
လာမယ့်ရွေးကောက်ပွဲမှာ ဒို့တာဝန်အရေး ၃ ပါးကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံကောင်းအောင် ကြိုပမ်းမယ့်သူတွေကို ရွေးချယ်မဲပေးဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖတွေနဲ့ စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံတုန်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
“ဆန္ဒမဲပေးတဲ့အခါမှာ မိမိတို့ရွေးချယ်မယ့် ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ နိုင်ငံ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်သူ၊ နိုင်ငံကောင်းအောင် ဆောင်ရွက်နိုင်မယ့်သူတွေ ဖြစ်ဖို့လိုတယ်” လို့ ပြောပါတယ်။
လွှတ်တော်အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ဖို့ ရွေးကောက်ပွဲလုပ်တာဖြစ်ပြီး လွှတ်တော်ကနေ သမ္မတ၊ ဒုသမ္မတတို့နဲ့ အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်ဖို့ဖြစ်လို့ ရွေးကောက်ပွဲအထမြောက်ဖို့နဲ့ ဥပဒေနဲ့ညီညွတ်ဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်ဟာ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်မယ့် စစ်တပ်က ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးဖို့ ရည်ညွှန်းပြောဆိုတာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“တပ်ကနေ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ပြိုင်မယ့် ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ ဗိုလ်ချုပ်၊ ဗိုလ်မှုးချုပ်တွေကို ရွေးချယ်မဲပေးဖို့ပြောတာ။ ပြည်ခိုင်ဖြိုးကနိုင်ပြီး အစိုးရဖွဲ့နိုင်ရင်တောင် တပ်ကသူ့လူတွေကို အစိုးရအဖွဲ့ထဲထည့်ပြီး ပြည်ခိုင်ဖြိုးပါတီကိုပါတီကို ထိန်းချုပ်ချင်တဲ့သဘောရှိတယ်”
ရွေးကောက်ပွဲကို သိက္ခာရှိပြီးအောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာပြီး ဝင်ပြိုင်မယ့် ၅၇ ပါတီမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်မယ့်ပါတီက ၆ ပါတီ ရှိပါတယ်။