ကျောင်းသားများ လွတ်မြောက်ရေး နံရံပေါ် စာတန်းရေးသူ ၂ ဦး ဖမ်းဆီးခံခဲ့ရ
DVB
·
March 21, 2015
မန္တလေးမြို့မှာ ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ရေး နံရံပေါ် စာတန်းရေးသူ ကျောင်းသား ၂ ဦး ဖမ်းဆီးခံရပါတယ်။
မတ်လ ၂၀ ရက်ည ၈နာရီအချိန်က မန္တလေးမြို့ ကျုံးဘေး ၆၆ လမ်း အလုပ်သမား ဆေးရုံ အနီးက အုတ်နံရံပေါ်မှာ ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ဖို့ စာရေးသားခဲ့တာကြောင့် ရေးသားခဲ့တဲ့ ကျောင်းသား ၂ ဦးကို ည ၈ နာရီ ၂၅ မိနစ်မှာ ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးသွားပြီး အမှတ် ၁ ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။
မတ် ၁၉ ရက်နေ့ ညပိုင်းကလည်း မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာ ရုံးပတ်လည် မှာ ဖမ်းဆီးခံကျောင်းသားတွေ ချက်ချင်းလွှတ်၊ အာဏာရှင်တွေ အလိုမရှိ စတဲ့ စာတန်းတွေ ရေးသွားတာလည်း ရှိပါတယ်။
အခုဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ အဲ့ဒီစာတန်းတွေ ဆပ်ဆက်မှု ရှိမရှိတော့မသိရပါဘူး။ ည ၁ နာရီ ခွဲလောက်မှာတော့ ရဲစခန်းကနေ သူတို့ ၂ ဦးလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲမှု အတွင်း ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ထောင်ဝင်စာတွေ့ခွင့်ပါ ပိတ်ပင်ထားခဲ့ပါတယ်။
မတ် ၂၀ ရက်နေ့ကတော့ ပဲခူးတိုင်း၊ သာယာဝတီထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့ အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကို မိဘတွေ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ကြပါတယ်။ သူတို့ကို လာမယ့် မတ်လ ၂၅ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။
[gallery ids="86486,86487,86488,86489,86490,86491,86492"]