
မွန်ပြည်နယ်၊ ရေးမြို့နယ်က ပါတီရုံးခန်းဖွင့်ပွဲသွားရင်း အမည်မသိလက်နက်ကိုင်ဆောင်သူတွေရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်မြသီတာနဲ့ ပါတီဝင် ၃ ယောက် စက်တင်ဘာ ၁၂ ရက် မနက်က ပြန်လွတ်လာတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။
မနေ့မနက် ၅ နာရီက မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်မြသီတာနဲ့ ပါတီဝင် ၃ ယောက် ပြန်လွတ်လာပြီလို့ ပါတီဘက်က အတည်ပြုခဲ့ပြီး ဖမ်းဆီးခံရလိုက်ရတဲ့ဖြစ်စဥ်ကြောင့် စည်းရုံးမဲဆွယ်ရေးအတွက် စိုးရိမ်နေတယ်လို့ ကျိုက်ထိုမြို့ခံ ပါတီဝင်တယောက်က ပြောပါတယ်။
"ပါတီဘက်က နေပြည်တော်အထိ အကြောင်းကြားလိုက်တာ တိုင်းမှူးအထိ ရှာပေးတယ်ဆိုပြီး ပြောတယ်။ အခုအဖမ်းခံရတာ ပြည်နယ်ဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်းလေ၊ သူမရှိရင် ဘယ်သူ ပြိုင်မလဲ သာမန်ပါတီဝင်ဆို ဒီလိုလိုက်ရှာပေးမလား။”
ဒေါ်မြသီတာနဲ့ ပါတီဝင် ၃ ယောက်ဟာ စက်တင်ဘာ ၁၀ ရက်က ကျိုက်ထိုမြို့ကနေ ရေးမြို့နယ်ပါတီရုံးခန်းဖွင့်ပွဲနဲ့ စည်းရုံးရေးသွားရောက်စဥ် သံဖြူဇရပ်-ရေးလမ်းပိုင်းမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံရပြီး ၂ ရက် အကြာမှာ ပြန်လွတ်လာတာပါ။
ဒီသတင်း သတင်းပျံ့နှံ့ပြီးနောက် ကျိုက်ထိုနဲ့ ကျိုက်မရောရှိ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ ကျိုက်ထိုမြို့ခံတယောက်က ပြောပါတယ်။
"ပီသုံးလုံးပါတီက လူတွေအဖမ်းခံရပြီးတော့ ပါတီတွေစည်းရုံးရေးဆင်းရမှာကို စဉ်းစားသွားတယ် ။ မနက်ဖြန် ကြံ့ခိုင်ရေးဖြစ်မလား၊ သဘက်ခါ တစည ဖြစ်မလားဆိုပြီး ပြောနေတာတွေလည်းရှိတယ်။ အဓိကစိုးရိမ်နေတာ မဲဆွယ်စည်းရုံးရေးမှာ စစ်တပ်က လုံခြုံရေးမပေးမှာကိုပဲ။”
အာဏာသိမ်းစစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ် ၁၀၂ မြို့နယ်ပါဝင်ပြီး မွန်ပြည်နယ်က ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ သထုံမြို့နယ် ၅ မြို့နယ် ပါဝင်ပါတယ်။
ရွေးကောက်ပွဲပထမပိုင်းမှာ တနိုင်ငံလုံအတိုင်းအတာအနေနဲ့ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီ ၆ ပါ တီရှိပြီး အဲ့ဒီအထဲမှာ ဒေါ်သက်သက်ခိုင်ခေါင်းဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) လည်း ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။