မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖမ်းဆီးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်
DVB
·
March 6, 2015
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စွမ်းအားရှင်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွင်း ရိုက်နှက် ဖမ်းဆီးထိန်းသိမ်းခံရသူ ၈ ဦး ဒီကနေ့မနက်က ပြန်လည်လွတ်မြောက်လာပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်နီလာသိန်း၊ ဒေါ်နုနုအောင်နဲ့ ဦးမျိုးသန့်တို့ ၃ ဦးနဲ့ ကျောင်းသား ၅ ဦး ပါဝင်ပါတယ်။
ပြန်လွတ်လာတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက “ဖမ်းဆီးခံရတော့ ကျနော်တို့ကို ဒိုင်နာကားနဲ့ခေါ်သွားတယ်။ ဘယ်ခေါ်လို့ခေါ်သွားမှန်းလည်းမသိဘူး။ နောက်ဆုံးတော့ ရန်ကင်းက ဆည်မြောင်ဝန်ကြီးဌာန ရုံးဟောင်းကို ရောက်သွားတယ်။ အဲဒီမှာ ကိုယ်ရေးမှတ်တမ်းတွေယူတယ်။ ည ၁၀ နာရီလောက်ထိ စစ်ကြောရေးလုပ်တယ်။ ရိုက်တာနှက်တာတော့မရှိဘူး။ မေးတာပဲရှိတယ်။ မနက် ၆ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးတယ်။ ပုဒ်မ ၁၈ နဲ့ တော့ စွဲထားတယ်ပြောတယ်။ ခံဝန်နဲ့တော့ မဟုတ်ဘူး။ ဒီအတိုင်းပြန်လွှတ်လိုက်တယ်၊ ဒါပေမယ့် တရားရုံးတွေဘာတွေ သွားရမယ်၊ လိုအပ်ရင် ပြန်ခေါ်မယ် လိုအပ်ရင်သွားရမယ်ပြောတယ်။’
[caption id="attachment_84423" align="aligncenter" width="597"] လက်ပတ်နီဝတ်ထားသူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ကျောင်းသူ (ယာ) - ဓာတ်ပုံ အောင်အောင်ကျော်[/caption]
ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းကကျောင်းသားတွေ လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံထားရမှုကို ကန့်ကွက်တဲ့ အနေနဲ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေစဉ် မနေ့ညနေက ရဲတပ်ဖွဲ့က လက်ပတ်အနီရောင်တပ်ထားတဲ့ အရပ်ဝတ်လူတစ်စုကို အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးဟာ ဒီနေ့ မနက် ၁၁ နာရီ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။