
ရန်ကုန်အတွက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်မယ့် အမတ်လောင်းတွေထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကိုပဲ စိတ်ဝင်စားတယ်လို့ ရန်ကုန်နေ ရခိုင်တိုင်းရင်းသားတွေက ပြောပါတယ်။
စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ကြေညာချက်အရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အမတ်လောင်း ၇ ယောက် ဝင်ပြိုင်ကြမယ်လို့ သိရပါတယ်။
အဲဒီ အမတ်လောင်း ၇ ယောက်ကတော့ ကြံ့ခိုင်ရေးပါတီက ဦးနေမင်းထွန်း၊ ပြည်သူ့ပါတီ (PP) က ဦးသာစိန်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဒေါ်အေးမာလွင် (ခ) ဒေါ်ခင်အေးမြင့်၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်ပါတီက ဦးတင်မောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက ဒေါ်ခင်နှင်းဆီအောင် တို့ဖြစ်ပြီး တသီး ပုဂ္ဂလကတော့ ဦးညီညီနဲ့ ရခိုင်အမျိုးသားကွန်ရက် (ANN) ဥက္ကဋ္ဌ ဦးတင်ထူးအောင် တို့ ဖြစ်ပါတယ်။
ရန်ကုန်နေ ရခိုင်တိုင်းရင်းသားတယောက်က “ကိုတင်ထူးအောင်ကတော့ လူသိပြီးသားလည်း ဖြစ်တယ်။ အရင် ၂၀၂၀ က လည်း သူက ဝင်ပြိုင်တယ်။ ဒါပေမဲ့ အနိုင်တော့ မရခဲ့ဘူးပေါ့။ အခု ရွေးကောက်ပွဲမှာ ရန်ကုန်က ရခိုင်တွေက မဖြစ်မနေ မဲပေးရမယ်ဆိုရင်လည်း ကို တင်ထူးအောင်ကိုတော့ မဲပေးကြမယ်လို့ ပြောနေကြတယ်။ သူက လူငယ်လည်း ဖြစ်တယ်။ လူမှုရေးတွေကိုလည်း တစိုက်မတ်မတ် လုပ်နေတာ တွေ့ရတယ်။ ခါတော်မီတော့ မဟုတ်၊ ဒါကြောင့် ကျနော်ကတော့ သူ့ကိုပဲ မဲပေးဖို့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ပြိုင်မယ့် ဦးနေမင်းထွန်းက ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ဇာတိဖြစ်ပြီး ဦးသာစိန်နဲ့ ဒေါ်အေးမာလွင် (ခ) ဒေါ်ခင်အေးမြင့် က စစ်တွေဇာတိ၊ ဦးတင်မောင် က မန်အောင် ဇာတိ၊ ဒေါ်ခင်နှင်းဆီအောင်က သံတွဲဇာတိဖြစ်ကြပြီး တသီးပုဂ္ဂလ ဦးညီညီနဲ့ ဦးတင်ထူးအောင်တို့က ရမ်းဗြဲမြို့ နယ်ဇာတိဖြစ်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ပြိုင်မယ့် အမတ်လောင်း ၇ ယောက်ထဲမှာ ဦးတင်ထူးအောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ပြိုင်ဖူးသူဖြစ်ပြီး တတိယမဲအများဆုံးရခဲ့သူ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




