မြန်မာ့အကြီးဆုံး ကြေးခေါင်းလောင်းကြီး မန္တလေးတွင် သွန်းလောင်းနေ (ရုပ်သံ)
DVB
·
March 23, 2015
မြန်မာနိုင်ငံမှာ အကြီးဆုံးခေါင်းလောင်းဖြစ်လာမယ့် ကြေးခေါင်းလောင်းကြီးတလုံးကို မန္တလေးမြို့ တမ္ပဝတီကြေးသွန်းရပ်က တောင်ဆင်တဲကျောင်းတိုက်မှာ စတင် သွန်းလောင်းနေပါတယ်။
ထားဝယ်မြို့မှာတည်ရှိတဲ့ ရွှေတောင်စားစေတီမှာချိတ်ဆွဲမယ့် ခေါင်းလောင်းကြီးဟာ ကြေးပိသာချိန်ပေါင်း ၁၁၁၁၁ ပိသာနဲ့ သွန်းလုပ်မှာဖြစ်လို့ မြန်မာနိုင်ငံမှာ အကြီးဆုံးခေါင်းလောင်း ဖြစ်လာမှာပါ။
ရွှေတောင်စားစေတီအနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် လှူဒါန်းဖို့ မန္တလေးမြို့က ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ခေါင်းဆောင်ပြီး သွန်းလောင်းနေတာဖြစ်ပါတယ်။
ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ခေါင်းလောင်းကြီးရဲ့ ပုစွန်တုပ်ကွေးကနေ ခေါင်းလောင်းအ၀ထိ အမြင့် ၁၇ ပေ၊ ခေါင်းလောင်းနှုတ်ခမ်းဝ အထူ ၁၁ လက်မနဲ့ ခေါင်းလောင်းဝ အကျယ် ၇ ပေ ၁ လက်မရှိပါတယ်လို့ ပြောပါတယ်။
ခေါင်းလောင်းကြီးမှာ ကဗျည်းတင်မယ့် ဘုရားရှိခိုး၊ ဘုရားနုကပတ်တော်တွေနဲ့အတူ ခေါင်းလောင်းကြီးရဲ့ မှတ်တမ်းမှတ်ရာတွေကို ရေးထိုးမှာဖြစ်ပြီး အားလုံးပြီးတဲ့အခါ အခမ်းအနားနဲ့ ထားဝယ်မြို့ကိုသယ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။