲ ပါခဲ့တယ်။ ၁၉၅၅ ခုနှစ် နောက်ပိုင်းလောက်မှာ တော်လှန်ရေးနေ့ ခေါင်းစဉ် မတပ်တော့ပဲ တပ်မတော်နေ့လို့ပဲ ကျင်းပတော့တယ်။ နောက်ပိုင်းတော့ ပြည်သူတွေကလည်း တော်လှန်ရေးနေ့ ဆိုပြီး ကျင်းပကြတယ်။ တပ်မတော်ကလည်း တပ်မတော်နေ့ဆိုပြီး ကျင်းပတယ်။ ၂ မျိုး ဖြစ်နေတယ်။) လို့ ဒီဗွီဘီရုပ်သံကို ပြောခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦးကလည်း (အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၈ ခုနှစ်လောက်က တော်လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ် ပြောင်းလဲခဲ့တယ်။) လို့ ဒီဗွီဘီ ရုပ်မြင်သံကြားဌာနကို ပြောခဲ့ပါတယ်။
အဆုံးသတ်ရရင်တော့ ကလေးတယောက်ကို စတင်မွေးဖွားသော နေ့ရက်ဟာ သူ့ မွေးနေ့ပါ။ တပ်မတော်ကို မွေးဖွားခဲ့တာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆။ အခုဆို တပ်မတော်သက်တမ်းဟာ ၇၄ နှစ် ဖြစ်ရပါမယ်။ တော်လှန်ရေးနေ့ဟာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ပါ။ အခု ၂၀၁၅ ခုနှစ် မတ် ၂၇ မှာ တော်လှန်ရေးနေ့ နှစ်ပေါင်း ၇၀ ပြည့် ဖြစ်ပါတယ် ခင်ဗျား။ ။
မှတ်ချက်-ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်ပေါ်လာတော့ ၂၀၁၄ခုနှစ် ၆လပိုင်းကျင်းပခဲ့တဲ့ လွှတ်တော်တရပ်အတွင်း ပုသိမ်အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်က မတ်လ (၂၇) ရက် တပ်မတော်နေ့ကို တော်လှန်ရေးနေ့ ပြန်လည်သတ်မှတ်ဖို့နဲ့ တောင်သူလယ်သမားနေ့ကို မတ်လ (၂) ရက်နေ့ကနေ ပြောင်းရွှေ့ကျင်းပဖို့အဆိုတင်ခဲ့ပြီး အစိုးရက အနှစ် ၅ဝ ကျော် ကျင်းပလာပြီး အနှစ်သာရနဲ့ ပြည့်ဝတဲ့အတွက် နေ့ရက်ပြောင်းလဲ သတ်မှတ်ဖို့မလိုကြောင်း တုံ့ပြန်ဖြေကြားခဲ့ပါတယ်။