
ရေမီတာ တပ်ဆင်ထားခြင်းမရှိတဲ့ နေအိမ်တိုက်ခန်းတွေကို ရေမီတာတပ်ဆင်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုက်လံနှိုးဆော်တာတွေ ပြုလုပ်နေပြီး ဒီလိုတပ်ဆင်ဖို့အတွက် ကျသင့်ငွေကို သက်ဆိုင်ရာဌာနကို ကြိုတင်ပေးသွင်းရမယ်လို့ ဆိုပါတယ်။
စည်ပင်က ကြိုတင်ငွေ ကောက်ခံရာမှာ ရေမီတာတခုကို ကျပ် ၇၅,၀၀၀ အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပမှာရောင်းချတဲ့ ရေမီတာပေါက်ဈေးဟာ တခုကို ကျပ် ၂၈,၀၀၀ ခန့်သာ ရှိတာကြောင့် ပြင်ပရောင်းဈေးထက် ၃ ဆလောက် များပြားနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ရေမီတာ တပ်ဆင်သုံးစွဲနေသူတယောက်က “ရေမီတာတပ်ထားပေမဲ့ တခါမှတော့ ရေမီတာဖတ်တာ မရှိဘူး။ မှန်းခြေနဲ့ ကောက်သွားတာပါပဲ။ မြေညီတွေဆို တလ ၁၀,၀၀၀ ကျော်လောက် ကောက်တယ်” လို့ ပြောပါတယ်။
မြို့တော်စည်ပင်က လက်ရှိမှာ ရေမီတာတပ်ဆင်ထားခြင်းမရှိတဲ့ နေအိမ်တိုက်ခန်းတွေကို ၃ လ တကြိမ် သတ်မှတ်နှုန်းထားအတိုင်း ရေခွန်ကောက်ခံနေပြီး ရေမီတာတပ်ဆင်ပြီးပါက မိမိသုံးစွဲမှုပေါ် မူတည်ပြီး ကျသင့်တဲ့အတိုင်း ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရေမီတာတပ်ဆင်ဖို့ အကြောင်းကြားခံရသူတယောက်က “ရေမီတာအတွက် ငွေကို သုံးလကြိုသွင်းထားရမယ်။ ၃ လနေမှ လာတပ်ပေးမယ် ဆိုတာက အဆင်မပြေပါဘူး။ စီးပွားရေး ကျပ်တည်းနေချိန် စက်ဖိုး တပ်ဆင်ခ အပြီးအစီး ၁၀၀,၀၀၀ က များလွန်းပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရေမီတာတပ်ဆင်ထားခြင်းမရှိတဲ့ နေအိမ်နဲ့ တိုက်ခန်းတွေကို စည်ပင်က ၃ လတကြိမ် ရေခွန်အဖြစ် ၂၂,၅၀၀ ကျပ် ကောက်ခံနေတာလည်း ဖြစ်ပါတယ်။