
အမေရိကန်ရေတပ်သင်္ဘောတွေ ဗင်နီဇွဲလားနိုင်ငံဆီ ဦးတည်ရွေ့လျားနေတာကို အောက်တိုဘာ ၃၀ ရက်မှာ ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေထဲမှာ မြင်တွေ့ရပါတယ်။
သင်္ဘောတစင်းကို လာအိုချီလာကျွန်းကနေ ကီလိုမီတာ ၁၉၀ လောက်အကွာမှာ တွေ့ရှိခဲ့တာပါ။ အမေရိကန်ရေတပ်သင်္ဘောဟာ ဗင်နီဇွဲလားပြည်မကြီးရဲ့ မြောက်ဘက် မိုင် ၂၀၀ လောက်အကွာက ကာရစ်ဘီယံ ပင်လယ်အရှေ့ပိုင်းမှာ လှုပ်ရှားနေပါတယ်။
ကာရစ်ဘီယံနဲ့ ပစိဖိတ်ဒေသက မူးယစ်ဆေးဝါး ရောင်းဝယ်မှုလို့ ယူဆရတဲ့ စက်လှေတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ အစောပိုင်းကစပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တာပါ။
ဒါကြောင့် အမေရိကန်နဲ့ ဗင်နီဇွဲလား အစိုးရတွေကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဗင်နီဇွဲလား နိုင်ငံထဲထိ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထင်မြင်ချက်ကို အောက်တိုဘာ ၃၁ရက်မှာ ငြင်းဆိုခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့အပတ်က သူကိုယ်တိုင် ပြောခဲ့တဲ့ မှတ်ချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပုံရတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
အမေရိကန် အစိုးရဟာ မူးယစ်ကုန်ကူးမှုနဲ့ ဆက်စပ်တဲ့ စစ်ဆင်ရေးတွေကို မကြာမီ တိုးချဲ့နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း တိုးလာနေပါတယ်။
Source: Reuters




